သတင်း

အရာတော်တွင် နှိပ်စက်၊ ဆက်ကြေးယူနေသည့် တပ်နှင့် ပျူစောထီးကို  PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၅ ညပိုင်းက  လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြင်းမူမြို့နယ်    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောသည်။

ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက  ၆၀ မမ၊ ၁၂၀ မမ စသည့် တာဝေးပစ် လက်နက်များဖြင့် ၁၂ ချက် သွားရောက်ပစ်ခတ်သည်၊ စခန်းအတွင်း ၃ လုံး ကျရောက်ပေါက်ကွဲသဖြင့်  ထိခိုက်မှုများရှိသည်ဟု မြင်းမူ PDFက ယမန်နေ့(ဒီဇင်ဘာ ၁၆) တွင် ထုတ်ပြန်သည်။ တိုက်ခိုက်မှုက ပစ်မှတ်ကို ထိသည်ဟု မြင်းမူPDFမှ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ခင်သောင်းက  ပြောသည်။ 

“ရွာထဲကရှိတဲ့လူတချို့ ပြောတာတော့ သေဆုံးသူလည်း ရှိတယ်၊ ထိခိုက်တွေလည်းရှိတယ်။ အရာတော်ဘက်က ဆေးရုံကို ကားနဲ့သယ်သွားတာလည်း တွေ့တယ်လို့ ပြောတယ်”ဟု မြင်းမူPDFမှ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ခင်သောင်းက ပြောသည်။ 

စစ်ကောင်စီတပ်သည် အရာတော်မြို့နယ် အရှေ့ဘက် ၇ မိုင်ကျော်ရှိ ငွေတွင်းရွာ ဆေးပေးခန်းအနီးတွင် ကတုတ်ကျင်းအခိုင်အမာဖြင့် အထိုင်ချထားခြင်းဖြစ်သည်။ ထိုနေရာတွင် ယမန်နှစ် နိုဝင်ဘာလကတည်းက ရွာခံ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင် ၄၀ ကျော်နှင့်အတူ ပူးပေါင်း၍ တပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့  တစ်နှစ်ကျော်ကြာ ကြီးစိုးနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ကို မြင်းမူ၊ စစ်ကိုင်း၊ မုံရွာအခြေစိုက် ကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်  ထိခိုက်မှုနှင့် ပတ်သက်ပြီး  Myanmar Nowအနေဖြင့်  သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သည် ဒေသခံများကို ရိုက်နှက်တတ်ကြောင်း၊  တောင်ယာ ထွက်ကုန်များ ရိတ်သိမ်းရောင်းချတိုင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ကို ဆက်ကြေး ပေးရကြောင်းလည်း ရဲဘော်ခင်သောင်းက ပြောသည်။ 

“အဲဒီရွာက ကွမ်းကို အဓိက စိုက်တာ။ ကွမ်းရောင်းသွားလို့ ရလာတဲ့ ပိုက်ဆံထဲက သုံးပုံနှစ်ပုံကို သူတို့ယူတယ်။  ပြည်သူတွေက သူတို့ကို ပေးရတာ။ ရောင်းလို့ရှိရင် ရောင်းရငွေရဲ့ ၃ပုံနှစ်ပုံကို ပေးရတာ။ ဆက်ကြေးကောက်တဲ့ သဘောမျိုးဖြစ်နေတာ”ဟု ရဲဘော်ခင်သောင်းက ပြောသည်။ 

ငွေတွင်းရွာ၌ အထိုင်ချထားသည့် စစ်ကောင်စီတပ် ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူ ရွာသား ၃၀၀ ခန့် ရှိကြောင်း၊  အများစုမှာ နှိပ်စက်ခံရသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်များ၊ ပါတီဝင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သည်ဟု ရွာခံ တစ်ဦးက ပြောသည်။ ၁၅ ရက်လျှင် တစ်ကြိမ် ဆွတ်ခူးရသည့် ကွမ်းခြံပိုင်ရှင်များမှာ   စစ်ကောင်စီတပ်ကို ဝင်ငွေ တစ်ဝက်ခွဲပေးနေရသည်ဟုလည်း ၎င်းက ဆိုသည်။ 

“ရွာမှာ ကျန်ခဲ့တဲ့သူတွေက ကွမ်းရွက်၊ ပဲစင်းငုံ၊ စပါးတို့လို လယ်ယာထွက်ပစ္စည်းတွေကို သူတို့ကို တစ်ဝက်သွား သွားပေးရတယ်။ ကျွန်တော်တို့ သွားရောင်းပြီဆိုရင် သူတို့ဆီကို ဘောင်ချာနဲ့တကွ ငွေကို သွားအပ်ရတာ။ သူတို့ကနေ ရော့ မင်းတို့တစ်ဝက်ဆိုပြီး ခွဲပေးတာ။  လုပ်အားခတွေကတော့ ကျွန်တော်တို့ရတဲ့ တစ်ဝက်ထဲကနေ ပေးနေရတာ”ဟု ၎င်းက ဆိုသည်။ 

ရွာသားများသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ထံ ထိုသို့ ပေးနေရသည်မှာ တစ်နှစ်  ကျော်ကြာပြီဖြစ်ကြောင်း၊ ပမာဏအတိအကျကိုမူ စာရင်းပြုစုနိုင်ခြင်းမရှိသေးကြောင်း အထက်ပါ ရွာသားက ပြောသည်။ 

“ရွာထဲမှာရှိတဲ့သူတွေက ဖုန်းပြောနေတာကို သူတို့ဘက်ကလူတစ်ယောက်ယောက်က မြင်သွားရင် ရိုးရိုးသားသားပြောတယ်ဆိုရင်တောင် ခေါ်ရိုက်တာ။ ဖုန်းကိုမပြောရဲအောင်ဖြစ်နေတာ”ဟု ၎င်းက ဆက်ပြောသည်။ 

ပြီးခဲ့သည့် ၆ လခန့်က ငွေတွင်းရွာအတွင်းကျန်ခဲ့သည့် NLDပါတီဝင်များနှင့် နီးစပ်သူများကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က အကြိမ်ကြိမ် ရိုက်နှက်ညှဥ်းပန်းခဲ့ကာ  လူတစ်ဦးလျှင် ငွေကျပ် ၂၅သိန်း၊ သိန်း ၃၀ တို့ဖြင့်  ပြန်ရွေးခိုင်းကြသေးသည်ဟု အထက်ပါ ရွာသားက ပြောသည်။ 

“ရွာထဲမှာ ရှိတဲ့ ပြည်သူတွေက ရိုက်နှက်တယ်။ သစ်ပင်မှာ ဇောက်ထိုးဆွဲတယ်။ ပြီးတော့ ကြေးစည်လှည့်သလို လှည့်တာတွေလုပ်တယ်။ ရေထဲကို နစ်တယ်။ လက်သည်း၊ ခြေသည်းတွေကို ဆွဲညှပ်ပစ်တာ။ ခွာပစ်တာပေ့ါ ။ ခြောက်ပေါက်ထဲမှာ ထည့်တယ်။ ၃၊ ၄ ရက်လောက်ထားတယ်။  မျက်နှာကို အဝတ်နဲ့ အုပ်ပြီးတော့ ထိုးကြ၊ ကြိတ်ကြတာတွေရှိတယ်။ ခြေသလုံးပေါ် တုတ်နဲ့ လိမ့်တယ်”ဟု ၎င်းက ပြောသည်။ 

ရွာအတွင်း မဝင်ရောက်နိုင်သေးသဖြင့် အခြေအနေ အသေးစိတ်ကို  မသိရသေးကြောင်း၊ အိမ်ခြေ ၆၈၀ အနက်က အိမ်ခြေ သုံးပုံ နှစ်ပုံခန့်မှ မိသားစုများ ရိုက်နှိက်ခံထားရသည်ဟု အကြမ်းဖျင်းသိရကြောင်း  ၎င်းက ပြောသည်။  “အိမ်တိုင်းပဲ။ ဘယ်လောက်နဲ့ ရွေးရလဲဆိုတာ အပြင်ကို ပြောရင် သတ်မယ်ဆိုလို့ မပြောရဲကြဘူးဗျ” ဟုလည်း သူက ဆိုသည်။

ထိုရွာအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်သားများ၊ ပျူစောထီးများက ဆက်ကြေး ကောက်ယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီတာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button