သတင်း

စစ်ကားကို ပစ်ခတ်စဉ် RPG ပြောင်းကွဲ၍ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး လက်ပြတ်ဒဏ်ရာရ

ယနေ့ (ဒီဇင်ဘာ ၁၆) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကား နှစ်စီးကို တိုက်ခိုက်စဉ် ပခုံးထမ်း RPG ပြောင်းကွဲသဖြင့် Dynamite Emperor အဖွဲ့မှ အသက် ၃၀ အရွယ် တပ်စိတ်မှူး နက်တူးဆိုသူ လက်ကောက်ဝတ်ပြတ်တောက်ကာ ဒဏ်ရာ အပြင်းအထန်ရသွားကြောင်း သိရသည်။

ရွှေဘိုမြို့ဘက်မှ မောင်းလာသော စစ်တပ်အင်အား ၆၀ ခန့်ပါသည့် ကားနှစ်စီးကို ၁၀ မီတာ အကွာမှ ပစ်ခတ်စဉ် ကားနောက်ပိုင်း ထိမှန်ကြောင်း၊ ပစ်ခတ်သူ လက်နှစ်ဖက်လုံး ထိခိုက်သွားကြောင်း ထိုအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက Myanmar Now ကို ယနေ့ ညနေက ပြောသည်။

“ပြောင်းကွဲပြီးတော့ ကျွန်တော်တို့ RPG သမားက ဘယ်ဘက်လက် လက်ကောက်ဝတ်ကနေပြီးတော့ ပြတ်ထွက်သွားတယ်။ ပြီးတော့ ဘယ်ဘက်လက် လက်မောင်းရိုး ကျိုးသွားတယ်။ ပြီးတော့ ပါးတစ်ခြမ်း စုတ်ပြတ်သတ်သွားတယ်” ဟု ၎င်းက ဆိုသည်။

“RPG အဖူးက ထွက်သွားတယ်။ ထွက်သွားပြီး ကားကို သွားမှန်တယ်။ သူ နောက်ထည့်ထားတဲ့ မှို့ယမ်းတောင့်က ထကွဲပြီးတော့ လက်ကို ထိခိုက်သွားတာပေါ့” ဟု ဆက်ပြောသည်။

ထိုတိုက်ခိုက်မှုအတွင်း  စစ်သား ၆ ဦး ထိခိုက်မှုရှိသည်ဟုသာ သိရပြီး အသေးစိတ် အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။ 

Myanmar Now က ကြည့်ရသော ရုပ်သံဖိုင်တွင် ပစ်ခတ်ပေါက်ကွဲသံ ၂ ချက် ထွက်ပေါ်ပြီးနောက် အဖွဲ့ဝင်များက ထိုနေရာ ပြေးလွှားကြည့်ရှုပုံ၊ လဲကျနေသူ ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ကာ သွေးထွက်နေပုံတို့ကို တွေ့ရသည်။

ထိုသူကို ကုသမှု ပေးထားကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ခင်ဦးမြို့နယ်ဘက်အခြမ်းတွင် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက တိုက်ခိုက်လိုက်သော ၁၂ ဘီးနှင့် ၆ ဘီး ကားနှစ်စီး ကန့်ဘလူမြို့နယ်ထဲ ဝင်ချိန်တွင် Dynamite Emperor အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

RPG မှာ ပခုံးထမ်းလောင်ချာဖြစ်ပြီး ကျည်ဖူးထည့်ကာ ပစ်ခတ်ရသော လက်နက်အမျိုးအစားဖြစ်သည်။

ထိုလက်နက်ကို ကျပ်သိန်း ၃၀၀ ပေး၍ ဝယ်ယူထားခြင်းဖြစ်သည်၊ လက်နက်အရည်အသွေးနှင့် ပတ်သက်၍ အလေးထား စိစစ်ရန် လိုအပ်လာသည်ဟု အထက်ပါပြန်ကြားရေးတာဝန်ခံအမျိုးသားက ဆိုသည်။

လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက အကြီးအကျယ် ထိုးစစ်ဆင်နေသလို ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

တူမီးနှင့် လက်လုပ်သေနတ်များဖြင့် စတင်ခဲ့သည့် နွေဦးတော်လှန်ရေးတွင် အာဏာသိမ်းစစ်တပ်ကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ခဲ့ကြသော်လည်း တော်လှန်ရေးအဖွဲ့ဝင်များသည် မိုင်း၊ ကျည်နှင့် လက်နက်မတော်တဆမှုကြောင့် အသက်အန္တရာယ်နှင့် ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးမှုများရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button