သတင်း

အရာတော်မြို့ ဓားစာခံ ၃ ဦးကို စစ်ကောင်စီတပ် နှိပ်စက် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် ဒေသခံအမျိုးသား ၃ ဦးကို သတ်လိုက်သည်ဟု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံက ပြောသည်။

ဝါးရောင်းရွာ ဒေသခံများဖြစ်သည့် ၁၉ နှစ်အရွယ် ကိုသင်္ကြန်မောင်မောင်၊ အသက် ၃၀ အရွယ် ကိုမိုးအောင်၊  ၃၃ နှစ်အရွယ် ကိုမင်းမင်းအောင်တို့ကို   ဒီဇင်ဘာ ၁၁ ရက်နေ့တွင်  ဖမ်းသွားခြင်းဖြစ်သည်။ 

အဖမ်းခံရပြီး သုံးရက်အကြာ (ဒီဇင်ဘာ ၁၃) တွင် ရုပ်အလောင်းများကို ရွာအရှေ့ဘက် ၆ မိုင်ခန့် အကွာရှိ ကျောက်ပျောက်ရွာအနီး တောထဲတွင် ပြန်တွေ့ရသည်ဟု အရာတော် ပအဖ တာဝန်ခံ ကိုဆွေက ပြောသည်။

“ခန္ဓာကိုယ်တွေကို ဓားတွေနဲ့လှီးပြီးသတ်ထားခဲ့တာ။ ကျောက်ပျောက်က စစ်တပ်တွေလာရင်  ဧည့်ခံကျွေးမွေးတဲ့ရွာပဲ။ ရွာအနီးက တောအစပ်မှာတွေ့ခဲ့ရတာ။ တောကြားကနေ ကောက်လာခဲ့ရတာ”ဟု ပြောသည်။ ရုပ်အလောင်းများ ပုပ်ပွပျက်စီးနေပြီး ထိုနေ့ညနေပိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟုလည်း သိရသည်။

အရာတော်မြို့နယ် အနောက်ဘက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေသည့်  ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးလည်း ဖမ်းမိသွားခဲ့ပြီး ဦးခေါင်းကို အနီးကပ် ပစ်သတ်ခံခဲ့ရသည်ဟု ကိုဆွေက ဆိုသည်။

ပကဖ အဖွဲ့ဝင် ၂ ဦးနှင့် ဓားစာခံအရပ်သား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းတွင် အင်အား ၅၀ နီးပါးပါဝင်ပြီး အရာတော်မြို့နယ်အခြေစိုက် အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ အမှတ် (၅၀၀၄) တင့်ကားတပ်တို့မှဖြစ်ကြောင်း ပအဖ အဖွဲ့ထံမှ သိရသည်။

ထိုနေ့ ညနေပိုင်းတွင် ထိုစစ်ကြောင်းသည် ပြည်သူ့စစ် ခေါ်  ပျူစောထီးများ အားကောင်းရာ ကျောက်ပျောက် ရွာမှတဆင့် အရာတော်မြို့ထဲသို့ ပြန်ဝင်သွားကြောင်း ဒေသခံများက ဆိုသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့မှ ၂၅ မိုင်ခန့်အကွာရှိ အရာတော်မြို့နယ်တွင် အမှတ် (၃၆၉) အမြောက်တပ်၊ အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် အမှတ် (၅၀၀၄) တင့်ကားတပ်တို့ အခြေစိုက်ထားသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ သစ်ကျင်းကြီး၊ ငွေတွင်း၊ စပါးတွင်း၊ သလဲဘာရွာတို့မှာ ပျူစောထီး အားကောင်းသည့်ရွာများဖြစ်ပြီး ထိုရွာများတွင် စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်စီနှင့် ပျူစောထီးများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကိုင်တော်လှန်မှုသာမက စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ အားကောင်းဆဲဖြစ် သည့် အရာတော်မြို့နယ်တွင် စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာ ၂၇ ရွာမှ အိမ်ခြေ ၁,၂၀၀ ထက်မနည်း ပျက်စီးဆုံးရှံးခဲ့ရကြောင်း အရာတော် ပအဖ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

စစ်ကောင်စီသည် ပြည်သူ့အိုးအိမ်များကို စနစ်တကျဖျက်ဆီးနေကြောင်း ကုလသမဂ္ဂက ယခုလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူ့အိုးအိမ်ပေါင်း ၃၈,၀၀၀ ကျော် စစ်ကောင်စီ တပ်သားတို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

အာဏာသိမ်းစစ်ကောင်စီကမူ ပြည်သူ့နေအိမ်များ မီးရှို့ခံရမှုသည် ယင်းလက်အောက်ခံ တပ်သားတို့ လက်ချက်မဟုတ်ဟု ငြင်းဆိုထားသည်။ စစ်တပ်သည် နိုင်ငံကို ကာကွယ်စောင့်ရှောက်သူ Guardian အဖြစ် ဆက်ရှိနေမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီဇင်ဘာ ၁၃ ရက် မြစ်ကြီးနားမြို့သို့ ရောက်စဉ် ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button