သတင်း

စစ်တပ်ရန်ကြောင့် လက်ပံတောင်းဒေသ ၁၃ ရွာမှ ဒေသခံတို့ နေရပ်စွန့်ခွာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသားဝန်ထမ်းများ နှစ်သစ်ကူးကာလ ခရီးထွက်ချိန်ဖြစ်သောကြောင့် စစ်ကောင်စီတပ်က စီမံကိန်းရှိရာအနီး ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ လူတစ်သောင်းနီးပါး ထွက်ပြေးနေရသည်ဟု ဒေသခံတို့က ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၁၄) ရက် နံနက် မိုးမသောက်မီကပင် အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ စီမံကိန်းတည်ရှိရာ ပုသိမ် – မုံရွာလမ်း ဘေးဝဲယာကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရခြင်း ဖြစ်သည်။

ကြေးနီစီမံကိန်းတွင် လုံခြုံရေးချထားသော စစ်ကောင်စီတပ်ဖွဲ့တချို့နှင့် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တို့မှ အင်အား ၁၅၀ နီးပါးခန့်ဖြင့် ပုသိမ်-မုံရွာလမ်းတစ်လျှောက် နေရာယူကာ ယမားချောင်းကူးတံတားမြောက်ဘက်ထိပ်ရှိ ဘိန်းနွယ်ချောင်၊ ကျေးစာကျနှင့် မြရွှေစီကျေးရွာတို့ကို ဝင်ရောက်စီးနင်းကြောင်း လက်ပံတောင်းဒေသခံများထံမှ သိရသည်။

“ဒီနေ့မနက် ၂ နာရီခွဲဝန်းကျင်မှာ (စစ်ကြောင်း) စတင်လှုပ်ရှားလာပြီးတော့ လေထန်ကုန်းကစပြီး လက်ပံတောင်းကြေးစင်တောင်အနီးတစ်ဝိုက်က ကျေးရွာတွေ ရှောင်တိမ်းနေရတယ်” ဟု စစ်ရှောင်နေရသော အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်ဝင်သော ကျေးစာကျရွာတွင် မုန့်လာရောင်းသည့် ဈေးသည်တစ်ဦး နံနက်ပိုင်း၌ ဖမ်းဆီးခံရပြီး အခြေအနေ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ယမားချောင်းကူးတံတားတောင်ဘက် ဂုဏ်တောနှင့် ဒုံးတောရွာ ဘုန်းကြီးကျောင်းများတွင်လည်း ယမန်နေ့ (ဒီဇင်ဘာ ၁၃) ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တပ်စွဲထားကြောင်း သိရသည်။

ကြေးနီစီမံကိန်းအနီး ရွာသားတစ်ဦးကို ၂၀၁၄ ဒီဇင်ဘာ နောက်ဆုံးပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

ထို့ကြောင့် ဂုဏ်တော၊ ဒုန်းတော၊ ဘိန်းနွယ်ချောင်၊ ကျေးစာကျ၊ မြရွှေစည် အပါအဝင် ပုသိမ်-မုံရွာလမ်းအနီးတစ်ဝိုက် ကျေးရွာ ၁၃ ရွာမှ ရွာခံများသည် ယနေ့ နံနက် ၅ နာရီတည်းက ဆိုင်ကယ်၊ ကား၊ နွားလှည်းများဖြင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

“ကြေးနီကုမ္ပဏီမှာ တာဝန်ကျနေတဲ့ တရုတ်ဝန်ထမ်းတွေ၊ တရုတ်နိုင်ငံသားတွေ သူ့နိုင်ငံပြန်ဖို့လား၊ ရန်ကုန်အထိ ပြန်ဖို့လား မသိဘူး။ မုံရွာထိ ပြန်ဖို့ကို ပုသိမ်-မုံရွာလမ်းကို လုံခြုံရေးချပေးနေတာ။ ကုမ္ပဏီဆိုက်ကနေ မုံရွာလမ်းအထိကို လုံခြုံရေးယူပေးနေတာ။ Express နဲ့ပြန်ဖို့ မုံရွာကို” ဟု ကြေးနီစီမံကိန်းမှ CDM ဝန်ထမ်း အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် အလျင်အမြန် စစ်ရှောင်ရသော ဆားလင်းကြီးဒေသခံများ စားဝတ်နေရေးအခက်အခဲဖြစ်နေပြီး ရာသီဥတုအအေးဒဏ်ကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ၏ အခြေအနေစိုးရိမ်ရကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

ထိုစီမံကိန်းမှ ကြေးနီသယ်သည့် ယာဉ်တန်းများ၊ စစ်ကောင်စီယာဉ်တန်းများကို ပုသိမ်-မုံရွာလမ်းတစ်လျှောက် ဒေသခံကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည့်အတွက် ထိုနေရာများတွင် တိုက်ခိုက်မှု မရှိစေရန် စစ်ကြောင်းများက လမ်းတစ်လျှောက် လုံခြုံရေးချကာ နယ်မြေရှင်းလင်းနေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆသည်။

“အဓိကကတော့ ပုသိမ်-မုံရွာလမ်းဘေးဝဲယာကို မိုင်းမဆွဲနိုင်အောင် ရွာတွေထဲ ကြိုကာတာ။ ၆ ဖာလုံလောက် ကနေပေါ့” ဟု အထက်ပါ လက်ပံတောင်းဒေသခံ စစ်ရှောင်အမျိုးသားက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကြေးနီစီမံကိန်းတွင် လုပ်ငန်းတချို့ လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။

“အပြည့်အဝမလည်နိုင်ဘူး။ အကြွင်းအကျန်လေးတွေနဲ့ လည်နေတာပေါ့။ စက်ရုံကလည်း ရပ်လို့ မရဘူး။ ရပ်ရင် ပျက်မှာလေ။ အဲ့ဒါကြောင့် တချို့အပိုင်းလေးတွေ လည်ပတ်နေတာတော့ရှိတယ်” ဟု ကြေးနီစီမံကိန်းမှ CDM ဝန်ထမ်းက ပြောသည်။

ကြေးနီစီမံကိန်းလုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီ နှစ်ခုလုံးတွင် လုံခြုံရေးကဏ္ဍမှအပ အုပ်ချုပ်ရေးမှသည် သတ္တုတူးဖော်ရေး၊ ဖောက်ခွဲရေး၊ ဆောက်လုပ်ရေး အပါအဝင် ဌာနအသီးသီးတွင် တရုတ်နိုင်ငံသား ဝန်ထမ်းများရှိပြီး အာဏာမသိမ်းမီက တရုတ်နိုင်ငံသားဝန်ထမ်း ခန့်မှန်းခြေ ၃၀၀ နီးပါး ရှိကြောင်း ထိုစက်ရုံမှ CDM ဝန်ထမ်းများထံမှ သိရသည်။

တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL တို့ အကျိုးတူ လုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်းကို ရပ်တန့်ရန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၆ ခုက ယခုနှစ်ဧပြီလတွင် သတိပေးထားသည်။

ထို့နောက် ဇွန်လကုန်ပိုင်းတွင် စစ်တပ်က စီမံကိန်းအနီး ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ရသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း စီမံကိန်းအတွင်း လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ကို အဝေးပစ် လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကြေးနီစီမံကိန်းလုပ်ဆောင်နေသည့် တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီလက်အောက်ခံ Myanmar Wanbao ကုမ္ပဏီနှင့် Myanmar Yangtse ကုမ္ပဏီတို့သည် အာဏာသိမ်းစစ်ကောင်စီကို အကျိုးအမြတ်ရှိစေသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်က ဒဏ်ခတ်အရေးယူထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button