သတင်း

ဆားလင်းကြီးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် စစ်ရှောင် ၃ ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးသေဆုံး

ရှမ်းမြောက်တွင် ရာနှင့်ချီသည့်စခန်းများကို စွန့်လွှတ်ခဲ့ရပြီး တပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် လက်နက်ချခဲ့ရသည့် စစ်ကောင်စီတပ်က မြန်မာနိုင်ငံအလယ်ပိုင်းတွင်တော့ လက်နက်မဲ့အရပ်သားများကို ဆက်လက်ပစ်ခတ်သတ်ဖြတ်နေသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယမန်နေ့ (ဇန်နဝါရီ ၂၀) ရက်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မုံရွာမြို့တစ်ဖက်ကမ်းမှ ဇန်နဝါရီ ၁၆ ရက်က ကူးလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့နှင့်အနီးတစ်ဝိုက်ကျေးရွာများကို ရွာစဉ်လှည့်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့အနောက်ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရန် သွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှာ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီစစ်ကြောင်းသည် ကျွဲခိုးတောရွာအနီး‌ ရောက်ရှိလာချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ရွာမြောက်ဘက်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် လျှော်ဖြူခင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ် တစ်ဦး၊ အသက် ၇၀ နှစ်အရွယ် ဦးစန်းမြင့်နှင့် အသက် ၃၅ နှစ်အရွယ် ဦးဌေးလင်းတို့ သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့က ရွာမြောက်ဘက်မှာပဲ ကပ်ရှောင်တာလေ။ ကပ်ရှောင်ပြီးတော့ မီးခိုးမြင်တော့ လှမ်းပစ်လိုက်တာ။ တည့်တည့်ကျတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆားလင်းကြီးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များခိုလှုံရာနေရာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး စစ်ဘေးရှောင် ပြည်သူ ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တစ်စစီလိုက်ကောက်ရတယ်။ တချို့ဆို ၅ ပေကျော်လောက် လွင့်သွားတာ။ ဦးနှောက်တွေက တစ်နေရာ၊ လက်အပိုင်းအစတွေက တစ်နေရာ၊ ခန္ဓာကိုယ်အပိုင်းအစတွေက တစ်နေရာ အဲ့လိုလိုက်ကောက်ရတာ။ လျှော်ဖြူခင်းနဲ့ ရွာက လယ်ကွက် ၅ ကွက်လောက်ပဲ ခြားမှာ” ဟု ရုပ်အလောင်းကောက်ယူရာတွင် ပါဝင်ခဲ့သည့် အထက်ပါ အမျိုးသားက ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇန်နဝါရီ ၂၁) ရက် နေ့လယ်ပိုင်းတွင် ဆားလင်းကြီးနှင့် ပုလဲမြို့နယ်အစပ်သို့ ရောက်ရှိနေပြီး ဆက်လက်စစ်ကြောင်းထိုးနေသဖြင့် ရွှေသမင်၊ ဖလံပင်၊ ချောင်းရိုး၊ သရက်ကန်၊ လက်တောင်းကြီး၊ လက်တောင်းငယ်၊ ဗိုက်သရက် စသည့်ကျေးရွာများမှ လူဦးရေ ၅,၀၀၀ ဝန်းကျင်မှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများ စစ်ကြောင်းမထိုးသည်မှာ ၄ လဝန်းကျင်ခန့်ရှိနေပြီး ဇန်နဝါရီ ဒုတိယပတ်မှစတင်ကာ တစ်ကျော့ပြန် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ရှမ်းမြောက်တွင် ရာနှင့်ချီသည့်စခန်းများကို စွန့်လွှတ်ခဲ့ရပြီး တပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် လက်နက်ချခဲ့ရသည့် စစ်ကောင်စီတပ်သည် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနောင် ၃ ဖွဲ့နှင့် အပစ်အခတ်ယာယီရပ်စဲထားချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည်။

Myanmar Now မှ ပြုစုထားသည့် စာရင်းအရ စစ်ကိုင်းတိုင်းမှ လက်နက်ကိုင်ခုခံမှု အားကောင်းရာ မြို့နယ်များတွင် ဇန်နဝါရီ ဒုတိယပတ်မှစတင်ကာ စစ်ကြောင်းထိုးနေသည့် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ခင်ဦးမြို့နယ်တွင် ဇန်နဝါရီ ၁၂ ရက်က စစ်ကြောင်းထိုးလာသည့် စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၄ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး၊ ကပ်လျက်ရှိ ဒီပဲယင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၁ ဦးကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့သည်။

Show More

Related Articles

Back to top button