သတင်း

စစ်သင်္ဘောပစ်ခတ်မှုကြောင့် ဆားလင်းကြီးဒေသခံ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်သင်္ဘောက ပစ်ခတ်သဖြင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နေ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

မကွေးတိုင်း ရေစကြိုမြို့ဘက်မှ လာသည့် စစ်သင်္ဘောတစ်စီး ချင်းတွင်းမြစ်ကမ်းကျေးရွာများကို ယမန်နေ့ (စက်တင်ဘာ ၁၀) က ပစ်ခတ်ခဲ့ရာ မြစ်အနောက်ခြမ်း‌ ဖောင်းကတာကျေးရွာရှိ နေအိမ်နှစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သည်။

အသက် ၆၃ နှစ်အရွယ် ဒေါ်တင်စန်းမှာ ကျည်စထိမှန်ကာ အပြင်းအထန်ဒဏ်ရာရသောကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့သည်။

ဒေသခံ အမျိုးသားတစ်ဦး နားနှင့် နားထင်တစ်ဝိုက် ကျည်စထိမှန်ခဲ့ပြီး၊ အမျိုးသမီးတစ်ဦးလည်း ခြေဖဝါးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်ပအဖထံမှ သိရသည်။

ယနေ့ နံနက်တွင် ထိုစစ်သင်္ဘောသည် ချင်းတွင်းမြစ်ကမ်းဘေး မုံရွာမြို့မှတစ်ဆင့် ကနီနယ်ဘက်သို့ ဆက်လက် ထွက်ခွာလာရာ ဒေသကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများရှိသည်ဟု ဒေသခံများက ပြောကြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ပင်မရှေ့တန်းမျက်နှာစာတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင် ပြောက်ကျားစစ်ဆင်နေသော ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးမှု ပိုမိုအားကောင်းလာသည်။

ထိုသို့ တိုက်ခိုက်ခြင်းတို့ကို ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် ယခုနှစ်အတွင်း ရေကြောင်းကို ပိုမိုအသုံးပြုလာကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ယူဆကြသည်။

“မြစ်ရေတက်နေတော့ စစ်သင်္ဘောတွေ သွားရလာရတာ အဆင်ပြေတာရော၊ ကုန်းကြောင်းကျ တိုက်ပွဲတွေ ခဏခဏဖြစ်နေတာရောကြောင့်၊ ခရီးကြန့်ကြာတာတွေကြောင့် ကုန်းကြောင်း မထိုးရဲလို့ ရေကြောင်းကနေ ထိုးနေတာ။ ဒီနှစ် ပိုများလာတယ်။ အရင်နှစ်တွေက ဒီလောက်မများဘူး” ဟု ဆားလင်းကြီးမြို့နယ်ပအဖ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကာကွယ်ရေးအဖွဲ့များ လက်နက်ကိုင် ခုခံမှု အားကောင်းရာ ကချင်ပြည်နယ်သို့ လက်နက်ခဲယမ်းနှင့် ရိက္ခာသယ်ယူ ဖြည့်တင်း ပို့ဆောင်ရေးအတွက် ဧရာဝတီမြစ်ကြောင်းကို စစ်ကောင်စီက မကြာခဏ အသုံးပြုနေသည်။

စစ်ကောင်စီသုံး သယ်ယူပို့ဆောင်ရေးရေယာဉ်တစ်စီးကို ယခုနှစ်အတွင်း ချင်းတွင်းမြစ်ကြောင်း၌ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ယမန်နှစ်များက ချင်းတွင်းမြစ်ကြောင်းအတွင်း ဖလက်ခွံ (ရေတိမ်သွားသင်္ဘော) များကို အသုံးပြုခဲ့သော်လည်း ယခုနှစ်တွင် စစ်သင်္ဘောအသုံးပြုမှု ပိုမိုများပြားလာသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“အရင်နှစ်ကလို ချင်းတွင်းမြစ်ထဲသွားတဲ့ သင်္ဘောတွေကို အသုံးမပြုတော့ဘဲနဲ့ ဧရာဝတီမြစ်ထဲသွားတဲ့ သင်္ဘောတွေကို အသုံးပြုလာတယ်။ ရိက္ခာရယ်၊ စစ်လက်နက်ပစ္စည်းတွေရယ်၊ အဓိကထား သယ်တယ်။ အောက်ပြန်ဆင်းတဲ့အချိန်မှာ ကျောက်စိမ်းတွေတင်တယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက် တိုက်ပွဲဝင်နေသည့် ကနီကျောက်လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးတွင်းကာလ မြစ်ရေများသည့် ဇူလိုင်လမှစတင်ကာ ချင်းတွင်းမြစ်ကြောင်းကို စစ်ကောင်စီက အဆက်မပြတ် အသုံးပြုနေသည်။ အလားတူ မြစ်တွင်းသွား အမြန်ကင်းလှည့်ရေယာဉ်များကိုပါ အသုံးပြု သွားလာနေသည်ကိုလည်း တွေ့ရသည်။

မြစ်တွင်းသွား စစ်ကောင်စီရေယာဉ်များကို တိုက်ခိုက်ရန်အတွက် လက်လုပ်လက်နက်ကြီးများကိုသာ အဓိက အားပြုနေရပြီး လက်နက်ခဲယမ်းလိုအပ်ချက်က အဓိက အခက်အခဲဖြစ်နေသည်ဟု ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

RPG ခေါ် ပခုံးထမ်းလောင်ချာအတွက် ကျည်ဆန်ဖူးမှာ ကုန်ကျစရိတ် အများအပြားရှိသည်ဟု ဆားလင်းကြီးပအဖမှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“အဓိက လိုတာက လက်နက်ကြီးပေါ့။ အဲ့ဒါရှိရင်တော့ (မြစ်ကမ်း) တစ်ဖက်တည်း တိုက်လည်း အဆင်ပြေတယ်။ နှစ်ဖက် ညှပ်တိုက်လည်း အဆင်ပြေတယ်။ RPG တစ်ဖူးကို ၂၅ သိန်းလောက် ရောက်နေတယ်။ ၂၅ သိန်းဆိုတော့ မှန်ရင်တော့ ၂၅ သိန်း ကိစ္စမရှိဘူး။ လွဲသွားရင် ၂၅ သိန်းက ဆုံးရှုံးမှာဆိုတော့ ကာကွယ်ရေးအဖွဲ့တွေကျတော့ ရန်ပုံငွေအားနည်းတော့ သိပ်မပစ်နိုင်ဘူး” ဟု သူက ပြောသည်။

စစ်တပ်က ချင်းတွင်းမြစ်ကြောင်းကို မိုးတွင်းကာလ ချင်းတွင်းမြစ်ရေတက်ချိန်ဖြစ်သည့် အောက်တိုဘာလအထိ အသုံးပြုနိုင်ဖွယ်ရှိကြောင်း ဒေသခံများက သုံးသပ်သည်။

ချင်းတွင်းမြစ်သည် အောက်တိုဘာလ (သီတင်းကျွတ်ကာလ) နောက်ပိုင်း တဖြည်းဖြည်း ရေနည်းကာ မတ်လတွင် ရေအနည်းဆုံးဖြစ်လေ့ရှိကြောင်း ဒေသခံများအဆိုအရ သိရသည်။

ဩဂုတ်လကုန်ပိုင်းတွင်လည်း စစ်ကောင်စီရေယာဉ်များက ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရဟန်းတစ်ပါး ထိမှန်ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တစ်ခု ခေါင်မိုးထိမှန်ပျက်စီးခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီရေယာဉ်များက တနင်္သာရီတိုင်း ပုလောမြို့အနီး ပင်လယ်ကမ်းစပ်ဘေးကျေးရွာများကိုလည်း ပစ်ခတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button