နိုင်ငံအလယ်ပိုင်း မန္တလေးက စတင်ထွက်ခွာလာတဲ့ စစ်သင်္ဘောတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြားကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ထဲကို ဆက်လက်ဦးတည်လာနေပါတယ်။
ဇူလိုင် ၁၇ရက်နေ့က သင်္ဘော ၂၅ စီး၊ ဇူလိုင် ၂၂ရက်နေက သင်္ဘော ၆စီးတို့ဟာ မန္တလေးကနေ နှစ်စုခွဲပြီး ထွက်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်မှာ စစ်သင်္ဘောတွေ ၊ တွန်းသင်္ဘောတွေ၊ သံခွန်ရေယာဉ်တွေ ပါဝင်ပြီး စစ်ကိုင်းတိုင်းကနေတဆင့် ကချင်ပြည်နယ်ဘက်ကို ဦးတည်ဆန်တက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီ ရေယာဉ်အုပ်စုတွေကို မန္တလေးတိုင်းအတွင်း မတ္တရာ ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေ တစ်လျှောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သင်္ဘောအပါအဝင် ရေယာဉ်တချို့ ပျက်စီးနစ်မြှုပ်ခဲ့သလို ထိခိုက်၊ ပျက်စီးမှု အများအပြားလည်း ရှိခဲ့ပါတယ်။
ဒီလို တိုက်ခိုက်မှုတွေကြားကနေပဲ စစ်ရေယာဉ်တွေဟာ အခုဆိုရင် စစ်ကိုင်း-ကချင်အစပ်က ထီးချိုင့်နဲ့ ကသာမြို့နယ်တွေအထိ ရောက်ရှိလာပါတယ်။ ဒီစစ်ရေယာဉ်တွေဟာ ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီတပ်တွေကို လူ၊ လက်နက်နဲ့ ရိက္ခာပို့ဖို့ ဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ခန့်မှန်းကြပါတယ်။
စစ်သင်္ဘောတွေဟာ မကြာခင်မှာ ကချင်ပြည်နယ်ထဲကို ဝင်လာနိုင်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်ချေရှိတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်က ပြည်သူတွေ အနေနဲ့ လေကြောင်းရန်ကို သတိထားဖို့ ၊ စစ်ရေးအခြေအနေတွေကို နားစွင့်ထားကြဖို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။
မြတ်ကြီး၊ နေမင်းနီ/ Myanmar Now


