သတင်း

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က ဒေသခံတစ်ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၏ မိုးကြိုးဆာလဖျူရစ်အက်စစ်စက်ရုံအနီး တပ်စွဲထားသည့် စစ်သားများက ပစ်ခတ်သဖြင့် ယမန်နေ့ (စက်တင်ဘာ ၄) နံနက်ပိုင်းတွင် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

စစ်တပ်ပိုင် ကုမ္ပဏီ၏ စက်ရုံနှင့် မျက်နှာချင်းဆိုင်ရှိ ကံကုန်းရွာမှ အသက် ၃၂ နှစ်အရွယ် ကိုကျော်မျိုးထွန်းဆိုသူမှာ ပစ်ခတ်ခံရသည့်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“စက်ရုံရဲ့ အရှေ့တောင်ထောင့် ရေချမ်းစင်အနီးမှာ ပစ်ခံရတာ၊ ကျောကနေ ဗိုက်ဘက်ခြမ်းထိ ကျည်ထိမှန်တာ၊ နေရာတင် သေဆုံးတာပဲ” ဟု ဒေသခံလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုကျော်မျိုးထွန်းမှာ ယာခင်းသို့အသွား အက်စစ်စက်ရုံအနီးရှိလမ်းမှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းစဉ် ပစ်သတ်ခံရခြင်းဖြစ်ကာ အပစ်ခံရပြီး တစ်နာရီခန့်အကြာတွင် ရုပ်အလောင်းကို ကောက်ယူနိုင်ခဲ့ပြီး ယမန်နေ့ မွန်းလွဲ၌ပင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ထိမှန် သေဆုံးသွားသည့် ကိုကျော်မျိုးထွန်း။ (ဓာတ်ပုံ − ပေးပို့)

အဆိုပါ စက်ရုံအနီးတွင် စစ်တပ်က အင်အား ၅၀ နီးပါးဖြင့် ယခုလ ၂ ရက်နေ့မှစ၍ တပ်စွဲထားသည်ဟုလည်း သိရသည်။ ယမန်နေ့ နံနက်ပိုင်း၌ ကိုကျော်မျိုးထွန်းအပြင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် အခြားဒေသခံနှစ်ဦးလည်း ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသည်ဟု ဆိုသည်။

“တစ်ယောက်က လက်မောင်းမှန်တာ ဒဏ်ရာက ပြင်းတယ်။ တစ်ယောက်ကတော့ အင်္ကျီရှပ်ထိတာ။ သူတို့နှစ်ယောက်ကိုပဲ ဆေးရုံကို ပို့ပေးလိုက်နိုင်တာ။ သူတို့ပြောတာတော့ ရပ်ခိုင်းတာ မရပ်လို့ ပစ်တယ် ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အက်စစ်စက်ရုံသည် စစ်တပ်ပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများ အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် လိုအပ်သောအက်စစ်ကို အဓိကထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်က စတင်လည်ပတ်ခဲ့သည့် ထိုစက်ရုံသည် နေ့စဉ် အက်စစ်တန်ချိန် ၅၀ မျှ ထွက်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်တန့်ထားရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ သတိပေးတောင်းဆိုနေသည်။ ပြီးခဲ့သည့်နှစ်အတွင်း ကာကွယ်ရေးအဖွဲ့များ၏ စီမံကိန်းရပ်ထားရန် တောင်းဆိုချက် ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းပြီးကတည်းက ယာယီရပ်ဆိုင်းထားသည်ဟု တရုတ်ကုမ္ပဏီဘက်က တုံ့ပြန်ခဲ့သည်။​

သို့သော် ယခုနှစ်အတွင်း လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်ရေးစီမံကိန်း ပြန်လည်ပတ်ရန် ပြင်ဆင်နေသည်ဟု ဒေသခံများက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button