သတင်း

ရခိုင်တွင် နိုင်ငံတကာအဖွဲ့အစည်းများ သွားလာခွင့် ဆက်ပိတ်ထား

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်သွားသော်လည်း ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ သွားလာရေး၊ ကူညီထောက်ပံ့ရေးအစီအစဉ်များကို စစ်ကောင်စီက ဆက်လက် ပိတ်ပင်ထားဆဲဖြစ်သည်။

စက်တင်ဘာနှင့်နိုဝင်ဘာအတွင်း ရခိုင်မြောက်ပိုင်း ၈ မြို့နယ်တွင် ဆောင်ရွက်နေသော လုပ်ငန်းများ ရပ်ဆိုင်းထားရန် စစ်ကောင်စီက အကြောင်းကြားထားသည်။ဒီဇင်ဘာ ၁၂ တွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ဆေးဝါးကဲ့သို့ ကုန်ပစ္စည်းပို့ဆောင်ရေး၊ ခရီးသွားလာရေးကန့်သတ်မှုများကြောင့် ခက်ခဲနေကြကြောင်း ထုတ်ပြန်သည်။

“အပစ်အခတ်ရပ်စဲရေးသတင်း ထွက်ပေါ်လာပေမယ့် လူတွေ၊ ပစ္စည်းတွေ ရွှေ့ပြောင်းသွားလာရာမှာ ကြုံတွေ့နေရဆဲ အခက်အခဲတွေနဲ့ ပဋိပက္ခဖြစ်ပွားခြင်းရဲ့ သက်ရောက်မှုဟာ ပြည်သူလူထုအတွက် ကြီးမားတဲ့စိန်ခေါ် မှုတစ်ခု ဖြစ်နေတုန်းပါ” ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

ဇွန်လအတွင်း MSF က ရခိုင်ပြည်နယ်တွင် ဆွေးနွေးကုသမှုပေါင်း ၁၀,၉၆၂ ကြိမ် ဆောင်ရွက်နိုင်ခဲ့ သော်လည်း အောက်တိုဘာလကုန်တွင် ၃,၈၀၆ ကြိမ်အထိလျော့ကျသွားခဲ့ကြောင်း ထိုထုတ်ပြန်ချက် တွင် ပါရှိသည်။

၎င်းတို့၏ လူနာအများစုသည် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးချိုရောဂါ ခံစားနေရသူများ ဖြစ်ပြီး ဆေးကုသမှု လက်လှမ်းမမီခြင်းကြောင့် အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်သည်ဟု ဆိုသည်။

ယခင်တိုက်ပွဲများပြင်းထန်စဉ်ကတည်းက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)၊ UNHCR, FAO,UNOCHA,UNDP, WHO အပါအဝင် အစိုးရ မဟုတ်သော အဖွဲ့အစည်း ၁၀၀ ကျော်က ပြည်နယ်မြောက်ပိုင်းဒေသခံများကို စားနပ်ရိက္ခာအပါအဝင် အဝတ်အထည်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ပေးနေခြင်း ဖြစ်သည်။

ထို့နောက် ၂၀၂၂ ဩဂုတ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများ ပြန်ဖြစ်လာပြီးနောက် စက်တင်ဘာ ၁၅ တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ် စသည့် ၆ မြို့နယ်ကိုလည်း ကောင်း၊ နိုဝင်ဘာအတွင်း ပေါက်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ် ကိုလည်းကောင်း သွားလာခွင့် ပိတ်ပင်ခဲ့သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး United Nations OCHA Myanmar က အပစ်အခတ် ရပ်နားထားချိန်တွင် ကူညီရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် မျှော်လင့်နေသည် ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၈ တွင် ထုတ်ပြန်သည်။

“ပြည်နယ်အတွင်းရှိ ရေလမ်းအချို့ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ လတည်းက မြို့နယ်အများအပြားမှာ ကန့်သတ်ခံထားရတဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အရပ်သားသွားလာမှုတွေ ဖြေလျှော့ပြီး အကူအညီတွေ ပြန်လည်ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေက မျှော်လင့်နေပါတယ်” ဟု UNOCHA Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်က မေလ ဒုတိယပတ်အတွင်း စစ်တွေမြို့ ဘုန်းကြီးကျောင်းတစ်ခုအတွင်း တွေ့ရ သော စစ်ရှောင်မိသားစုဝင်တချို့။ (ဓာတ်ပုံ-EPA)

အလားတူ စစ်ဘေးရှောင်စခန်းများကို ရိက္ခာထောက်ပံ့နေသည့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ကို စစ်ကောင်စီက တားဆီးထားသည့်အပြင် စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း ဆန်ရိက္ခာ ထောက်ပံ့မှု မပေးသည် မှာ ၈ လခန့်ရှိပြီဖြစ်ကြောင်း စစ်ရှောင်စခန်း တာဝန်ခံများထံမှ သိရသည်။

“လူကယ်ပြန်က ဆန်ပေးတယ်ဆိုပေမယ့် အချိန်မီ မပေးဘူး။ ဆိုတော့ WFP က ထောက်ပံ့တာတွေနဲ့ အသက်ဆက်နေခဲ့ရတာ။ တိုက်ပွဲလည်းပြန်ဖြစ်လာတာနဲ့ ဘာအဖွဲ့မှ မရောက်တော့တာ ကြာပြီ။ အခုတော့ ကြုံရာကျပန်းလုပ်ပြီး စားရတယ်။ ရှိတာတွေကို ပေါင်နှံရောင်းချပြီး နပ်မှန်အောင် လုပ်နေရတယ်။ အခု တိုက်ပွဲလည်း ရပ်ပြီဆိုရင် အကူအညီပေးရေးအဖွဲ့တွေကို ပြန်ခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ်” ဟု ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးဒုက္ခသည်စခန်းမှ အသက် ၃၅ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာ တတိယပတ်အတွင်း အပစ်ရပ်သွားပြီးနောက် စစ်ကောင်စီက ဒေသတွင်းပိတ်ဆို့ထားသည့် လမ်းတချို့ ပြန်ဖွင့်ပေးခဲ့သော်လည်း ဆေးဝါးသယ်ယူပို့ဆောင်ခွင့် မရကြသေးကြောင်း ဆေးအရောင်းဆိုင်များ နှင့် ဆေးကုမ္ပဏီများထံမှသိရသည်။

“လမ်းဖွင့်ပေးပေမယ့် ဆေးဝါးတွေကိုတော့ တင်းတင်းကျပ်ကျပ် စစ်ဆေးနေဆဲပါပဲ။ စစ်ဆေးရေးဂိတ်တွေက သယ်ယူခွင့်မရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တိုက်ပွဲများ ဖြစ်ပွား နေချိန် စက်တင်ဘာလဆန်းမှ စတင်၍ စစ်ကောင်စီက တင်းကျပ်ခဲ့ခြင်း ဖြစ်သည်။ဘူးသီးတောင် မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ထိုသို့ ပိတ်ပင်ခြင်းသည် လူထုကို ပစ်မှတ်ထားသော လုပ်ရပ်ဟု မှတ်ချက်ပြုသည်။

“နဂိုကလည်း ဆေးဝါးစောင့်ရှောက်မှုကို လက်လှမ်းမမီတဲ့ ကျေးလက်ဒေသတွေမှာ အခုတစ်ခါ ဆေးဝါးတွေကို ဖြတ်လိုက်တဲ့အခါ ပြည်သူလူထုက ထိခိုက်မှုအများကြီးဖြစ်သွားတယ်” ၎င်းက ဆက်ပြောသည်။

ယခင်ကတည်းက တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ မဖူလုံသော ရခိုင်မြောက်ပိုင်းမြို့နယ်များသည် ယခုကဲ့သို့ ပိတ်ဆို့မှုကြောင့် အခက်အခဲများ ဖြစ်ပေါ်နေရပြီး နိုင်ငံတကာအကူအညီများ ဖြတ်တောက် ခံနေကာ AA ကြောင့် ထိုလုပ်ရပ်ဖြစ်ရခြင်း ဖြစ်ကြောင်း ပုံဖော်ရန် ရည်ရွယ်သည်ဟု သူက ဆိုသည်။

ယခုနှစ်အတွင်း တိုက်ပွဲများကြောင့် ရသေ့တောင်၊ မြောက်ဦး၊ မောင်တော ၊ အမ်း နှင့်ပုဏ္ဏားကျွန်း စသည့် မြို့နယ်များမှ ဒေသခံသောင်းဂဏန်း ထွက်ပြေးခဲ့ရသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့၌ အရပ်သားပြည်သူ ၂၃,၇၀၀ ခန့် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ပြီး ယခင်နှင့် လက်ရှိ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူဦးရေ စုစုပေါင်း ၉၈,၅၀၀ ကျော် ရှိနေသည်ဟု UNOCHA Myanmar ၏ ထုတ်ပြန်ချက် အရ သိရသည်။

၂၀၁၈ နှစ်ကုန်မှ ၂၀၂၀ အတွင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ခဲ့ရသည့် စစ်ရှောင်အများစု မှာ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြပြီး ICRC, WFP နှင့် ဒေသတွင်းလူမှုကူညီရေးအဖွဲ့အစည်းများ ၏ အကူအညီများကို အဓိကမှီခိုနေရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်ရှောင် သိန်းချီရှိသော စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ဒေသတို့ကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ သွားလာထောက်ပံ့ခွင့် ပိတ်ပင်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button