သတင်း

ရမ်းဗြဲမြို့ကို လေတပ် ဗုံးကြဲဖျက်ဆီးနေဟု  AA ပြော

စစ်ကောင်စီက လက်လွှတ်ရလုနီးပါးဖြစ်သော ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ကို လေကြောင်းမှ ပြင်းပြင်း ထန်ထန် တိုက်ခိုက်နေရာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၀) တွင်  ဖျက်အားပြင်းဗုံးများ ကြဲချခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရမ်းဗြဲမြို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လေယာဉ် တစ်စီးက မြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ် ခဲ့ပြီးနောက် ပေါင် ၅၀၀ ဗုံးကဲ့သို့သော ဖျက်အားပြင်း ဗုံးများ လာရောက်ကြဲချခဲ့သည်ဟု ဆိုသည်။ 

ယမန်နေ့က ကြဲချသော ဗုံးများမှာ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ ၁၀၀ ကျော်ခန့်အထိ မြင့်တက် ခဲ့သည်ဟု AA က ဆိုသည်။

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ရပ်ကွက် ၆ ခုရှိသော ရမ်းဗြဲမြို့ပေါ်တွင်   နေအိမ်ရာနှင့်ချီ မီးလောင်နေသည်ဟု တိမ်းရှောင်နေရသော ရမ်းဗြဲ ဒေသခံ အမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲတွင်ပြောသည်။ 

“ မီးလောင်သွားတဲ့အခြေအနေကတော့ အိမ်ခြေ ၃၀၀ စွန်းစွန်းလောက်တော့ရှိတော့မယ်။ နောက်ထပ် ထိခိုက် ပျက် စီးမှုတွေတော့ ရှိတယ်ခင်ဗျ။  တစ်မြို့လုံးနီးပါး ပျက်စီးနေပြီလို့ ယေဘုယျအားဖြင့် ပြောလို့ရတယ်။ ပြန်နေဖို့ရာ အဆင်မပြေတော့ဘူးလေ”  ဟု ထိုသူက ပြောသည်။

“ မြေပြင်တိုက်ပွဲ မရှိပေမဲ့လို့ သူတို့ (လေတပ်) မထင်ရင်မထင်သလို လာပြီး ဗုံးကြဲနေတာတွေရှိတယ်။ နေအိမ် တွေကို အဓိက ပစ်မှတ်ထားပြီးတော့ ကြဲချတာတွေရှိတယ်” 

စစ်ကောင်စီကမူ နေအိမ်များ ပျက်စီးရခြင်းမှာ AA ၏ ပစ်ခတ်ဗုံးကြဲမှု၊ မီးရှို့မှုများကြောင့် ဖြစ်သည်ဟု ဖေဖော်ဝါရီ ၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဆေးရုံနှင့် စျေးကို ဗုံးကြဲခြင်း

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ရမ်းဗြဲမြို့  မြို့မဆေးရုံ၊ မြို့မဈေးနှင့် လူနေအိမ်များပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် မြို့မဆေးရုံနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်အချို့ ပျက်စီးဆုံးရှုံးသွားခဲ့ရ ကြောင်း AA က ဓာတ်ပုံနှင့်တကွ ယနေ့ညနေက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ကလည်း နံနက် ၉ နာရီခန့်မှ စတင်၍ ရမ်းဗြဲမြို့ကို တစ်နေကုန်နီးပါး လေကြောင်းမှ ဗုံးကြဲခဲ့သလို ရေတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိုတစ်နေ့တည်းမှာပင် မြို့ပေါ် အမှတ် (၄) ကင်းတဲရပ်ကွက်တစ်ခုလုံးအပါအဝင် နေအိမ် ၂၀၀ ကျော် မီးလောင်ခဲ့သည်။

ယင်းနေ့က ညဦးပိုင်းအထိ တိုက်ခိုက်ရေးရဟတ်ယာဉ်များက ပစ်ခတ်ခဲ့ပြီး ဂျက်လေယာဉ်ကလည်း ဗုံးကြဲတိုက် ခိုက်ခဲ့သလို ကလိန်တောင်မြစ်ထဲရှိ စစ်သင်္ဘောကလည်း မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က နောက်တစ်နေ့ တွင် ထုတ်ပြန်ထားသည်သည်။ 

“ရမ်းဗြဲမြို့အား အလုံးစုံပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလဆန်းကတည်းကပင် ဆက်တိုက်ပြုလုပ်လာခဲ့ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ရမ်းဗြဲမြို့ ရွှေတုံးရပ် မီးလောင်ပြီးနောက် ဇန်နဝါရီ ၂၈ က တွေ့ရစဉ်။ (ဓာတ်ပုံ- ရမ္မာဝတီ၏ သဘာဝ အလှအပများ)

နောက်တစ်နေ့ (ဖေဖော်ဝါရီ ၁၈) တွင် ရမ်းဗြဲမြို့ သိမ်‌တောင်ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းက မြို့တွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ပါရှိသည်။ 

AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရီးဆိုင်ရာပူးပေါင်း ဆောင် ရွက်ရေးရုံး (HDCO) ကလည်း  ရမ်းဗြဲမြို့ပေါ်ရှိ အရပ်သားပြည်သူများ နေထိုင်ရာ အဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်း များ၊ ဘာသာရေး အဆောက်အုံများနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခံရ၍ တစ်မြို့လုံးနီးပါး ပျက်စီးခဲ့သည်ဟုထုတ်ပြန်ထားသည်။

အထက်ပါ ရမ်းဗြဲဒေသခံအမျိုးသားက စစ်ကောင်စီသည် ရမ်းဗြဲမြို့နယ် အလုံးစုံ ပျက်သုဉ်းရေးကို လုပ်ဆောင် နေသည်ဟု ပြောသည်။​

“ သူတို့ (စစ်ကောင်စီ) လက်ရှိလုပ်နေတာက ကျွန်တော်တို့ ဒေသပြည်သူတွေရဲ့ အကျိုးစီးပွားကို တမင်တကာ ဖျက်ဆီးနေတယ်လို့ ပဲ ကျွန်တော်တို့ယူဆတယ်။ ရမ်းဗြဲမြို့နယ်နဲ့ဆက်သွယ်ထားတဲ့ မအီတံတားရော မင်းချောင်းတံတားတို့လည်း ဖျက်တယ်။ ရေလမ်းက ပိတ်ဆို့မှုတွေလည်း ရှိတယ်ဆိုတော့ ရမ်းဗြဲမြို့နယ် အလုံးစုံ ပျက်သုဉ်းရေးကို ရှေးရှူပြီး လုပ်နေတယ်လို့ ပြည်သူတွေက ခံစားရတယ်” ဟု ထိုသူက ဆိုသည်။

ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသများအတွင်းလည်း လေယာဉ်ပျံသန်းမှုများရှိနေသဖြင့် လေယာဉ်ဖြတ်သန်း သွားရာလမ်းကြောင်းပေါ်ရှိ ကျေးရွာများမှ ဒေသခံများ စိုးရိမ်နေကြသည်ဟု ၎င်းက ဆက်ပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၉ နာရီခန့်က တောင်ကုတ်မြို့နယ်၊ မအီမြို့အနီး ရန်ကုန်-ကျောက်ဖြူ-အမ်း လမ်းပေါ်ရှိ “ မအီတံတား” တွင် စစ်တပ်က ဖောက်ခွဲမှု ပြုလုပ်ရာ  တံတားကျိုးသွားသလို  မြို့တွင်းရှိ အထက်တန်းကျောင်း အပါအဝင် လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ရမ်းဗြဲမြို့နယ်၊ ကုလားတန်းရပ် မီးလောင်နေသည်ကို ဖေဖော်ဝါရီ ၁၄ က တွေ့ရစဉ်။ (ဓာတ်ပုံ-HDCO)

ရမ္မာဝတီ ခေါ် ရမ်းဗြဲမြို့

မြို့ပေါ်တိုက်ပွဲများမှာ ၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်၊ နံနက်တွင် ရမ်းဗြဲမြို့မဈေးအနီး၊ အမှတ် (၅) ရပ်ကွက်နှင့် မြို့ တောင်ဘက် စစ်တပ်တပ်စွဲထားရာ သိမ်တောငိဘုရားကုန်းနေရာတို့ကို AA က ဝင်ရောက်တိုက်ခိုက်ရာမှ စတင်ခဲ့ ပြီး လက်ရှိအချိန်တွင် မြို့ပေါ်ရှိ နေရာအများစု မီးလောင်ပြာကျထားသည်။

လေတပ်က မြို့ကို အကြိမ်ကြိမ်ဗုံးကြဲခဲ့ပြီး  ဇန်နဝါရီ ၂၄ တစ်ရက်တည်း မှာပင် လေကြောင်းမှ ၃၃ ကြိမ်ထက်မနည်း ဆက်တိုက်ဗုံးကြဲခဲ့ရာ မြို့မရဲစခန်း အနောက်ဘက်ရှိ ရမ္မာဝတီစျေး ဆိုင်တန်းမှ ဆိုင်ခန်းများလည်း မီးလောင်ခဲ့သည်။

 ထို့နေ့က တိုက်ခိုက်မှုအတွင်း အမှတ် (၂) ရပ်ကွက်၊ လမ်းမကြီးတစ်လျှောက် လူနေအိမ်များ၊ ရမ်းဗြဲမြို့လယ် ဓမ္မာရုံဝန်းကျင်ရှိ အဆောက်အအုံများလည်း  မီးလောင်ကျွမ်းခဲ့သည်။

နောက်တစ်နေ့တွင်လည်း လေကြောင်းမှ ၃၅ ကြိမ် ဗုံးကြဲခဲ့ပြီး ဇန်နဝါရီ ၂၆ တွင်   ၁၇ ကြိမ် ဗုံးကြဲ ခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများက ဖော်ပြကြသည်။ 

AA စတင်တိုက်ခိုက်ခဲ့သည့် မြို့တောင်ဘက် သိမ်တောင်ဘုရားကုန်းပေါ်ရှိ စစ်တပ်ကလည်း မကျသေးဘဲ လက်နက်ကြီးများဖြင့် အမြဲလိုလိုပစ်ခတ်နေ၍ မြို့ပေါ်ရှိသို့ ကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့သည်။

ထို ၂၄ ရက်မှ တစ်ပတ်နီးပါးကြာ လေတပ်နှင့်ရေတပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့၍ တစ်မြို့လုံးနီးပါး ပျက်စီးနေပြီဖြစ်ကြောင်း ဇန်နဝါရီနောက်ဆုံးပတ်အတွင်း ဒေသခံများက Myanmar Now ကို ပြောထားကြသည်။

ဇန်နဝါရီ ၂၆ တွင်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု အသက် ၄၀ အရွယ် မြို့ခံတစ်ဦးက ထိုစဉ်က ပြောသည်။

“မနက် ၁၀ နာရီလောက်ကနေ ဗုံးကြဲတယ်။ ၁၁ နာရီလောက်မှာတော့ ရပ်တန့်သွားတယ်။ မြို့အခြေအနေ မီး လောင်တာတွေရှိတယ်။ ကျွန်တော်တို့ကတော့ မြို့ထဲကိုဝင်မရတော့ အဝေးကကြည့်နေရတယ်။ မီးခိုးတွေ ထွက်နေတာမြင်ရတယ်”ဟု ၎င်းက  ဆိုသည်။

“အခြားမြို့တွေကို ဒီလောက်ဗုံးကြဲတာမတွေ့ဖူးဘူး။ ရမ်းဗြဲမြို့ကို ဘာလို့ ဒီလောက်ထိ ဗုံးကြဲနေလဲမသိဘူး”ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၃ ညနေ ၅ နာရီခွဲခန့်တွင် မြို့ တွင်းဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ခဲ့သဖြင့် ၊အမှတ်(၄) ရပ်ကွက်မှ နေအိမ်တချို့ မီးလောင် ခဲ့ကြောင်း  ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရမ်းဗြဲမြို့မြေပုံ။

ရေပတ်လည်ဝိုင်းနေသည့် ရမ်းဗြဲမြို့တည်ရှိရာ ရမ်းဗြဲကျွန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကျွန်းမကြီးတစ်ခု ဖြစ်ပြီး ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်များကြားတွင် တည်ရှိသည်။

၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ ရမ်းဗြဲမြို့တွင် လူဦးရေ ၉၈၃၇၀ နေထိုင်ပြီး မြို့ပေါ် ရပ်ကွက် ၆ ခုရှိသည်။

လက်ရှိတွင် ဒေသခံ လူဦးရေ ရှစ်သောင်းဝန်းကျင်ခန့်မှာ မြို့ကို စွန့်ကာ ကျေးလက်ဒေသများသို့ ထွက်ပြေး တိမ်း ရှောင်နေရပြီး AA က သိမ်းယူရန် နီးစပ်နေပြီဖြစ်၍ လေတပ်နှင့် ရေတပ်က  ရမ်းဗြဲမြို့ကို ပျက်စီး ကျန်နေစေရန် အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံတချို့က သုံးသပ်ကြသည်။

မင်းပြားမြို့အခြေစိုက် ခြေမြန်တပ်ရင်း စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-AA Info Desk)

AA သည် “၁၀၂၇” စစ်ဆင်ရေးအဖြစ် ၂၀၂၃ နိုဝင်ဘာ ၁၃ မှစတင်ကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင် ပိုင်း ပလက်ဝမြို့နယ်ကို ထိုးစစ်ဆင်ခဲ့ရာ လက်ရှိအချိန်အထိ စစ်တပ်စခန်းပေါင်း ၂၀၀ ကျော်၊ ပလက်ဝ၊ ပေါက် တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကိုသိမ်းယူထားသည်။

မင်းပြားမြို့နယ်မှ လက်ကျန်စစ်စခန်းဖြစ်သော တိုင်းဗဟို (၉ ) ဟု ခေါ်ကြသော ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” အား ဖေဖော်ဝါရီ ၁၇ နံနက်မှ စတင်၍ ထိုးစစ်ဆင်တိုက် ခိုက်လျက်ရှိကြောင်း AA က ယမန်နေ့ က ထုတ်ပြန်သည်။ 

အခြားမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများအနက် တချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တစ်ခုမကျန်သိမ်းပိုက်ရယူနိုင်ရန်အတွက်လည်း ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိသည်ဟု ပါရှိသည်။ 

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ဖေဖော်ဝါရီ ၂၀ ရက်နေ့စွဲဖြင့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး တိုက်တွန်းချက်များ၊ အရေးယူဆောင်ရွက်ချက်များ၊ လုပ်ဆောင်ချက်များကို ဖော်ပြထား သည်။

စစ်ကောင်စီထိန်းချုပ်သော မြို့ကြီးများထက် ULA ထိန်းချုပ်နေရာများ ပြောင်းရွှေ့နေထိုင်ကြရန်၊ စစ်ကောင်စီ အနေဖြင့် စစ်ရာဇဝတ်မှုများ ရှောင်ရှားရန် တိုက် တွန်းထားပြီး ကျုးလွန်ခဲ့သူများအား စစ်ခုံရုံးတင်၍ ULA/AA  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု ပါရှိသည်။

စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင် ရေးတို့အတွက်  အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။  ဖမ်းမိသောသူများကိုလည်း ULA/AA အနေဖြင့် စစ်သုံ့ပန်းဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ အကောင်းဆုံး ထိန်းသိမ်း စောင့်ရှောက်ထားလျက်ရှိကြောင်း ထိုကြေညာချက်တွင် ပါရှိသည်။ 

ရမ်းဗြဲမြို့ပေါ် ရပ်ကွက်အားလုံးလိုလို ပျက်စီးနေပြီး ရခိုင်ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်တွင် လုံခြုံမှုမရှိကြောင်း တိမ်းရှောင်နေရသော ရမ်းဗြဲမြို့ခံ အမျိုးသားက ဆိုသည်။ 

“စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလားဘူး။ ကျွန်တော်တို့ အားကိုးအားထားရာဖြစ်တဲ့ ရက္ခိုင့်တပ်တော််ရဲ့ အရိပ်အောက်မှာ ခိုလှုံဖို့ ပိုပြီး ဆန္ဒရှိလာကြတာပေါ့”

ရမ်းဗြဲမြို့  မြို့မဆေးရုံတစ်ခုလုံးနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်အချို့ ပျက်စီးဆုံးရှုံးသွားခဲ့ရ သည့်မြင်ကွင်း။ (ဓာတ်ပုံ-AA Info Desk) 

ရမ်းဗြဲမြို့  မြို့မဆေးရုံတစ်ခုလုံးနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်အချို့ ပျက်စီးဆုံးရှုံးသွားခဲ့ရ သည့်မြင်ကွင်း။ (ဓာတ်ပုံ-AA Info Desk) 

Show More

Related Articles

Back to top button