သတင်း

ရခိုင်မြောက်ပိုင်း ၆ မြို့နယ်ကို ထောက်ပံ့မှုရပ်ရန် စစ်ကောင်စီညွှန်ကြား

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် ဆောင်ရွက်နေသော လုပ်ငန်းများ ရပ်ဆိုင်းထားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ကုလသမဂ္ဂ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော United Nation OCHA Myanmar  (UNOCHA) က ယမန်နေ့ (စက်တင်ဘာ ၂၁) တွင်  ထုတ်ပြန်သည်။

“ရခိုင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွရပ်ဆိုင်းထားဖို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ တပ်မတော်ဘက်က ညွှန်ကြားထားပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

လုံခြုံရေးအကြောင်းပြကာ ထောက်ပံ့ကူညီမှုများရပ်ဆိုင်းထားရမည့်မြို့နယ်များမှာ တိုက်ပွဲပြင်းထန်နေသည့် မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့ဖြစ်သည်။

UNOCHA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား ဖြစ်နေသည့် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် လုံခြုံရေးအခြေအနေမှာ အကဲဆတ်နေသည်ဟု ပါရှိသည်။

ထို့ပြင် မြို့နယ်အများအပြားတွင် ညမထွက်ရအမိန့်၊ ရှာဖွေစစ်ဆေးမှုများနှင့် ဖမ်းဆီးမှုများအပါအဝင် အသွားအလာကန့်သတ်ချက်များနှင့် လုံခြုံရေးအစီအမံများ ရှိနေကြောင်း ဖော်ပြထားသည်။

“လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေနဲ့ အကူအညီတွေကို ဘေးကင်းစွာနဲ့ အတားအဆီးမရှိ ဖြတ်သန်းပို့ဆောင်နိုင်ရေးအတွက် တိုက်တွန်းစည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်” ဟု ဖော်ပြထားသည်။

ယခင်ကတည်းက တိုက်ပွဲများ၊ ပဋိပက္ခများကြောင့် ရခိုင်မြောက်ပိုင်းသည် အကူအညီထောက်ပံ့မှုများစွာ လိုအပ်နေသလို ယခင်စစ်ပွဲကာလ စစ်ရှောင် သိန်းဂဏန်းခန့် နေရပ်မပြန်နိုင်သေးချိန်တွင် စစ်ကောင်စီသည် လူသားချင်းစာနာမှုအကူအညီများ ဖြတ်တောက်နေခြင်း ဖြစ်သည်။ 

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)၊ UNHCR, FAO,,UNOCHA,UNDP, WHO အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်း ၁၀၀ ကျော်က ပြည်နယ်မြောက်ပိုင်းဒေသခံများကို စားနပ်ရိက္ခာအပါအဝင် အဝတ်အထည်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ပေးနေသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၁၆ ကလည်း တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြောက်ပိုင်းသို့ နိုင်ငံတကာအဖွဲ့အစည်းများကို သွားလာခွင့် ခေတ္တပိတ်ပင်ခဲ့သည်။

လက်ရှိတွင် မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်၊ သင်္ဘောလှ၊ သာယာကုန်း၊ တူရိန်း၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ဖားဝပ်ချောင်းနှင့် ကြိမ်ချောင်းမှ ဒေသခံ ထောင်ဂဏန်းသည် မောင်တောမြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေရသည်။

စစ်ရှောင်နေသော ရခိုင်အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

မြို့ပေါ်ရှိ သာသနာ့ဗိမာန်၊ အားကစားခန်းမနှင့် အောင်ဗလ ဘုန်းတော်ကြီးကျောင်းတို့တွင် ခိုလှုံနေကြသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိကြောင်း မြို့ခံများထံမှ သိရသည်။

မောင်တောမြောက်ပိုင်းသို့ ကူညီရေးသွားမည့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း စစ်ကောင်စီက သွားလာခွင့်ကို တားမြစ်ထားသည်ဟု ကြားသိရကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။

“ဒီမြို့ပေါ်မှာ ရောက်နေကြတဲ့ စစ်ဘေးရှောင်တွေအတွက်အလည်း အကူအညီအများကြီးလိုအပ်ပါတယ်။ တချို့ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို လက်ခံဘူး။ သာသနာ့ဗိမာန်မှာနေတဲ့ စစ်ဘေးရှောင်တွေဆိုရင် ရေအခက်အခဲဖြစ်ကြတယ်” ဟု ၎င်းမြို့ခံက ဆိုသည်။

“(ဒေသမှာ) ကျန်ရှိနေတဲ့ လူတွေကလည်း စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ သိရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ICRC ကလည်း မြောက်ပိုင်းမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေး ပေးဖို့ သွားရောက်ဖို့ စီစဉ်ခဲ့တာကို မြို့နယ်အာဏာပိုင်တွေက ခွင့်မပြုလို့ မသွားရဘူးလို့ ကြားသိရတယ်”

လတ်တလောတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မှ ဒေသခံများမှာ နေရပ်စွန့်ခွာသူ ထောင်နှင့်ချီရှိလာပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များက ဆိုသည်။

“အစားအသောက်က အဆင်မပြေမှုတွေများတယ်။ နောက်ပြီးတော့ ရသေ့တောင်မြို့နယ်မှာက အလုပ်အကိုင်တွေ ရှားတော့ အလုပ်မလုပ်ကြရတဲ့သူတွေ များတယ်” ဟု ရသေ့တောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူကယ်ပြန်က လစဉ်ထောက်ပံ့နေသည့် ဆန် ရိက္ခာမရရှိသည်မှာ ၃ လခန့် ကြာမြင့်နေပြီဖြစ်သည်ဟုလည်း သိရသည်။

“ကျွန်မတို့ စခန်းမှာက လိုအပ်တာတွေအများကြီးပဲ။ ဒီနှစ်မှာ ချက်ပြုတ်စားသောက်ဖို့ အိုးတွေပေးတာ မရှိဘူး။ ခြင်ထောင်တွေလည်း ပေးတာမရှိဘူး။ ဝယ်သုံးမယ်ဆိုလည်း မိသားစု စားစရိတ်တောင် မဖူမလုံဖြစ်နေတာ” ဟု ထို စစ်ရှောင်ဒုက္ခသည်အမျိုးသမီးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်ရှောင် သိန်းချီရှိသော စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ဒေသတို့ကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ သွားလာထောက်ပံ့ခွင့် ပိတ်ပင်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button