သတင်း

နမ့်ဆန်တွင် စစ်ကောင်စီက လေကြောင်းမှ အကြိမ် ၃၀ ကျော် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စခန်းကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီက တစ်ပတ်နီးပါးအတွင်း လေကြောင်းမှ အကြိမ် ၃၀ ကျော် ဗုံးကြဲရာတွင် ဖျက်အားပြင်းသည့် ပေါင် ၅၀၀ ဗုံးများပါဝင်ကြောင်း TNLA ဘက်က ပြောသည်။

နမ့်ဆန်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကုန်းသာရွာအနီးတွင် မြေပြင်၊ ဝေဟင် စစ်ဆင်လာသည့် စစ်ကောင်စီကို ဒီဇင်ဘာ ၇ ရက်မှစကာ အပြင်းအထန် ခုခံနေရကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်ကူများပေးပို့နေသလို မြောက်ဘက် မိုင် ၃၀ ကျော် အကွာတွင်ရှိသည့် မန်တုံ၊ မိုးမိတ်မြို့များမှ စစ်ကောင်စီတပ်များကလည်း  ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ၎င်းထံမှ သိရသည်။

“မနေ့ (ဒီဇင်ဘာ ၁၁) ညကတော့ ငါးနေရာလောက်ကို ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံးနဲ့ လာကြဲတာရှိတယ်။ နှစ်လုံးကတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာနားမှာဖြစ်တယ်။ သုံးလုံးကတော့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ မိုးမိတ်မြို့နယ် ရေပုံးကျေးရွာဝန်းကျင်မှာ ကျတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီအင်အား ရာဂဏန်းခန့်ရှိကြောင်း၊ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်၊ သေဆုံးမှုရှိသော်လည်း အသေးစိတ် အတည်ပြုနိုင်သေးကြောင်း၊ စစ်တပ်ရဟတ်ယာဉ်တစ်စီးကို TNLA ဘက်က ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့သည်ဆိုသော သတင်းများကို အတည်မပြုပေးနိုင်ကြောင်း ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

“အောက်ခြေကတော့ ကျွန်တော်တို့ရှိတဲ့ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်တာတော့ ရှိတယ်ဗျ။ ဒါပေမယ့် ထိ၊ မထိတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး TNLA စခန်းအနီး ကုန်းသာရွာသို့ ကျသဖြင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ရှောင်အရေးကူညီနေသူအချို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးအနားတွင်ရှိသည့် ကုန်းသာ၊ ဟူးမန်း၊ မန်လုံး၊ ပိန်းလုံနှင့် တာလတ်ရွာတို့မှ ဒေသခံ ၁၀၀၀ ကျော်မှာ နမ့်ဆန်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်နေကြရသည်ဟု နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ တက်ကြွလူငယ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၁၂) နံနက် အစောပိုင်းတွင် တိုက်ပွဲဖြစ်သည့် အနီးဝန်းကျင်တွင် စစ်ကောင်စီ လေယာဉ်တစ်စီး ကင်းထောက်ပျံသန်းနေသည်မှအပ တိုက်ပွဲများ ငြိမ်သက်နေသည်ဟု TNLA ထံမှ သိရသည်။

သို့သော် မိုးမိတ်၊ မန်တုံနှင့် နမ့်ဆန်မြို့များတွင် စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများရှိနေပြီး နမ့်ဆန်မြို့ တွင် စစ်အင်အားများ ဆက်လက်ဖြည့်တင်းနေသည်ဟု ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောသည်။

နိုင်ငံအနှံ့ခုခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့အချို့ကို TNLA က စစ်ရေးကူညီနေသည်ဟု စစ်ကောင်စီက မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ နမ့်ဆန်တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါ။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာချိန်အထိ စစ်ကောင်စီတပ်က ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့နှင့် တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။ ထိုကာလအတွင်း TNLA နှင့် စစ်တပ် တိုက်ပွဲ ၁၀ ကြိမ်ဝန်းကျင်သာရှိသည်။

ထိုအခြေအနေမှာ စစ်ကောင်စီက ယခုလဆန်းတွင် နန့်ဆန်မြို့နယ်အတွင်း ရုတ်တရက် ထိုးစစ်ဆင်လာပြီးနောက် ရုတ်ခြည်းပြောင်းလဲလာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button