သတင်း

နေပြည်တော်တွင် ရက်ပိုင်းအတွင်း ဗုံးနှင့် မိုင်း ၁၀ လုံးထက်မနည်းတွေ့

အာဏာသိမ်း စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်တွင် ဒီဇင်ဘာလဆန်းအတွင်း နေရာသုံးခု၌ ဗုံးနှင့် မိုင်း ၁၀လုံးထက်မနည်း တွေ့ရှိပြီးနောက် လုံခြုံရေးတင်းကျပ်ထားကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ ၁ တွင် လယ်ဝေးမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်အနီး ရဲကင်းနားတွင် အသံမိုင်း တစ်လုံးပေါက်ကွဲသည်၊ ထိုနေရာတွင် နောက်ထပ် မိုင်းနှစ်လုံးထပ်တွေ့သဖြင့် ဖောက်ခွဲဖျက်ဆီးလိုက်ရသည်ဟု စစ်ကောင်စီ ဝါဒဖြန့် မီဒီယာအချို့တွင် ဖော်ပြသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ လယ်ဝေးမြို့ ထမင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၉ နှစ်အရွယ် ကိုဖုန်းမြတ်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်လိုက်သည်။

ထို့အပြင် လယ်ဝေးမြို့နယ် အမှတ် ၆ ရပ်ကွက်၊ မြို့သစ် ၅လမ်း (မိုးပြာလမ်း) တွင် ဒီဇင်ဘာ ၉ ရက်နေ့က ဗုံးခြောက်လုံး ပါဝင်သည့် အိတ်တစ်လုံးကို ရဲတပ်ဖွဲ့က သိမ်းသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်ကွက်သားအချို့ထံမှ သိရသည်။

အလားတူပင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL) ၏ ခရီးသွားလုပ်ငန်း ရုံးခွဲတစ်ခုဖြစ်သည့် ပျဉ်းမနားမြို့နယ် ဘောဂသီရိကားကြီးဝင်းရှိ တော်ဝင်အဝေးပြေးကားဂိတ်တွင် ဒီဇင်ဘာ ၁၀ရက် ၌ ဗုံးငါးလုံး ရှာဖွေ တွေ့ရှိခဲ့ရာ ထိုဗုံးများကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု ကားကြီးဝင်းရှိ သတင်းရင်းမြစ်အချို့က ဆိုသည်။

“သူတို့ ရဲနဲ့စစ်သားတွေပြောတာလည်း ဗုံးငါးလုံးတွေ့တယ်။ တော်ဝင်ဂိတ်ကသူတွေလည်း အဲအတိုင်းပဲ ပြောတာ။ ဖောက်ခွဲဖျက်ဆီးတော့လည်း အသံက ငါးချက်ကြားတာပဲ” ဟု တစ်ဦးက ပြောသည်။

တော်ဝင်ကားဂိတ်တွင် တွေ့သည့် ဗုံးမှာ မွန်ပြည်နယ် သထုံမြို့နယ် ကားလက်မှတ်အရောင်းဌာနတစ်ခုမှ တင်ပို့လိုက်သည့် ပါဆယ်ထုတ်ထဲတွင် ပါဝင်လာခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ ထိုဖြစ်စဉ်ကြောင့် ပစ္စည်းတင်ပို့ရာ သထုံမြို့နယ် နောင်ကုလားကျေးရွာ ကားလက်မှတ်အရောင်းဂိတ်ပိုင်ရှင် အသက် ၄၀ ကျော်အရွယ် ဦးညီညီရှိန်နှင့် ၎င်း၏ မိသားစုကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသည်။

“ပို့တဲ့သူကို မမှတ်မိဘူးဖြစ်နေတာ။ အဲဒါကြောင့်မို့ သူကို ဖမ်းဆီးလိုက်တာ” ဟု သထုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဦးညီညီရှိန်နှင့် အတူဖမ်းဆီးခံရသူများထဲတွင် ဇနီး၊ အသက် ၇ နှစ်၊ ၁၀ နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်ကြောင်း၊ ဦးညီညီရှိန်မှာ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားလက်နက်ကိုင် အဖွဲ့(ပျူစောထီး) ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါဖြစ်စဉ်များ၊ ဦးညီညီရှိန်အပေါ် စွပ်စွဲချက်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီက လာမည့်နှစ်ဆန်းတွင် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ခမ်းခမ်းနားနားကျင်းပရန် စီစဉ်နေချိန်တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ရက်ပိုင်းအတွင်း ဗုံးနှင့် မိုင်းများ ဆက်တိုက် တွေ့ရှိခဲ့ရပြီးနောက် မြို့အတွင်း စစ်ဆေးမှုများ တိုးမြှင့်ထားသည်ဟု စုံစမ်းသိရှိရသည်။

“ခုက လယ်ဝေးမှာ နေ့ဘက်တွေရော ညဘက်တွေရော လုံခြုံရေးကားတွေနဲ့ ပိုက်စိပ်တိုက်ပဲ စစ်ဆေးနေတာ၊ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုလည်း စစ်တယ်” ဟု လယ်ဝေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း နိုင်ငံအနှံ့ ခုခံခံမှုများ မြင့်တက်နေသော်လည်း နေပြည်တော်တွင် ရံဖန်ရံခါမှသာ ပစ်ခတ်၊ တိုက်ခိုက်မှုများ ဖြစ်လေ့ရှိသည်။ စစ်ကောင်စီက ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော် အချက်အချာကျရာနေရာများတွင် ဘန်ကာနှင့် ကတုတ်ကျင်းများပါ အခိုင်အမာတူး၍ လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button