သတင်း

ဗုံးခွဲမှုသံသယဖြင့် အဖမ်းခံရသည့်လူငယ် နေပြည်တော်စစ်ကြောရေးတွင် သေဆုံး

နေပြည်တော်၊ လယ်ဝေးမြို့မှ လူငယ်တစ်ဦး မြို့လယ်ခေါင် ဗုံးဖောက်ခွဲရန် ကြံစည်သည်ဟု စွပ်စွဲဖမ်းဆီးခံရပြီး ၃၆ နာရီအတွင်း သေဆုံးသွားသည်ဟု မိတ်ဆွေများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ 

သေဆုံးသွားသူမှာ လယ်ဝေးမြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် ကိုဖုန်းမြတ်ကိုဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက ၎င်းအလုပ်လုပ်သည့် ထမင်းကြော်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့များ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။ 

ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက လယ်ဝေးမြို့လယ်၊ ဗိုလ်ချုပ်ကြေးရုပ် ရဲဂိတ်အနီး ဗုံးပေါက်ကွဲမှု သံသယဖြင့် ထိုလူငယ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း လယ်ဝေးမြို့ခံများနှင့် မိသားစုနှင့် နီးစပ်သူများက ပြောသည်။ 

ထိုလူငယ်နှင့်အတူ ပါသွားသည့် ပစ္စည်းတချို့ကိုသာ မိဘများက ပြန်ရခဲ့သည်ဟု သူ၏မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဒီဇင်ဘာ ၄ ရက်၊ မွန်းလွဲပိုင်း ၁ နာရီလောက်မှာ သူ့အဖေနဲ့ အမေဆီ ဖုန်းနဲ့ ဆိုင်ကယ် ပြန်ပေးတယ်။ ပြန်ပေးတော့ ‘ကျွန်မသားရော’ ဆိုတော့ ‘သေပြီ’ လို့ ပြောတယ်။ ကျွန်မသား ခေါ်သွားတုန်းက အကောင်းကြီး၊ ဘာလို့ဆုံးတာလဲဆိုတော့ ‘နှလုံးသွေးကြောကျဉ်းရောဂါရှိတော့ နှလုံးရပ်ပြီး ဆုံးတာ’ လို့ ပြောတယ်” ဟု သူက ဆိုသည်။

ကိုဖုန်းမြတ်ကို၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၄ ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကွေ့ကြီးသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး စစ်တပ်ထုတ်စောင်တစ်ထည်ဖြင့် တစ်ကိုယ်လုံးကို ထုတ်ထားရာ မိသားစုက မျက်နှာကိုသာ မြင်ခွင့်ရခဲ့ကြောင်း သူက ဆက်ပြောသည်။

သေဆုံးသူတွင် အစ်ကိုတစ်ဦးရှိသည်၊ အသက် ၅၀ ကျော်အရွယ် ဖခင်မှာ ရေကားမောင်း၊ မိခင်ဖြစ်သူမှာ လယ်ဝေးဈေးတွင် ကုန်စိမ်းရောင်းချကြောင်း သိရသည်။

ကိုဖုန်းမြတ်ကိုသည် နံနက်ပိုင်းတွင် မိခင်ဖြစ်သူကို ဈေးကူရောင်းပြီး လယ်ဝေးမြို့၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအနီး လမ်းဘေးထမင်းကြော်ဆိုင်တွင် ညပိုင်း အလုပ်လုပ်ကိုင်သူဖြစ်သည်ဟု ဒက္ခိဏသီရိမြို့နယ်မှ အမျိုးသားတစ်ဦးက ပြောပြသည်။ 

“ကောင်လေးက (ထမင်းကြော်) ဆိုင်မှာ အတော်အားကိုးရတာ၊ သူ့လက်သူ့ခြေပဲ။ ဟင်းထည့်တာ သူပဲ ဒိုင်ခံထည့်ပေးတာ။ ကျွန်တော့်ဆို အမြဲပိုထည့်ပေးနေကျ” ဟု သူက ဆိုသည်။

စကားပြောယဉ်ကျေးပြီး ချစ်ခင်ဖွယ် မျက်နှာသွင်ပြင်ရှိသည့် ကိုဖုန်းမြတ်ကိုသည် လူအများနှင့် တည့်အောင် နေထိုင်တတ်သူဖြစ်ကြောင်းလည်း ၎င်း၏ မိတ်ဆွေများက ပြောသည်။ 

“ခုလို နှိပ်စက်သတ်ဖြတ်တာကတော့ မင်းမဲ့စရိုက်ဆန်လွန်းတယ်။ သူလုပ်တာ သေချာရင်လည်း တရားဥပဒေနဲ့ အရေးယူပေါ့။ ခုက သူတို့ ဥပဒေစိုးမိုးတဲ့ နေပြည်တော်မြို့ပေါ်တွေမှာ ဘာမှလာမလုပ်နဲ့၊ လုပ်ရင် ဒီလိုသတ်ပစ်မယ်ဆိုတဲ့ ပုံစံနဲ့ ပြည်သူတွေကြောက်အောက် ခြိမ်းခြောက်လိုက်တာ” ဟု လယ်ဝေးမြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

ပုဗ္ဗသီရိမြို့နယ်ရှိ ရွာတော်စစ်ကြောရေးတွင် နေပြည်တော်မြို့ပြပျောက်ကြားအဖွဲ့ဝင် ငါးဦး၏ အမည်ကို ထုတ်ပြောခိုင်းရာ ကိုဖုန်းမြတ်ကိုက မပြောသဖြင့် နှိပ်စက်မှုဒဏ်ကြောင့် လက်လွန်သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရကြောင်း သူ၏ မိတ်ဆွေတစ်ဦးက ပြောသော်လည်း ထိုပြောကြားချက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်မပြုနိုင်သေးပါ။ 

သေဆုံးမှုနှင့် ပတ်သက်၍လည်း စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိဘဲ သတင်းအမှောင်ချထားသည်။

နေပြည်တော် ၈ မြို့နယ်အနက် လယ်ဝေးမြို့သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားအကောင်းဆုံး မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကြောရေးတွင် သေဆုံးခဲ့ရသည့် လယ်ဝေးမြို့ခံ နှစ်ဦးအထိ ရှိပြီ ဖြစ်သည်။

လယ်ဝေးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည့် ဒေသခံများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ တွင် တွေ့ရစဉ် (ဓာတ်ပုံ- မင်းမင်း/Myanmar Now) 

နေပြည်တော်၊ လယ်ဝေးမြို့၊ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးမှာလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။

CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် အသက် ၃၆ နှစ်အရွယ် ဦးလှမင်းမောင်သည် ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးသွားသည်။ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရသော်လည်း ရောဂါအခံကြောင့် သေဆုံးခြင်းဟု စစ်ကောင်စီက အကြောင်းပြခဲ့သည်။ 

ထို့ပြင် ဇဗ္ဗူသီရိမြို့နယ်တွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တစ်ဦးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဦးကျော်ကျော်(ခ) အဂ္ဂမိုးညိုမှာလည်း ပြီးခဲ့သည့်နှစ် မတ်လအတွင်း စစ်ကောင်စီလက်ချက်ဖြင့် စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။  

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၊ မြို့ပြပြောက်ကျား စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရသူ ၅၀ ထက်မနည်း ရှိခဲ့သည်။  အများစုမှာ CCTV စောင့်ကြည့်ကင်မရာများမှတစ်ဆင့် ခြေရာခံမိပြီး ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အရပ်သားအစိုးရလက်ထက်တွင် နေပြည်တော်လုံခြုံရေးအတွက် ငွေကျပ် ၄ ဘီလျံကျော် အကုန်အကျခံကာ ဉာဏ်ရည်တုနည်းပညာ(AI) သုံး စောင့်ကြည့်ကင်မရာ(CCTV) များ တပ်ဆင်ခဲ့သည်။ ထိုစီမံကိန်းတွင် အသုံးပြုထားသော ပစ္စည်းအများစုမှာ တရုတ်နိုင်ငံ၊ ဟွာဝေး(Huawei) ကုမ္ပဏီထုတ် ပစ္စည်းများဖြစ်သည်။ 

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် အသက် ၃၇ နှစ်အရွယ် ဦးခင်မောင်ရင်နှင့် အသက် ၄၈ နှစ်အရွယ် ဦးတင်ကိုငြိမ်း(ခ)ရွှေကောင်း တို့ နှစ်ဦးကို နေပြည်တော်အချုပ်ထောင်တရားရုံးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နှစ်ရှည်ထောင်ဒဏ်အဖြစ် နှစ် ၄၀ ကျော်စီ ချမှတ်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုနှစ်ဦးမှာ နေပြည်တော်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဗိုလ်တေဇဆိုသူ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော်-ပကဖ) ခေါင်းဆောင်က အတည်ပြုသည်။

နေပြည်တော် ပကဖ ခေါင်းဆောင် ဗိုလ်တေဇ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်ခေါင်းဆောင်ဟောင်းများ နေထိုင်ရာ နေပြည်တော်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း၊ ဘန်ကာများအပြင် အချို့နေရာများတွင် ကတုတ်ကျင်းများပါ တူးထားကြောင်း Myanmar Now က သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။ 

စစ်ကောင်စီဘက်က ထိုသို့ အပြည့်အဝထိန်းချုပ်ထားသည့် နေပြည်တော်တွင် ယခုနှစ်အတွင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှု မရှိတော့သလောက် နည်းပါးသွားသည်။ 

PDF အပါအဝင် နေပြည်တော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်အများစုမှာ လက်ရှိတွင် ကယား(ကရင်နီ) နှင့် ကရင်ပြည်နယ်အတွင်း အဓိကအခြေစိုက်ပြီး လှုပ်ရှားနေကြသည်မှာလည်း အများသိသော လျှို့ဝှက်ချက်ဖြစ်သည်။ 

လယ်ဝေးမြို့လယ် စစ်တပ်ဂိတ်အနီး ဒီဇင်ဘာ ၁ ရက် နံနက် ၇ နာရီခွဲတွင် ဗုံးတစ်လုံးဖောက်ခွဲခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ထိုပေါက်ကွဲမှုကြောင့် ထိခိုက်၊ သေဆုံးမှု တစ်စုံတစ်ရာ မရှိကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူပေါင်း ၂၅၆၁ ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် စစ်ကြောရေးတွင် သေဆုံးသူများလည်း ပါဝင်ပြီး စစ်ကောင်စီကမူ ထိုသူများသည် ရောဂါအခံကြောင့် သေဆုံးရခြင်းဟု ဆင်ခြေပေးလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button