သတင်း

နေပြည်တော်တွင် ဘန်ကာများအပြင် ကတုတ်ကျင်းများပါ တူးထား

အာဏာသိမ်း စစ်ခေါင်းဆောင်များနေထိုင်ရာ နေပြည်တော်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လုံခြုံရေး အထူးတင်းကျပ်ထားသည့်အပြင် ယခုအခါ စစ်ရုံးချုပ်သွားရာလမ်းတစ်လျှောက် ဘန်ကာများနှင့်အတူ ကတုတ်ကျင်းများပါ တူးထားကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်ဧရိယာအတွင်း မြို့နယ်အများစုတွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန်၊ လူငါးဦးထက် စုဝေးခြင်းမပြုရန် စစ်ကောင်စီက ယခုလ ၁၇ ရက်၌ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ပြီးနောက် လမ်းဆုံလမ်းခွများတွင် ဘန်ကာများတည်ဆောက်၍ လုံခြုံရေးတိုးမြှင့်ခဲ့သည်။ 

စစ်ဗိုလ်ချုပ်ကြီးများ ရုံးထိုင်သည့် ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးချုပ်သို့ အဝင်အထွက်ပြုသော နေရာ ၁၅ ခု ထက်မနည်းတွင် လုံခြုံရေးဘန်ကာများကို အကာအကွယ်ပြု၍ ကတုတ်ကျင်းများတူးထားကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်များက ပြောသည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ စစ်ရုံးချုပ်သို့ သွားရာလမ်းတစ်လျှောက်အပြင် ပင်လောင်းလမ်းဆုံနှင့် သိုက်ချောင်းလမ်းဆုံးတို့တွင် လုံခြုံရေးဘန်ကာများနှင့်အတူ ကတုတ်ကျင်းလေးခုထက်မနည်း ရှိသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“အဓိကတော့ တိုင်းမှူးတွေ တပ်ချုပ်လမ်းကြောင်း သွားလေ့ရှိတဲ့လမ်းက ဘန်ကာတိုင်းလိုလိုမှာ တွင်းတူးထားတာပဲ” ဟု ၎င်းက ပြောသည်။

နေပြည်တော်ရှိ မြို့နယ်ရှစ်ခုလုံးတွင် သဲအိတ်များဖြင့် ကာရံထားသည့် လုံခြုံရေးဘန်ကာ ၁၀၀ ထက်မနည်း ရှိနေပြီး အချို့သော နေရာများတွင် လူမနေသည့်ခြံဝင်းအတွင်း လုံခြုံရေးယူထားခြင်းလည်း ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

ယမန်နေ့ (စက်တင်ဘာ ၂၈) တွင် Myanmar Now က လှည့်လည်ကြည့်ရှုစဉ် တိုင်းစစ်ဌာနချုပ်မှ စစ်ရုံးချုပ်သွားရာ အဓိကလမ်းမကြီးဖြစ်သော အေးမြင့်သာယာလမ်းမပေါ်ရှိ တံတားအနီးတွင် စစ်ကားနှင့် ရဲကားများအပြင် လက်နက်ကိုင်အစောင့် ၁၀ ဦးထက်မနည်းရှိနေပြီး ပင်လောင်းလမ်းဆုံတွင် တင့်ကားတစ်စီးနှင့်အတူ စစ်သားများ စောင့်ကြပ်စစ်ဆေးနေသည်ကို တွေ့ရသည်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးများနေထိုင်ရာ ခြောက်လုံးတန်းအိမ်ရာ အဝင်လမ်းတစ်ခုကို ကွန်ကရစ်တုံးများဖြင့် ပိတ်ဆို့ထားစဉ်။ (ဓာတ်ပုံ – Myanmar Now)

ထို့ပြင် စစ်ရုံးချုပ်သွားရာ ပင်လောင်လမ်းဆုံနှင့် ပျဉ်းမနားဘက်မှ တိုင်းစစ်ဌာနချုပ်သို့သွားရာ ရာဇဌာနလမ်းမပေါ်ရှိ ပန်းခင်းလမ်းမီးပွိုင့်တို့တွင် ဖရီးကြော ခေါ် လမ်းကွေ့နေရာများကို အုတ်ရုံးဖြင့် ကာရံကာ လမ်းလွှဲထားကို တွေ့ရသည်။

“ဖရီးကြောဆိုတာက မီးပွိုင့်မမိအောင် မကြာအောင် လုပ်ပေးထားတာ။ တိုင်းစစ်ဌာနချုပ်နဲ့ စစ်ရုံးချုပ်ကို ဖြတ်သွားရတဲ့ ပွိုင့်တွေမှာပဲ လုပ်တာဆိုတော့ စစ်ကားတွေ မီးပွိုင့်မိလို့ကြာရင် အကျွေးခံရနိုင်တဲ့ စိုးရိမ်လို့ ဖရီးကြောတွေ လုပ်လိုက်တယ်ထင်တယ်” ဟု နေပြည်တော်ဒေသခံတစ်ဦးက ထင်မြင်ချက်ပေးသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ နအဖစစ်အစိုးရခေတ် ထိပ်တန်းဗိုလ်ချုပ်ကြီးများဖြစ်သည့် ဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဦးတင်အေးနှင့် ဦးတင်အောင်မြင့်ဦးတို့ နေထိုင်ရာ ခြောက်လုံးတန်းခေါ် အိမ်ရာတစ်ဝိုက်တွင်လည်း ကွန်ကရစ်ဘလောက်တုံးများချကာ လမ်းပိတ်ဆို့ထားသည့်အပြင် သံဆူးကြိုး အကာအရံများ ချထားသည်ကို တွေ့ရသည်။

ထိုစစ်ဗိုလ်ချုပ်ဟောင်းများ၏ နေအိမ်ခြံစည်းရိုး အပြင်ဘက်တွင် သံဆူးကြိုးထပ်ကာလျက် ဘန်ကာများနှင့်အတူ လက်နက်ကိုင် လုံခြုံရေးများ တိုးမြှင့်ချထားသည်ကို တွေ့ရှိရသည်။​

သပြေကုန်းအဝိုင်းနှင့် ရာဇဌာနလမ်းမပေါ်မှ ရှားပင်ကုန်းအဝိုင်းကြား ရာဇသင်္ဂဟလမ်းမဘေးရှိ အာဏာရှင်ဟောင်း စစ်ဗိုလ်ချုပ်ကြီးများနေထိုင်ရာ ထိုခြောက်လုံးတန်းအိမ်ရာတွင် အာဏာသိမ်းပြီးကတည်းက တပ်၊ ရဲတို့ဖြင့် အပြင်စည်းလုံခြုံရေးပါ ထပ်မံတင်းကျပ်ခဲ့ကြောင်း စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးက ပြောသည်။​

“လုံခြုံရေးက ထူးထူးခြားခြားကြီးတော့ မရှိသေးပါဘူး။ ဘန်ကာတွေ လုံခြုံရေးထပ်ဖြည့်တာတွေ လုပ်တယ်။ ဗိုလ်မှူးချုပ်အုန်းသွင် (အငြိမ်းစား) လုပ်ကြံခံရတဲ့ ကိစ္စက ဂယက်ရိုက်သွားတယ်။ စိုးရိမ်ထိတ်လန့်သွားတယ်ပေါ့လေ။ ပုံမှန်ထက် ပိုပြီးလုံခြုံရေး တင်းကျပ်လိုက်တဲ့သဘောပါ။ ခါတိုင်းထက် သူတို့မှာ စိုးရိမ်စိတ် ပိုကြီးသွားတယ်” ဟု နေပြည်တော်တွင် နေထိုင်သည့် စစ်ဗိုလ်ချုပ်ဟောင်းက ဆိုသည်။ 

သံအမတ်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်းအုန်းသွင်ကို ယခုလ ၂၄ ရက်က ရန်ကုန်မြို့ နေအိမ်တွင် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက သေနတ်ဖြင့် ဝင်ရောက်လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထိုသို့ ဝင်ရောက်ပစ်ခတ်စဉ် ခုခံရန် ကြိုးပမ်းခဲ့သူ ဗိုလ်မှူးချုပ်ဟောင်းအုန်းသွင်၏ သမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇသူလည်း တစ်ပါတည်း သေဆုံးခဲ့သည်။ 

အဆိုပါ ဗိုလ်ချုပ်ဟောင်း ဦးအုန်းသွင် လုပ်ကြံခံရပြီးနောက် နေပြည်တော်တွင် လုံခြုံရေးတင်းကျပ်နေခြင်းနှင့် ပတ်သက်၍ အထက်ပါ စစ်ဗိုလ်ချုပ်ဟောင်းက “ခေါင်းဆောင်လုပ်တဲ့သူက သူ့လုံခြုံရေးပဲ အဓိကထားတာကိုး။ ကျန်တဲ့သူတွေကို ထည့်စဉ်းစားတာ မဟုတ်တဲ့ အခါကျတော့ သူ့လုံခြုံရေးရှိ နေရင်ပြီးတာပဲ။ ကျန်တဲ့သူတွေ ဘာဖြစ်ဖြစ်ဆိုတာမျိုးဆိုတော့ ပြဿနာမရှိပါဘူး” ဟုလည်း ၎င်းက ဝေဖန်သည်။

နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများ သွားရာလမ်းမတစ်ခုတွင် အခိုင်အမာချထားသည့် လုံခြုံရေးအရံအတားများ။

လွန်ခဲ့သော သီတင်းပတ်အကျော်က ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် ရန်ကုန် – မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမှတစ်ဆင့် နေပြည်တော်ဝင်ထွက်သည့် နေရာများ၊ မြို့ပတ်လမ်းနှင့် ဟိုတယ်ဇုန်ရှိ လမ်းဆုံလမ်းခွများ သဲအိတ်ကာ ဘန်ကာများ၊ ယာယီတဲများဆောက်ကာ လက်နက်ကိုင်လုံခြုံရေးများ တိုးမြှင့်ချထားခဲ့သည်။

လက်နက်ကိုင် ခုခံတော်လှန်သူအချို့ စိမ့်ဝင်နေသည်၊ ပြောက်ကျားတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက နေပြည်တော်ကို ဝင်တိုက်နိုင်ခြေရှိသည်ဆိုသော သတင်းများကြောင့်လည်း စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်အားတစ်ထောင်ခန့်ရှိ အထူးတပ်မသုံးခုဖွဲ့စည်းကာ ခံစစ်ပြင်နေသည်ဟုလည်း အချို့သော သတင်းရင်းမြစ်များက ဆိုသည်။

နေပြည်တော်နှင့် အနီးဆုံးဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အစပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ဒေသခံ PDF များ အားကောင်းနေပြီး စစ်ကောင်စီနှင့် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေသည်။

“ရိုးမ (နေပြည်တော်နှင့် ထိစပ်နေသော ရှမ်းကယားအစပ်တောင်တန်း) နဲ့ ဆက်နေတဲ့ တောလမ်း ဝင်ပေါက်တွေမှာလည်း စစ်တပ်က လုံခြုံရေးယူထားတယ်။ အဲမှာလည်း ကတုတ်ကျင်းတွေ တူးထားတယ်” ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြောသည်။​

နေပြည်တော်တွင် နေထိုင်လျက်ရှိသည့် စစ်ဗိုလ်ချုပ်ဟောင်းကလည်း “ပြည်နယ်တိုင်း အားလုံးလိုလို မှာ စစ်မျက်နှာဖွင့်ထားတာမျိုးဖြစ်တော့ တပ်တွေက အကုန်လုံး ပန်းနေတယ်။ ဒီမှာ အင်အားထပ်ဖြည့်ဖို့ ထုတ်လုပ်လို့ ရတာမျိုးမရှိဘူး။ ခေါင်းဆောင်လုပ်တဲ့သူက သူ့လုံခြုံရေးပဲ အဓိကထားတာကိုး” ဟု ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button