သတင်း

နေပြည်တော်တွင် ဘန်ကာများချ၍ လုံခြုံရေး အထူးတင်းကျပ်နေ

စစ်ကောင်စီက နေပြည်တော်တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ကို စည်းကမ်းထပ်ဖြည့်၍ သက်တမ်းထပ်တိုးလိုက်သလို မြို့တွင်း အချက်အချာကျသည့် နေရာများ၌ ဘန်ကာများ ချကာ လုံခြုံရေး အထူးတင်းကျပ်ထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ နေအိမ်တစ်လုံးရှိသည်ဟု သတင်းကြီးပြီး စစ်တပ်အသိုင်းအဝိုင်း အစိုးရအရာရှိဟောင်းများ နေထိုင်သည့် ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းပေါ်ရှိ ရာဇသင်္ဂဟအိမ်ရာကို ကန့်သတ်နယ်မြေအဖြစ် ဆိုင်းဘုတ်ချိတ်ဆွဲ သတ်မှတ်ထားသည်။ 

အိမ်ရာ ဝင်ထွက်လမ်းများတွင် သံဆူးကြိုးအတားအဆီးများ ချထားသည်။ လမ်းထိပ်များတွင် ယာယီအဆောက်အအုံများ၊ ကားတာယာနှင့် သဲအိတ်ကာရံထားသည့် ဘန်ကာများ၊ လက်နက်အပြည့်အစုံဖြင့် ရဲများလည်းရှိသည်။ မြို့တွင်း၌ သွားလာနေသည့် စစ်သုံးထရပ်ကားများကို ယနေ့ (စက်တင်ဘာ ၁၉) နံနက်တွင် တွေ့ရသည်။

အမြန်လမ်း မိုင် ၂၀၀ မှ နေပြည်တော်သို့အဝင် ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ ကံ့ကော်အဝိုင်းမှ ရန်ကုန်-မန္တလေး လမ်းဟောင်းသို့ ဆက်သွယ်ထားသည့် ၂ မိုင်ဝန်းကျင်ရှိ လမ်းသွယ်အတွင်း ရဲတပ်ဖွဲ့ ဘန်ကာနှင့် လုံခြုံရေးတဲ ၅ ခုရှိသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟ အိမ်ရာသို့ ဝင်နိုင်သည့် လမ်းသွယ်တစ်ခုတွင် ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်တားဆီးထားသည်ကို ၂၀၂၂ စက်တင်ဘာလဆန်းက တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

လွန်ခဲ့သည့် နှစ်ရက် (စက်တင်ဘာ ၁၇) ကလည်း စစ်ကောင်စီက ညမထွက်ရအမိန့်ကို စည်းကမ်းထပ်တိုး၍ ထုတ်ပြန်ထားသည်။ ည ၁၂ နာရီမှ နံနက် ၄ နာရီ အပြင်မထွက်ရ၊ လူ ၅ ဦးထက်ပို၍ မစုဝေးရ၊ ဆန္ဒမပြရ၊ ဟောပြောခြင်းမပြုရ စသဖြင့် ပါဝင်ပြီး နောက်ထပ် အမိန့်မထုတ်မချင်း အတည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုအမိန့်မှာ နေပြည်တော်သို့ ဝင်ထွက်နိုင်သည့် အခြားဒေသများနှင့် နယ်မြေဆက်စပ်နေသော တပ်ကုန်း၊ ပျဉ်းမနား၊ ဇေယျာသီရိ၊ လယ်ဝေး၊ ဒက္ခိဏာသီရိ၊ ဥတ္တရသီရိ မြို့နယ် ၆ ခုနှင့် အကျုံးဝင်ကြောင်း၊ ညမထွက်ရသတ်မှတ်ချိန်မှာ အာဏာသိမ်းစကတည်းက ထုတ်ပြန်ထားသည့် အမိန့်နှင့် အတူတူပင်ဖြစ်သော်လည်း လူမစုရဟု ထပ်မံကန့်သတ်ထားကြောင်း နေပြည်တော်ဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

“သက်တမ်းတိုးထုတ်ပြန်လိုက်တာပဲ။ စုဝေးဟောပြော ဆန္ဒပြတာတွေကို တားမြစ်တာကတော့ အသစ်ပါလာတာ” ဟု လုံခြုံရေးအရ ကိုယ်ရေးအချက်အလက်နှင့် ဌာနအမည်ထုတ်မပြောလိုသည့် ၎င်းက ပြောသည်။

ဇဗ္ဗူသီရိနှင့် ဗုဗ္ဗသီရိမြို့နယ်တို့တွင် ယနေ့ (စက်တင်ဘာ ၁၉) နံနက်ပိုင်းအထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းမတွေ့ရသော်လည်း စစ်ကောင်စီက ထပ်မံထုတ်ပြန်လိမ့်မည်ဟု ယုံကြည်ရကြောင်း ထိုသူက ဆက်ပြောသည်။

နေပြည်တော် မြို့နယ်နှင့် ခရိုင်များ အခြေပြမြေပုံ။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တန်ပြန်ခုခံစစ်စမည်ဟု ထုတ်ဖော်ပြောဆိုသည့် စက်တင်ဘာလဆန်းပိုင်းမှစကာ နေပြည်တော်မြို့တွင်း အချက်အချာနေရာများ၌ ဘန်ကာများချထားကာ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်းမှတစ်ဆင့် နေပြည်တော်သို့ ဝင်ထွက်နိုင်သည့် နေရာများ၊ မြို့ပတ်လမ်းပေါ်၊ ဟိုတယ်ဇုန်နှင့် မြို့ဧရိယာရှိ လမ်းဆုံ၊ လမ်းခွများတွင် ဘန်ကာနှင့် ယာယီတဲ ဆောက်ကာ ရဲများက လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေသည့် နေရာ ၁၅ ခုထက်မနည်း တွေ့ရသည်ဟု မြို့ခံ ပထမသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နေပြည်တော်မြို့တွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကိုသာ စစ်ကောင်စီက အသုံးပြုနေကြောင်း အင်အားမလုံလောက်၍ အခြားတိုင်းနှင့် ပြည်နယ်များမှ ခေါ်ယူဖြည့်တင်းထားကြောင်း မကြာသေးမီကမှ နေပြည်တော်သို့ ရွှေ့လာရသည့် ရဲတပ်ဖွဲ့ မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“တိုင်းနဲ့ပြည်နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်၊ စစ်မျက်နှာတွေ ဖွင့်ထားရတဲ့ နေရာမျိုးမှာ အင်အားထပ်မဖြည့်ဘဲ နေပြည်တော်မှ လုံခြုံရေးတွေ ပိုတင်းကျပ်တယ်။ …. စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ကို ပိုခိုင်မာအောင် တည်ဆောက်သလိုဖြစ်နေတယ်” ဟု မြို့ခံ ဒုတိယသတင်းရင်းမြစ်က သုံးသပ်သည်။

နေပြည်တော်တွင် ကင်းစခန်းများချ၍ စစ်ဆေးမှုများ အထူးတင်းကျပ်နေသည်မှာ မှန်ကန်သည်ဟု သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသည့် မြို့ခံ တတိယသတင်းရင်းမြစ်ကလည်း ပြောသည်။

“အရင်ကတော့ လိုင်စင်ပဲ စစ်တာ။ အခုကတော့ ကားဆိုလည်း နောက်ဖုံးတွေ လှန်ရှာ၊ ဆိုင်ကယ်ဆိုလည်း tool boxတွေ ဖွင့်ပြပေါ့။ လက်နက်တွေပါလား ရှာတာနေမှာပေါ့” ဟု ၎င်းက ပြောသည်။

ယခင်က လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ရှိသည့် အစိုးရဝန်ထမ်းအိမ်ရာများ၏ လုံခြုံရေးကိုပါ စစ်ကောင်စီက အထူးအာရုံစိုက်နေပုံရကြောင်း၊ လွှတ်တော်၊ သမ္မတရုံးနှင့် နီးသည့် အရာရှိအိမ်ရာများတွင် ပြင်ပယာဉ်များ ဝင်ထွက်ခွင့်ကိုပါ ယခုလဆန်းမှစ၍ ပိတ်ပင်ထားကြောင်း တတိယသတင်းရင်းမြစ်ထံမှ သိရသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ စစ်ကောင်စီ လုံခြုံရေးဂိတ်တစ်ခုကို ၂၀၂၂ စက်တင်ဘာလဆန်းက တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

ထို့ပြင် ခြေလျင်၊ ခြေမြန်တပ်ရင်း ၁၀ရင်း၊ စစ်ဗျူဟာ ၃ ဖွဲ့၊ အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိပြီး တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်တွင် ခြေမြန်တပ်မဌာနချုပ်ဖွဲ့ရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်၏ လုံခြုံရေးကို အထူးတိုးမြှင့်ပြီးလျှင် နိုင်ငံအနှံ့ ခုခံမှုများကြောင့် ပေါ်ပေါက်နေသည့် စစ်မျက်နှာအများအပြားတွင် စစ်ကောင်စီက ထိုးစစ်ဆင်မည်ဟု ယူဆထားကြောင်း NUG၏ နေပြည်တော်စစ်ဒေသခွဲ စစ်ရေးတာဝန်ခံ ဗိုလ်ငွေစိုးက ပြောသည်။

“(နေပြည်တော်မှာ) ရဲအင်အားကို အလုံးအရင်းသုံးထားတယ်။ စစ်အင်အားကို ရှေ့တန်းစစ်မျက်နှာပြင် တိုက်စစ်ပို့ဖို့ ပြင်တယ်။ အဲဒါမျိုးတွေ့ရတယ်” ဟု နေပြည်တော် PDF ခေါင်းဆောင်လည်းဖြစ်သည့် ၎င်းက ပြောသည်။ မြို့တွင်း အချက်အချာကျသည့် နေရာများတွင် စနိုက်ပါသမားများကိုပါ စစ်ကောင်စီက တာဝန်ချထားသည်ဟု သတင်းရထားကြောင်း ဗိုလ်ငွေစိုးက ဆိုသည်။

PDF၊ တိုင်းရင်းသား၊ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းကာ နေပြည်တော်ကို စစ်ရေးအရ နီးကပ်စွာ ခြိမ်းခြောက်နိုင်ရန် စီမံနေကြောင်း၊ မြို့တွင်း၌ ပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်၍ စစ်ကောင်စီ၏ လုံခြုံရေးအစီအမံများကို တိုက်ခိုက်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“နေပြည်တော်ကို (စစ်ကောင်စီ) ခံစစ်စည်းပြင်တာက နောက်ဆုံး ဖိုင်နယ် သူသေ၊ ကိုယ်သေပွဲထွက်ဖို့ ပြင်ဆင်တယ်လို့ ယူဆထားတယ်” ဟု ဗိုလ်ငွေစိုးက ပြောသည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ စစ်ကောင်စီ လုံခြုံရေးစခန်းတစ်ခု။ ဓာတ်ပုံ-Myanmar Now

လက်ရှိတွင် နေပြည်တော်နှင့် ၅ နာရီဝန်းကျင်သာ ခရီးရှိသည့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၌ တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် မိုးဗြဲမှ ဆုတ်ခွာရသည်အထိ ဖြစ်ခဲ့ရသည်။ ထို့နောက်တွင် စစ်တပ်က အဝေးမှ လက်နက်ကြီးဖြင့် မိုးဗြဲမြို့ပေါ်သို့ ပစ်ခတ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်နေချိန်သည် နေပြည်တော်၌ မကြာမီကာလတွင် ပြုလုပ်ရန်ရှိသည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံ၊ ကျောက်မျက်ရတနာ ရောင်းချပွဲတို့နှင့်လည်း တိုက်ဆိုင်နေသည်။

နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- Naypyidaw PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button