သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီဝင်တချို့နှင့် စစ်ကောင်စီပေးတွေ့

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ပုဒ်မမျိုးစုံဖြင့် ထောင်နှစ် ၃၀ နီးပါးချကာ နေပြည်တော်အချုပ်ထောင်သို့ ပို့ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်အချို့ကို စစ်ကောင်စီက ပြီးခဲ့သည့် လကုန်ပိုင်းတွင် တွေ့ဆုံခွင့်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လာရောက်တွေ့ဆုံသူများမှာ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းနှင့် ဧရာဝတီတိုင်းမှ NLD တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးတိုးလွင်တို့ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ 

စစ်ကောင်စီက နိုဝင်ဘာ ၂၃ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ဦးတည်း ထိန်းသိမ်းထားသည့် အချုပ်ဆောင်မှ ကြိုတင်အသိမပေးဘဲ ရုတ်တရက်ခေါ်ထုတ်ကာ ၎င်းတို့ နှစ်ဦးနှင့် ပေးတွေ့ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ် လေးဦးက ဆိုသည်။

“ရုံးချိန်းမရှိတဲ့ ဗုဒ္ဓဟူးနေ့က လာတွေ့တာပါ။ အဲဒီနေ့က လုံခြုံရေးနဲ့ လမ်းကြောင်းတွေရော အကုန်တင်းကျပ်တယ်။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) က အချုပ်ထောင်ထိ လာတွေ့တယ်ဆိုတော့ ဘယ်သူမှန်းမသိလို့ ထွက်တွေ့လိုက်တယ်လို့တော့ သိရပါတယ်” ဟု တစ်ဦးက ပြောသည်။

ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့က အာဏာသိမ်းစစ်တပ်က လာမည့်နှစ်တွင် ပြန်လည် ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲကိစ္စ၊ NLD ပါတီရုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန်ကိစ္စတို့ကို တောင်းဆိုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ကာ ၎င်းထံ ထပ်မံလာရောက်ခြင်းမပြုရန် တားမြစ်လိုက်သည်ဟု သတင်းရင်းမြစ်တို့က ဆိုသည်။

စွပ်စွဲခံထားရသည့် အမှုပေါင်း ၁၉ မှုအနက် လက်ကျန် ၅ မှုကို နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးတွင် အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင် ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်က ထိုတွေ့ဆုံပွဲအကြောင်းကို ရှေ့နေအဖွဲ့ထံ ပြောပြခြင်းမရှိသော်လည်း အချုပ်ထောင်နှင့် လုံခြုံရေးသတင်းရင်းမြစ်များထံမှ ထိုကိစ္စကို သိရှိရကြောင်း ၎င်းတို့က ပြောသည်။

ဒေါ်စန္ဒာမင်းသည် NLD အပြတ်အသတ်ထပ်နိုင်သော်လည်း ရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘဲ နေပြည်တော်နယ်မြေ ပါတီအောင်နိုင်ရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ Myanmar Now က ၎င်းထံ တယ်လီဖုန်း၊ Facebook Messenger တို့မှတစ်ဆင့် မေးမြန်းရန် ကြိုးစားနေသော်လည်း အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီက ပါတီဝင်အများအပြားကို ဆက်လက်ဖမ်းဆီးထားပြီး တချို့ကို ထောင်၊ ထိန်းသိမ်းရေးစခန်းနှင့် ထောင်ပြင်ပတွင် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ မြို့နယ်အသီးသီးရှိ ပါတီရုံးများလည်း စစ်ကောင်စီတပ်၏ရန်ကြောင့် ပိတ်ထားရပြီး နိုင်ငံအတွင်း ပါတီ၏လုပ်ငန်းစဉ်များ ရပ်နေချိန်တွင် ယခု ထောင်ဝင်စာတွေ့မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဒေါ်စန္ဒာမင်းတို့နှင့် စစ်ကောင်စီ မည်သည့်သဘောတူညီချက် ရရှိထားသည်ကို မသိရသေးသလို သွားရောက်တွေ့ဆုံခြင်း နောက်ကွယ်တွင် ခြိမ်းခြောက် အကျပ်ကိုင်မှုရှိမရှိကိုလည်း မသိရသေးပေ။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်သထက် မြင့်နေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲအသစ် ကျင်းပမည့် အစီအစဉ်ကို အရှိန်မြှင့်၍ လုပ်နေသည်။ ထိုရွေးကောက်ပွဲတွင် NLD ပြိုင်တိုင်း နိုင်လေ့ရှိသည့် မဲအများဆုံးသူ အနိုင်ရစနစ်ကို မသုံးဘဲ အချိုးကျကိုယ်စားပြုစနစ်ဖြင့် အစားထိုးရန် စစ်ကောင်စီက စီစဉ်ထားပြီး ဖြစ်သည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း NLD ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင် ၁၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ စစ်ကောင်စီ ဖမ်းထားစဉ်အတွင်း သေဆုံးသူ ၆၇ ဦးရှိကြောင်း၊ နိုင်ငံအနှံ့ရှိ NLD ပါတီရုံးများကိုလည်း စစ်ကောင်စီက ဖျက်ဆီးမှုများလုပ်ခဲ့ရာ အကြိမ်ရေ ၁၂၀ ရှိကြောင်း NLD က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီး ပထမရက်သတ္တပတ်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော ကြေညာချက်များထုတ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တားမြစ်ပေးရန် စစ်ဗိုလ်ချုပ်ကြီးများ၏ တောင်းဆိုမှုကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခဲ့ဖူးသည်။

ထို့နောက်တွင် အာဏာသိမ်းဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုခဲ့သည်။ 

အထက်ပါ ကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

နိုင်ငံတကာအထူးကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း စစ်ဗိုလ်ချုပ်များက လက်မခံသေးပေ၊ ဤအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ ဧည့်သည် ပထမဆုံးအကြိမ် ရောက်သွားခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button