သတင်း

ပုလောမြို့ ရွာ ၃ ရွာမှ စစ်ကောင်စီစခန်းများ တစ်ပြိုင်တည်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်းအလယ်ပိုင်းရှိ ပုလောမြို့နယ် ကျေးရွာ ၃ ရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီ တပ်သားများ၊ ဂိတ်စခန်းများကို ယမန်နေ့ (ဒီဇင်ဘာ ၈) က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းထားသည့် Crocodile Column အဖွဲ့က ပြောသည်။

ယမန်နေ့ နံနက် ၆ နာရီမှစ၍ ည ၁၀ နာရီအထိ မြို့မြောက်ဘက် ၆ မိုင်အကွာရှိ ပုလောကုန်းရွာနှင့် တမိုင်တောင်ရွာ၊ မြို့အရှေ့ဘက်ကပ်လျက်တွင်ရှိသော နန်းတောင်ရွာတို့ဘက်တွင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်တပ်က ပုလောကုန်းရွာအရှေ့ပိုင်းရှိ ဘုန်းကြီးကျောင်း၊ ထိုရွာ အရှေ့ဘက် ၂ မိုင်ခန့်ရှိ တမိုင်တောင်ရွာ ဘုရားကုန်းတို့တွင် တပ်စွဲထားခြင်း ဖြစ်သည်ဟု Crocodile Column ပြန်ကြားရေးတာဝန်ခံ ကိုမြဇံက ပြောသည်။

“ပထမဆုံး တမိုင်တောင်ကို စတိုက်တာ။ ပုလောကုန်း ဘုန်းကြီးကျောင်းမှာ အခိုင်အမာကို ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ၊ သဲအိတ်တွေ ရှိတယ်။ ကျွန်တော်တို့ဘက်က စပြီးတော့ ဝင်တဲ့အခါမှာ သူတို့ဘက်ကနေ ကတုတ်ကျင်းထဲကနေ အများကြီးပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့တယ်” ဟု ကိုမြဇံက တိုက်ပွဲဖြစ်စဉ်ကို ပြောပြသည်။

ထိုတိုက်ခိုက်မှုအပြီး ထိုနေရာ၏ တောင်ဘက် နန်းတောင်ရွာရှိ စစ်သားများကို ဆက်လက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ ဖွဲ့စည်းထားသည့် Crocodile Column အဖွဲ့နှင့် အခြားမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်။

ထိုသုံးရွာတွင် စစ်တပ်က ကတုတ်ကျင်းများ၊ ဘန်ကာများဖြင့် အခိုင်အမာစခန်းထိုင်ထားကာ စခန်းပတ်လည်ကို မိုင်းများဖြင့် ကာရံထားသည်ဟု ကိုမြဇံက ဆိုသည်။

တိုက်ပွဲနေရာသည် စစ်ကောင်စီက ပုလောအရှေ့ခြမ်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၄) နယ်မြေများကို စစ်ကြောင်းထိုးချိန်၊ လက်နက်ကြီးပစ်ကူပေးချိန်များတွင် အဓိကစခန်းနေရာများအဖြစ် အသုံးပြုကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များအဆိုအရ သိရသည်။

မြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် ၂၈၅ က လက်နက်ကြီးများဖြင့် အလုံး ၅၀ ကျော်စီ အကြိမ်ကြိမ် ပစ်ကူပေးခဲ့သောကြောင့် စစ်ကောင်စီစခန်းများနှင့် အနီးကပ်ဆုံးနေရာအထိ ရောက်ရှိခဲ့ပြီးမှ နောက်ဆုတ်ခဲ့ရသည်ဟု ကိုမြဇံက ပြောသည်။

“ပလောကုန်းကို ကျွန်တော်တို့ သိမ်းနိုင်တဲ့အခြေအနေတစ်ခုအထိရှိတယ်။ ဒါပေမဲ့ သိမ်းပြီးတဲ့အချိန်မှာ ခလရ ၂၈၅ က လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်တယ်။ နောက်တစ်ခုက စစ်ကောင်စီဘက်က ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်အမာတည်ဆောက်ထားတဲ့အတွက် ထိုးဖောက်ဖို့အတွက် အချိန်အကြာကြီး တိုက်လိုက်ရတာ”

အဆိုပါ ကျေးရွာ ၃ ရွာကို တိုက်ခိုက်နေချိန်တွင် ပုလောမြို့ပေါ်အပါအဝင် မလှမ်းမကမ်းရှိ ကျေးရွာများမှ စစ်ကောင်စီတပ်စခန်းတချို့ကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ နံနက်တွင် ပုလောမြို့ပေါ်ရှိ မြို့တော်ခန်းမအနီးနှင့် မြို့တောင်ဘက် ၈ မိုင်ကျော်အကွာ ပဝတ်ကုန်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်ပစ်ခတ်ခဲ့သလို ည ၁၀ နာရီခန့်တွင်လည်း ပုလောမြို့မှ စစ်ကောင်စီဂိတ်စခန်း၊ ခလရ ၂၈၅ တပ်ရင်းအနီး မကျည်းကုန်းရွာမှ ကင်းစခန်းတို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲများအတွင်း ပြည်သူ့စစ် ခေါ် ပျူစောထီးနှစ်ဦး သေဆုံးသည်ဟု Crocodile Column ဘက်က ဆိုခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှုအခြေအနေ မသိရသေးပေ။

ထိုကဲ့သို့ ပူးပေါင်းတိုက်ခိုက်မှုများသည် Crocodile Column စစ်ကြောင်းမှူး၏ ဦးဆောင်မှုအောက်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့များ တစ်သားတည်း ပူးပေါင်းပါဝင်တိုက်ခိုက်သည့် ပထမဆုံး ခုခံတွန်းလှန်မှုဖြစ်သည်ဟု ကိုမြဇံက ပြောသည်။

“Chain of Command တစ်ခုတည်းအောက်ကနေ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် နေရာအများစုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ ကျွန်တော်တို့စစ်ကြောင်းကနေ ဦးဆောင်ပြီးတော့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တော့ စစ်ကောင်စီတပ်ကို တစ်ပြိုင်တည်း တိုက်ခဲ့တာ။ ဘန်ကာတွေ အခိုင်အမာတည်ဆောက်ထားတဲ့ ရန်သူကို အင်အားချည့်နဲ့အောင် တိုက်ခိုက်နိုင်ခဲ့တယ်။ သူတို့အင်အားချည့်နဲ့အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ဆိုသည်။

ပုလောမြို့နယ်အတွင်း စစ်စခန်းများ တိုက်ခိုက်ခံရသည့်အခြေနေနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပေ။

မြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ မြိတ်-ထားဝယ်ကားလမ်းမပေါ်တွင် ရှိသော၊ စစ်ကောင်စီတပ် ထောက်ခံသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအင်အားကောင်းသော ထမင်းမစားရွာကို ဒီဇင်ဘာ ၁ ရက်က Crocodile Column က ဝင်တိုက်ခဲ့သည်။

ထိုတိုက်ပွဲသည် ဒေသအခြေစိုက် Crocodile Column ၏ ပထမဆုံး တိုက်ပွဲဖော်ဆောင်ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့ကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ရာ တနင်္သာရီတိုင်း အပါအဝင် နိုင်ငံအနှံ့အပြားမှ လူငယ်များက လက်နက်ကိုင်ပြန်ခုခံတိုက်ခိုက်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button