သတင်း

ထားဝယ်-ထီးခီးလမ်းပေါ်မှ မေတ္တာမြို့ကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်

မြန်မာ-ထိုင်း နယ်စပ်၊ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ နယ်စပ်ကုန်သွယ်ရေး အချက်အချာကျသည့် မေတ္တာမြို့ကို တော်လှန်ရေးအဖွဲ့များက ထိုးစစ်ဆင်နေကြောင်း သိရသည်။

တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်နှင့် ၂၅ မိုင်အကွာရှိ ကျောက်မဲတောင်စခန်းနှင့် မေတ္တာမြို့တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNU/KNLA) နှင့် မဟာမိတ်တပ်ဖွဲ့များ ထိုးစစ်ဆင်ရာတွင် ရဲစခန်းတစ်ခုကို သိမ်းလိုက်နိုင်ပြီဖြစ်သည်ဟု တိုက်ပွဲတွင်ပါဝင်သည့် ဥဩစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ရဲဘော်ရောင်နီက ပြောသည်။ 

“မေတ္တာမြို့မှာ အရင်ကတော့ စစ်တပ် ထိုင်ထားတာပေါ့။ စစ်တပ်ထိုင်ထားတဲ့ နေရာဖြစ်တဲ့ မေတ္တာမြို့မ ရဲစခန်းနေရာကိုတော့ သိမ်းလိုက်နိုင်ပြီ။ မြို့ရဲ့ ထိပ်မှာရှိတဲ့ ဗျူဟာကုန်း ၁ ကုန်းတော့ ကျန်နေသေးတယ်။ အဲဒီ ဗျူဟာကုန်းကို သိမ်းလိုက်နိုင်ရင် မေတ္တာမြို့ကို ထိန်းနိုင်တဲ့ သဘောရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

နယ်စပ်ကုန်သွယ်ရေး  နယ်မြေဖြစ်သည့် မေတ္တာမြို့အဝင်ရှိ စစ်တပ် ဗျူဟာကုန်းမှာ   စစ်ရေးနှင့်စီးပွားရေးအရ အရေးပါသည့် စခန်းတစ်ခုဖြစ်သည်။ 

ဖေဖော်ဝါရီ (၂၁) ရက်နေ့က ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ဝကုန်းရွာ အနီးတွင် လက်နက်ခဲယမ်းနှင့် ရိက္ခာများ သယ်ဆောင် လာသည့် စစ်တပ်သုံး မော်တော်ယာဉ် ၆ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီးနောက်  စစ်တပ်၏ အရေးပါသည့် စခန်းကုန်း ၂ ခုကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ 

ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ၅ ရက် ကြာသည်အထိ လက်နက်ခဲယမ်းနှင့် ရိက္ခာလမ်းကြောင်းများကို ဖြတ်တောက်ထားနိုင်ခဲ့ပြီး မေတ္တာမြို့ကို သိမ်းပိုင်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

ယနေ့ (ဖေဖော်ဝါရီ ၂၆ ) တစ်ရက်တည်းမှာပင် စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ်တိုက်ခိုက်သည်၊ ပြည်သူလူထု အနေဖြင့် လေကြောင်းရန် အန္တရာယ်ကို အထူးဂရုစိုက်သင့်သည်ဟု   ရဲဘော်ရောင်နီက ဆက်ပြောသည်။  

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားတဲ့ လေကြောင်း သတိပေးချက်တို့၊ ပုန်းခိုကျင်း တူးရမယ့် ကိစ္စမျိုးတွေကိုတော့ ကြိုတင်စီမံထားဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

တနင်္သာရီတိုင်းရှိ KNLA-PDF မဟာမိတ်တပ်ဖွဲ့များ၏ စစ်ဆင်ရေးများကို အဓိက ဦးဆောင်သူမှာ KNLA  တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ တပ်မဟာ ၆ တပ်ရင်း ၂၇ ၏ တပ်ရင်းမှူး စောမှူးဂေဖြစ်ပြီး သူသည်ထားဝယ်မြို့နယ် ဘန်ချောင်းဒေသရှိ ကျောက်ထု စခန်းကို သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်သည်။ 

KNLA-PDF မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တွင် ထားဝယ် ပ.က.ဖ ၏ ဥဩစစ်ကြောင်း ၊ Dawie Collective Colu (ထားဝယ် စုပေါင်း စစ်ကြောင်း)၊ TPLF တပ်ဖွဲ့တို့ပါဝင်သည်။ 

ယခု တိုက်ပွဲ ဖြစ်ပွားနေသည့် မေတ္တာဗျူဟာကုန်းနှင့် ကျောက်မဲတောင်စခန်းတို့ အနီးရှိ ကျောက်မဲတောင်ရွာနှင့် ရွှေချောင်းကျေးရွာများမှ ဒေသခံများကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းထွက်ပေါ်နေပြီး  Myanmar Now က ထိုသတင်းကို အတည်ပြုနိုင်ရန် ကြိုးစား စုံစမ်းနေဆဲဖြစ်သည်။ 

ထားဝယ်-ထီးခီးလမ်း အရှေ့တောဒေသတွင် KNLA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုကြောင့် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ခဲ့သည်၊  စစ်တပ်ကလည်း လေကြောင်း ပစ်ကူများ အသုံးပြုနေပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ကိုစတားက ပြောသည်။ 

“တိုက်ပွဲတွေက တော်တော်လေးပြင်းထန်ပါတယ်။ ရန်သူဘက်က တော်တော်လေး အထိခိုက် အကျအရှုံးများသလို ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးခဲ့တာတွေရှိတယ်။ ရန်သူဘက်က လက်နက်တွေရခဲ့တာလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များ အားကောင်းသည့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ ( ဖေဖော်ဝါရီ  ၂၅) နံနက်ပိုင်းကလည်း တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် စပ်ကြားရှိ မလွှဲတောင်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။

ထို့ပြင် သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာရှိ စစ်တပ်စခန်းကုန်းကို ဖေဖော်ဝါရီ ၂၀၊ ၂၁ တို့တွင် ဒရုန်းများ အသုံးပြုကာ ဗုံးသီး ၁၅ လုံး ကြဲချ နိုင်ခဲ့သည်ဟု ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း လက်ရုံးတပ် T5-wings က ဖေဖော်ဝါရီ ၂၄ တွင် ထုတ်ပြန်ထားသည်။

၂၀၁၃ မေ တွင် ဖွင့်လှစ်ခဲ့သည့် မေတ္တာမြို့ အနီးရှိ ထီးခီး နယ်စပ်ကုန်သွယ်ရေး ဂိတ်မှာလည်း ထိုင်းနိုင်ငံသို့ ရေထွက်ကုန် ပစ္စည်းများ အဓိက တင်ပို့ ရောင်းချနေသည့် နယ်စပ်စီးပွားရေး ဂိတ်တစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button