သတင်း

ထားဝယ်တွင် စစ်ယာဉ်တန်း အတိုက်ခံရအပြီး လေတပ်က သွားရောက်ပစ်ခတ်

တနင်္သာရီတိုင်း တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ထရပ်ကား ၆ စီးခန့်နှင့် ရုပ်အလောင်း အများအပြား လမ်းပေါ်တွင် ပြန့်ကျဲကျန်ရစ်ခဲ့သည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီး စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်း အပြည့်သယ်ဆောင်လာသည့် မော်တော်ယာဉ် ၅ စီးကို သိမ်းဆည်းရရှိခဲ့သည်ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များဝင်များက ပြောသည်။

ထားဝယ်မြို့ အခြေစိုက် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ထွက်ခွာလာသည့်၊ စစ်သည်အင်အား ၂၀၀ ခန့် တင်ဆောင်လာသည့် ၁၇ စီးပါ ယာဉ်တန်းကို ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် ဝကုန်းရွာအနီးတွင် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထိုစစ်ဆင်ရေးကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (ERO)က စီစဉ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ တနင်္သာရီတိုင်း တာဝန်ခံ ကိုစတားက ပြောသည်။

“စစ်ဆင်ရေး အသေးစိတ်ကိုတော့ မပြောထားဘူး။ ဘာကြောင့်လဲဆိုတော့ ERO တွေက စီစဉ်တာကိုး။ စစ်ကြောင်းစုဖွဲ့မှုကတော့ သိရတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်  (KNLA) တပ်မဟာ ၄ ၏ အမှတ် ၁၂ တပ်ရင်း၊ တပ်မဟာ ၆ ၏ အမှတ် ၂၇ တပ်ရင်း၊ ထားဝယ်ပကဖ၏ ဥဩစစ်ကြောင်း၊ Dawei Collective Column (ထားဝယ် စုပေါင်းစစ်ကြောင်း)၊ TPLF တပ်ဖွဲတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်ရင်း ၂၇ ၏ တပ်ရင်းမှူးမှာ စောမှူးဂေ ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၃က ထားဝယ်မြို့နယ် ဘန်ချောင်းဒေသရှိ ကျောက်ထု စခန်းသိမ်းတိုက်ပွဲကို ဦးဆောင်သူလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ  ပကာရီကျေးရွာ၊ ဗဲ့မတက်တောင်အနီးတွင် ပိတ်မိနေသည်၊ လေတပ် လာရောက် ပစ်ခတ်ခြင်းမှာ မြေပြင်စစ်သည်များ ထွက်ပေါက်ရရေး လမ်းရှင်းရန်အတွက် ဖြစ်နိုင်သည်ဟု ဒေသခံတချို့က ဆိုသည်။

ယမန်နေ့ (ဖေဖောဝါရီ ၂၁) နှင့် ယနေ့ (ဖေဖော်ဝါရီ ၂၂) တွင် စစ်တပ်က လေကြောင်းပစ်ကူသုံးပြီး ဝကုန်း၊ သင်္ကန်းတုံးရွာများကို တိုက်ခိုက်ခဲ့သည်ဟု ထားဝယ်ဒေသခံတစ်ဦးဖြစ်သူ ကိုဖြိုးကိုကိုက ပြောသည်။

“လက်ရှိ အချိန်ထိတော့ စစ်ရေး တင်းမာတယ်။ ဒီနေ့ တစ်နေလုံးတော့ တောက်လျှောက်ပဲ၊ သူတို့ လေယာဉ်နဲ့ ဗုံးကြဲတယ်” ဟု ၎င်းက ပြောသည်။

“ဗုံးကြဲတာတော့ ဗုံးသီးတွေ တော်တော်လေးများတယ်။ ဂျက်လေယာဉ်တွေနဲ့ ကြဲတာ။ လေယာဉ်က တော်တော်လေးပျံပြီးတော့ ယောက်ယက်ခတ်နေတာပေါ့”

စစ်တပ်က အရပ်ဝတ်များပြောင်းလဲ ဝတ်ဆင်ခြင်းဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ပြန်လည်ထိုးဖောက်ရန် ကြိုးစားနေသည်၊ လေတပ်ကလည်း အရပ်သားလူနေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု ၎င်းက ဆိုသည်။

“စားနပ်ရိက္ခာအပြည့်နဲ့ စစ်ကြောင်းထိုးတယ်။ အင်အား တော်တော်များတယ်။ အဲဒီမှာ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝန်းရံ ပိတ်ထားလိုက်တော့ သူတို့တွေက ပြန်ထွက်ဖို့ အဆင်မပြေတော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။

“ပြန်ထွက်လို့ အဆင်မပြေတော့တဲ့ အခါကျတော့ သူတို့တွေက ပုံစံမျိုးစုံနဲ့ ကစားကြတာပေါ့။ ကာကွယ်ရေးအဖွဲ့ပုံစံ။ ပြောက်ကျားပုံစံ၊ အရပ်ဝတ်ပုံစံနဲ့ ပြန်လုပ်တယ်။ ထိပ်တိုက် ထိတွေ့မှုဖြစ်သွားတာပေါ့”

စစ်တပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည့် ယမန်နေ့က ဝကုန်းကျေးရွာအနီးတွင် Mi2 စစ်သုံးရဟတ်ယာဉ် ၂ စင်းဖြင့် နေ့လယ်ပိုင်း ၁ ကြိမ်၊ ညနေပိုင်းတွင် ၁ ကြိမ် တိုက်ခိုက်ခဲ့သည်၊ ယနေ့ မွန်းလွဲ  ၂ နာရီခန့်တွင်လည်း ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်တပ်ရဟတ်ယာဉ်က ဗုံးသီးများ ကြဲချရုံတင်မက စက်လက်ဖြင့် ပစ်ခတ်ကြောင်း အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီနေ့တောင်မှ သူတို့ လေယာဉ်နဲ့ ဗုံးကြဲတယ်။ တစ်ခေါက်ကြဲရင် ၄ လုံး၊ ၅ လုံးလောက် ကြဲတယ်။ ဒီနေ့ တစ်ရက်တည်းကို ၃ ကြိမ်လောက် ကြဲသွားတယ်” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုများ ဆက်ရှိနေသောကြောင့် အရပ်သား ထိခိုက် သေဆုံးမှု အရေအတွက်ကို မသိရသေးဟု ဆိုသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်မှ ၇ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသည်ဟု သူက ဆက်ပြောသည်။

ထိခိုက် သေဆုံးမှု အရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ကလည်း တိုက်ခိုက်ခံရမှုသတင်းများကို အမှောင်ချထားလေ့ရှိသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းတွင်လည်း စစ်ထရပ်ကား ၆ စီးခန့် လမ်းပေါ်တွင် ရပ်တန့်ထားပြီး ကားများအနီး ရုပ်အလောင်း မည်မျှရှိကြောင်း လိုက်လံရေတွက်နေသူတို့ကို တွေ့ရသည်။

ရုပ်အလောင်း ၁၈ လောင်း တွေ့ရှိကြောင်း မှတ်တမ်းတင်သူများ ပြောဆိုနေသည်ကို ထိုရုပ်သံတွင် ပြသထားသည်။ ကားအနီး ပြန့်ကျဲနေသော ပစ္စည်းများကြားထဲတွင် ရဲတပ်ဖွဲ့ယူနီဖောင်းတချို့လည်း ပါဝင်သည်။

ထားဝယ်-ထီးခီးလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်တပ်မော်တော်ယာဉ်တန်းများ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရသော်လည်း ယခုဖြစ်ရပ်သည် အခြားတိုက်ပွဲများထက် စစ်တပ် အထိအနာဆုံးတိုက်ပွဲ ဖြစ်သည်ဟု ဆိုသည်။ 

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ အားကောင်းသည့် တနင်္သာရီတိုင်းတွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး ယမန်နေ့ ( ဖေဖော်ဝါရီ ၂၁) ကလည်း သရက်ချောင်းမြို့နယ် ဝင်းဝရွာတွင် တပ်စွဲထားသည့် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။ 

ထားဝယ်-ထီးခီးလမ်းမှာ စစ်ရေးအရ အရေးပါသလို ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်မှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ အဓိက တင်ပို့ရောင်းချနေသည့် ဂိတ်ဖြစ်သည်။

ထိုလမ်းပိုင်းရှိ အရေးပါသည့် ပကာရီ ရဲစခန်းကို ၂၀၂၂ ဧပြီတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ရေး အခြေအနေ ပိုမိုတင်းမာလာခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button