သတင်း

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ မေတ္တာမြို့ကို စစ်တပ်ဗုံးကြဲ

တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်နှင့် မိုင် ၃၀ အကွာရှိ မေတ္တာမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ ပျက်စီးသွားခဲ့သည်။

တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်နှင့် မိုင် ၃၀ အကွာရှိ မေတ္တာမြို့ကို ယမန်နေ့ (မတ် ၁၀) ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် စစ်လေယာဉ် ရောက်လာပြီး ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်တချို့ ပျက်စီးသွားသည်ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် မေတ္တာမြို့အနီး ကျောက်မဲတောင်မှ ထွက်ခွာလာသည် အင်အား ၅၀ ခန့် ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ၏ စစ်ကြောင်းမှူး ဗိုလ်မှူးစောမှူးဂေက Myanmar Now ကို ပြောသည်။

ထိုနေ့ ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် လေယာဉ်ဖြင့် ဗုံးကြဲခြင်းဖြစ်သည်ဟု ဗိုလ်မှူးစောမှူးဂေက ဆိုသည်။

“ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး။ ဒါပေမဲ့ မေတ္တာမြို့က လူနေအိမ်တွေတော့ တော်တော်လေး ပျက်စီးသွားပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၂ နှစ်အတွင်းက တွေ့ရသော KNU တပ်ဖွဲ့ဝင် နှစ်ဦး။ (ဓာတ်ပုံ-Dooplaya District)

နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွင် စစ်တပ်ဘက်က LB 300 Cluster အမျိုးအစား ဗုံးအလုံး ၂၀ ကျော် အသုံးပြုခဲ့ပြီး မေတ္တာမြို့တွင်းမှ နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့သည်ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်းနှင့် ထိုင်းတို့အကြား နယ်စပ်ကုန်သွယ်ရေးတွင် အချက်အချာဖြစ်သည့် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ စစ်တပ်၏ အရေးပါသည့် ဗျူဟာစခန်းများကို KNLA, ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် မဟာမိတ်များက ပြီးခဲ့သည့်လကတည်းက ထိုးစစ်ဆင်နေသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်-ထီးခီးလမ်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရအပြီး တွေ့ရပုံ။

ထိုလမ်းမပေါ်ရှိ ကျောက်မဲတောင်စခန်းကို တော်လှန်ရေးတပ်များက စစ်တပ်လက်ထဲမှ သိမ်းပိုက်ထားပြီး မေတ္တာမြို့အနီးရှိ မေတ္တာဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်လွှတ်ရလုနီးပါးဖြစ်နေသည့် မေတ္တာဗျူဟာကုန်းမှာ ထားဝယ်မြို့နှင့် မိုင် ၃၀ ကျော်အကွာ ထားဝယ်-ထီးခီးလမ်းပေါ်တွင် တည်ရှိပြီး ထိုင်း-မြန်မာနယ်စပ်ရှိ အရေးပါသည့် ထီးခီးဗျူဟာကုန်းကို အင်အားဖြည့်တင်းပေးနေသည့် ဗျူဟာစခန်းတစ်ခုဖြစ်သည်။

ကျောက်မဲတောင်မှ ထွက်ခွာလာသည့် စစ်ကြောင်းမှာ မေတ္တာမြို့တိုက်ပွဲကို အကူအညီပေးရန် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး တစ်လအတွင်း စစ်တပ်ဘက်က အင်အား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ဗိုလ်မှူးစောမှူးဂေက ဆက်ပြောသည်။

“မေတ္တာမြို့က ကျွန်တော်တို့ အတွက်ကတော့ အရေးမကြီးပါဘူး။ ဒါပေမဲ့ သူတို့အတွက်ကတော့ အရေးကြီးတာပေါ့နော်။ တကယ်လို့ ထီးခီးဗျူဟာစခန်းရသွားရင်လည်း ကျွန်တော်တို့အတွက် ဘာမှ အသုံးမဝင်ပါဘူး။ သွားရေးလာရေးကျတော့ သူတို့အတွက်ကတော့ ခုတုံးဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

ထားဝယ်-ထီးခီးလမ်းပေါ်တွင် တစ်လနီးပါး ကြာမြင့်လာသည့် တိုက်ပွဲများကြောင့် မေတ္တာမြို့တွင် နေထိုင်သူမရှိတော့ဘဲ တိမ်းရှောင်နေရသူ အရေအတွက် ၆၀၀၀ ကျော် ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

မြန်မာ-ထိုင်း နယ်စပ်ကို ဦးတည်ထားသည့် အဓိကလမ်းမကြီးများဖြစ်သည့် ထားဝယ်-ထီးခီးလမ်း နှင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး (မြိတ်-ထားဝယ်) တို့တွင် တော်လှန်ရေးတပ်ဖွဲ့များက အားကောင်းလာရာ စစ်တပ်က မကြာခဏ လေယာဉ်ဖြင့် တိုက်ခိုက်လေ့ရှိသည်။

မတ်လ ၄ ရက်နေ့ကလည်း မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာကို စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ခရီးသည်တင်မော်တော်ယာဉ်ကို ထိမှန်ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

စစ်တပ်က ကုန်းလမ်းကို အသုံးပြုပြီး လက်နက်ခဲယမ်း၊ ရိက္ခာသယ်​ဆောင်ခြင်း မပြုနိုင်သေးဟု ထိုဒေသတွင် အခြေစိုက်သည့် KNLA-PDF မဟာမိတ်ဖက်ဒရယ်စစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုမင်းထက်က Myanmar Now ကို ပြောသည်။

“အမှတ် (၈) လမ်းမကြီး နေရာအများစုကိုတော့ KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စိုးမိုးထားတယ်လို့ ပြောလို့ရပါတယ်။ လောလောဆယ်မှာတော့ စ.က.စ ကနေပြီးတော့ အဲဒီနေရာတွေကို စစ်ကြောင်းထိုးလာတဲ့ အနေအထားတော့ မရှိသေးဘူး။ စ.က.စ ကနေပြီး ကုန်းလမ်းကြောင်းကို သုံးပြီး ပစ္စည်းသယ်ယူတာမျိုးလည်း မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ် ရေလမ်းကို သုံးနေသည်ဟု ၎င်းက ဆက်ပြောသည်။

“မြိတ်မြို့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာကနေပြီးတော့ ထားဝယ်မြို့ကို အင်အားတချို့ ပို့ဆောင်နေတာပါတယ်။ မြိတ်ကနေပြီးတော့ စစ်သင်္ဘောအကြီး၊ အငယ်တွေနဲ့ ထားဝယ်မြစ်ကြောင်းအတိုင်း တက်ပြီးတော့ ထားဝယ်မြို့ ဆိပ်ကမ်းမှာ တပ်အရွှေ့အပြောင်း လုပ်နေကြတာ တွေ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးအဖွဲ့များကလည်း စစ်တပ်၏ အရေးပါသည့် ရေတပ်စခန်းဌာနချုပ်ဖြစ်သည့် ရေဖြူမြို့၊ ကံပေါက်ကျေးရွာအနီးရှိ မောရဝတီရေတပ်စခန်းကို မောင်းသူမဲ့လေယာဉ်ငယ်များ (ဒရုန်း) အသုံးပြုပြီး တိုက်ခိုက်နေသည်။

မတ် ၈ နံနက်ပိုင်းတွင် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄)၏ ဒရုန်းတပ်ဖွဲ့ ၊ DDT တပ်ခွဲ (ဒေါန တပ်ခွဲ-၇)၊ ဝေဟင်တပ်ဖွဲ့ (ဒေါန တပ်ခွဲ-၆) တို့ ပူးပေါင်းပြီး မောရဝတီရေတပ်စခန်းဌာနချုပ် သင်္ဘောဆိပ်တွင် လုံခြုံရေးယူထားသည့် စစ်တပ် အင်အား ၂၅ ဦးကို ဗုံးသီး ၂လုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေါနတပ်ခွဲ ၄ က မတ် ၉ တွင် ထုတ်ပြန်ထားသည်။

မောရဝတီရေတပ်စခန်းကို တိုက်ခိုက်မှုမှာ ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ပြီး ဒီဇင်ဘာ ၁၅ တိုက်ခိုက်မှုတွင် ရေတပ်စခန်း ဌာနချုပ်၏ အရာရှိရိပ်သာကို ဗုံးကျရောက်သွားပြီး သေဆုံးသူများထဲတွင် ဗိုလ်မှူးအဆင့်အထိ ပါဝင်သည်ဟု တော်လှန်ရေး အင်အားစုထံမှ သိရသည်။

ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကြာချိန်အထိ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်၏ အကြား တိုက်ပွဲများမှာ တစ်နေ့တခြား ပြင်းထန်လာပြီး မြန်မာပြည် တောင်ဘက်စွန်း တနင်္သာရီတိုင်းတွင်လည်း နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်။

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ဒေသများတွင် အာဏာသိမ်း စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်လေ့ရှိပြီး လက်နက်ကြီးဖြင့် မြို့ရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများကို နေ့စဉ် ကျူးလွန်နေသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ၂၀၂၄ မတ် ၁၁ အထိ အာဏာသိမ်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၆၇၄ ဦး သေဆုံးခဲ့ပြီး ဆက်လက် ဖမ်းဆီးခံထားရသူ ၂၀၁၀၄ ဦးအထိရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ယနေ့ (မတ် ၁၁) တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button