သတင်း

AA နှင့် စစ်ကောင်စီတို့ အပစ်ရပ်သော်လည်း ပုဏ္ဏားကျွန်းနှင့် စစ်တွေတို့တွင် နှစ်ဖက် လုံခြုံရေးတင်းကျပ်ထားဆဲ

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အပစ်အခတ်ရပ်စဲထားသော်လည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း AA ၏ စစ်ဆေးရေးဂိတ်များရှိနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း စစ်တွေမြို့သို့ ယာဉ်အဝင်အထွက်ကို ခွင့်မပြုသေးဘဲ လုံခြုံရေးတင်းကျပ်ထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၂၆ ရက်က AA နှင့် စစ်ကောင်စီတို့ အပစ်ရပ်ပြီးနောက်  စစ်တွေ -ရသေ့တောင် -ဘူးသီးတောင် ရေလမ်း ၊ စစ်တွေ-ပေါက်တော-မင်းပြားလမ်းရေလမ်းနှင့် စစ်တွေ-မြောက်ဦး ရေလမ်းခရီးကို ပြန်ဖွင့်ပေးသော်လည်း စစ်တွေမြို့တွင် ယဉ်အဝင်အထွက် ခွင့်မပြုဘဲ ဆက်လက် တင်းကျပ်ထားဆဲဟု ဒေသခံများကဆိုသည်။

“ပုဏ္ဏားကျွန်းမြို့နယ် မှာ ဆိုရင် AA က စစ်ဆေးရေးဂိတ်တွေ ချထားပေမယ့် ယာဉ်အသွားအလာကို ပိတ်ထားတာ မဟုတ်တဲ့အတွက် သွားလို့လာလို့ရပါတယ်။ အဓိကကတော့ စစ်တွေ ကျောက်တန်းဂိတ်ကို စစ်ကောင်စီကပိတ်ထားတာပါ။ ဒါကြောင့် စစ်တွေကို သွားမရလာမဖြစ်နေတာပါ။ အခုအပစ်ရပ်တယ်ဆိုပေမယ့် နှစ်ဖက်တပ်တွေက နီးနီးကပ်ကပ် ရှိနေတဲ့အခါကျတော့ တိုက်ပွဲပြန်ဖြစ်မလားလို့ စိုးရိမ်နေရပါသေးတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာသား တစ်ဦးကပြောသည်။

ထို့အပြင် မြောက်ဦးမြို့နှင့် မင်းပြားမြို့ ထဲတွင်လည်း စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို စစ်ဆေးလျက်ရှိနေသည်ဟု ဒေသခံများကဆိုသည်။ 

“ရွာတွေကို မီးရှို့တာတွေတော့ မရှိတော့ဘူး။ လက်နက်ကြီးပစ်သံတွေလည်း မကြားရဘူး။ ဖမ်းဆီးမှုတွေ၊ စစ်ဆေးမှုတွေတော့ ရှိနေသေးတယ်။ တောင်ဘက်ပိုင်းက မြို့ရွာတွေမှာ ဖမ်းဆီးမှုတွေ နေအိမ်တွေကို ဝင်ရှာဖွေတာတွေ ရှိနေသေးတယ်”ဟုလည်း ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ပြည်သူလူထု အကျပ်အတည်းများသက်သာရန် ဂျပန်နိုင်ငံ၊ နီပွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်ထားခြင်းဟု AA ​ပြောခွင့်ရ ဦးခိုင်သုခက နိုဝင်ဘာ ၂၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ထပ်ဆင့်ရှင်းလင်းပြောသည်။

လတ်တလော အပစ်ရပ်ထားသော်လည်း နှစ်ဖက်တပ်များမှာ ရောက်နေသည့် နေရာတွင် တည်ရှိနေပြီး နောက်ပြန်ဆုတ်သွားခြင်းမရှိပေ။ “ကျွန်တော်တို့ အခု အပစ်ရပ်ထားပေမယ့် တပ်တွေဟာ ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်နေပြီး ပစ်တာခတ်တာ ရပ်ထားတာဖြစ်ပါတယ်။ ကျန်တာကတော့ နဂိုအတိုင်းပဲ ရှိပါမယ်” ဟု ဦးခိုင်သုခက ပြောထားသည်။

ထိုအခြေအနေကြောင့် AA နှင့် စစ်ကောင်စီတို့ အပစ်ရပ်မှုသည် မည်မျှခိုင်မာမည်ကို မှန်းဆ မရနိုင်သေးကြောင်းလည်း ဦးဖေသန်းကဆိုသည်။ “ဒီအတိုင်းဆက်နေမယ်ဆိုရင် နည်းနည်းလောက်တော့ ထိတွေ့မှုတွေ ဖြစ်လာတတ်တယ် အဲဒီလိုအခြေအနေမှာ ထိပ်တိုက် တွေ့မှုတွေ ဖြစ်လာနိုင်လားဆိုတာကတော့ စိုးရိမ်စရာဖြစ်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက် အပစ်အခတ်ရပ်စဲသည့်အခါ သဘောတူညီချက် ထဲက တစ်ခုဖြစ်သည့် စပါးရိတ်သိမ်းခြင်းကို မြေပြင်တွင် ကူညီလုပ်ဆောင်ပေးနေသည်ဟု ULA/AA က ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အပစ်ရပ်ထားသည့် ၅ ရက်တာအတွင်း ဘူးသီးတောင်မြို့နယ် ၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ၊ကျောက်တော်မြို့နယ် ၊မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်အတွင်း စပါးရိတ်သိမ်းခြင်းကို

ရက္ခိုင့်တပ်တော်က ကူညီ ရိတ်သိမ်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။အလားတူ ပုဏ္ဏားကျွန်းမြို့နယ်မှ နေရပ်တိမ်းရှောင်သူတစ်ချို့ နေရပ်ပြန်လာနေကြပြီး  အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှ မဲလမောင်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည်လည်း ၎င်းတို့ မူလကျေးရွာသို့ နေရပ်ပြန်ခဲ့သည်ဟု သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button