သတင်း

ညောင်ဦးတွင် ဘီယာဆိုင်ထိုင်နေသည့် ရဲများပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး


 မန္တလေးတိုင်း ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာ နယ်မြေရဲစခန်းမှ ရဲများ ဘီယာဆိုင်ထိုင်နေစဉ် ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့ ၂)က သွားရောက်ပစ်ခတ်ခဲ့ရာ ၅ ဦးသေဆုံးကြောင်း အဆိုပါ ပြောက်ကျားတပ်ဖွဲ့ က ပြောသည်။

ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မန္တလေးတိုင်း ချောက်မြို့ အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာ ညောင်ဦးမြို့နယ်ရှိ တက်မရေနံမြေရှိ ဆိုင်တစ်ဆိုင်တွင် ရောက်နေသည့် ရဲ ၆ ဦးကို ပခုက္ကူ ပြောက်ကျားအဖွဲ့ဝင် ၄ ဦးက ပစ်ခတ်ခဲ့ရာ တစ်ဦး လွတ်မြောက်သွားသည်ဟု ပြောက်ကျားအဖွဲ့ဝင် ရဲဘော်ရန်နောင်က ပြောသည်။ ပြောက်ကျားအဖွဲ့ဝင်တစ်ဦးလည်း ပေါင်တွင် ကျည်ထိမှန်သွားသည်ဟု ဆိုသည်။

၅ မိနစ်ကြာမြင့်သည့် ပစ်ခတ်မှုတွင် မောင်းပြန် G3 နှစ်လက်နှင့် အူဇီ  သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရဲဘော်ရန်နောင်က ပြောသည်။

“လကုန်ရက်တွေဆိုရင် ပိုက်ဆံတွေလာတောင်းတာတွေ သေနတ်တွေဖောက်ပြီး မူးပြီးရမ်းတာတွေ မထင်ရင် မထင်သလို အနိုင်ကျင့်တာတွေ အဲလိုတွေလုပ်လေ့ရှိတယ်။ အဓိကက ပြည်သူတွေကို နှိပ်စက်နေလို့” ဟု ၎င်းကဆက်ပြောသည်။ 

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက တက်မရေနံမြေတစ်ခုလုံးကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း၊ ရဲအင်အားအများအပြားဖြင့် ဂိတ်စခန်းများရှိသည့် ညောင်ဦးမြို့နယ်သည် တော်လှန်ရေးအင်အားစုများအတွက် လှုပ်ရှားရခက်သည့်နယ်မြေဖြစ်ကြောင်း ပြောသည်။ 

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ထိုနေ့က ပစ်ခတ်မှု၌ စခန်းမှူး ဒုရဲအုပ်ထွန်းထွန်းဇော်၊ ဒုတပ်ကြပ်ညီညီဝင်း၊ ရဲတပ်သားမင်းကိုသက်တို့ ပွဲချင်းပြီးသေဆုံးကာ ရဲတပ်သားကျော်ကျော်မှာ ဝမ်းဗိုက်ကျည်မှန်သည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ 

“အဓိကတော့ ကျွန်တော်တို့က ငွေရေးကြေးရေးအဆင်မပြေတဲ့အတွက်ကြောင့် လက်နက်ခဲယမ်း ကောင်းကောင်းမွန်မွန် မဝယ်နိုင်ဘူးဗျ။ အဲဒါကြောင့် Gun (သေနတ်)လည်းရအောင် လုပ်လိုက်တာဗျ” ဟု ရဲဘော်ရန်နောင်ကဆိုသည်။ ရဲများသေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တရားဝင်ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။

ကြည်း၊ ရေ၊ လေ လက်နက်အင်အားတောင့်တင်းသည့် စစ်တပ်ကို ရရာလက်နက်စွဲကိုင်နေသည့် အညာဒေသ တော်လှန်ရေးသမားများသည် ရန်သူလက်နက်ကိုယ့်လက်နက်ဖြစ်အောင် တိုက်ပွဲဝင်လျက်ရှိသည်။ 

စက်တင်ဘာလဆန်းကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဧရာဝတီတံတား (ပခုက္ကူ)ရှိ စစ်တပ် ဂိတ်စခန်းကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့ ၂) က ဝင်ရောက်တိုက်ခိုက်ပြီး မောင်းပြန်သေနတ် ၂ လက် ရရှိခဲ့သေးသည်ဟုဆိုသည်။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့ ၂)သည် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတစ်ခုအဖြစ် စာရင်းတင်ထားပြီး တပ်ရင်းနံပါတ်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button