သတင်း

တရုတ်−မြန်မာနယ်စပ် ကိုးကန့်စခန်းကို စစ်တပ်က ၃ ရက်ဆက် ထိုးစစ်ဆင်

တရုတ်မြန်မာနယ်စပ် ချင်းရွှေဟော်မြို့အနီးရှိ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၏ စခန်းကုန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၇ မှ စတင်ကာ ၃ ရက်ဆက် ထိုးစစ်ဆင်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၇  မွန်းလွဲ ၁ နာရီခန့်တွင် ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ရှိ ထိုစခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်းအင်အား ၉၀ ခန့်က လာရောက်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၂၈ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ ဦးသေပြီး ၇ ဦးဒဏ်ရာရသည်၊ နိုဝင်ဘာ ၂၉ တိုက်ပွဲမှာ နံနက် ၉ နာရီခန့်မှ မွန်းလွဲ ၃ နာရီခန့်အထိ ပြင်းပြင်းထန်ထန်ဖြစ်ပွားသည်၊ 

စစ်ကောင်စီတပ်က အင်အား ၅၀၀ ကျော်အထိ စစ်ကူဖြည့်ပြီးခဲ့သည်ဟု MNDAA အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦး ဒဏ်ရာရခဲ့ပြီး တပ်ခွဲမှုးနှစ်ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အသက်(၅၀) ခန့်ရှိသည့် ချင်းရွှေဟော်ဒေသခံ အမျိုးသားတစ်ဦးက တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မြို့နှင့် မိုင်အနည်းငယ်သာ ဝေးသည့်အတွက် ပစ်ခတ်သံများကို ကြားနေရသည်ဟု ပြောသည်။

“တစ်ချက်တစ်ချက် လက်နက်ကြီးသံတွေ ကြားရတယ်၊ လက်နက်ငယ်သံကတော့ သိပ်မကြားရဘူး၊ တော်တော်ဖြစ်နေကြတာ၊ စစ်ကောင်စီဘက်ကတော့ အကျများတယ်ဆိုပြီး သတင်းတွေကြားနေရတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိသော်လည်း သတိထားသွားလာနေရသည်ဟု အသက်(၄၀) ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၃၀ ရက်တွင်မူ တိုက်ပွဲဖြစ်ပွားသံများ မကြားရတော့ဘဲ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားသည်ဟု သတင်းရကြောင်း အထက်ပါ ဒေသခံနှစ်ဦးက ပြောသည်။

ချင်းရွှေဟော်မြို့မှာ ကိုးကန့်ဒေသခံ လောက်ကိုင်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင် ရှိပြီး နယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သည်။

ချင်းရွှေဟော်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် နိုဝင်ဘာ ၃၀ ရက် နံနက် ၃ နာရီခန့်တွင် လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ်က မြို့အနီးဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဒေသတွင်း သတင်းဌာနအချို့က ရေးသားကြသည်။

ထို့အပြင် ထို့နေ့ နံနက်တွင် လောက်ကိုင်မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် လက်နက်ခဲယမ်းအချို့နှင့်အတူ ၎င်းတို့ ချန်ထားခဲ့သည့် ရုပ်အလောင်းများလည်း ပြန့်ကျဲနေပြီး အဆိုပါ အလောင်းများကို ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့ကြောင်း ကိုးကန့်အဖွဲ့က ထုတ်ပြန်သည်။

MNDAA သည် စစ်ကောင်စီတပ် စကခ(၁၆) လက်အောက်ခံ ခြေလျင်တပ်ရင်း(၂၉၁) နှင့် နိုဝင်ဘာ ၁၅ နှင့် ၁၆ တွင် လားရှိုးမြို့နယ် နမ့်ပုံရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ 

ထိုတိုက်ပွဲများဖြစ်ပွားမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ခေါ် ကိုးကန့်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ်အတွင်း မိုင်းလားမြို့တွင် စစ်ကောင်စီတပ်နှင့် ဆွေးနွေးသော်လည်း အပစ်ရပ်ရန် သဘောတူညီမှုမရှိခဲ့ပေ။ ထိုဆွေးနွေးပွဲပြီးနောက် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသရှိ ကိုးကန့်လက်နက်ကိုင်တပ်များကို အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်ခဲ့သည်။

MNDAA သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် AA တို့နှင့် မဟာမိတ်ဖွဲ့ထားသည်။

AA သည် ရခိုင်ဒေသတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှ စတင်ကာ စစ်ကောင်စီနှင့် ထပ်မံ အပစ်ရပ်ထားသည်။

TNLA သည် လတ်တလော တိုက်ပွဲကြီးများတွင် ပါဝင်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button