သတင်း

ပန်ဆန်းကားဗုံးပေါက်ကွဲမှုကို အသေးစိတ်စုံစမ်းစစ်ဆေးနေဟု ‘ဝ’ အဖွဲ့ပြော

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ပန်ဆန်းတွင် ယမန်နေ့က ဖြစ်ပွားသည့် ကားဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လုံခြုံရေးအဖွဲ့များက အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ‘ဝ’ အဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ပန်ဆန်းမြို့ကားဂိတ်အနီးတွင် ရပ်ထားသည့် ကားတစ်စီးမှ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ဗုံးပေါက်ကွဲမှု ကြောင့် ဒေသခံ ၄ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။  ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရာနှင့် လက်သည်တရားခံတို့ကို မသိရသေးသော်လည်း အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA)  တောင်ပိုင်း အမှတ်(၁၇၁) စစ်ဒေသနယ်မှ ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဘိမ်းက ပြောသည်။
ဗုံးကွဲပြီးနောက် ဒဏ်ရာရသူများက မီးသတ်သမားကသယ်ဆောင်နေကြပုံ (Facebook) 
“သူတို့အခု စုံစမ်းနေပါတယ်။ ဖြစ်စဉ်က အသေးစိတ်တော့ မသိရသေးဘူး၊ သေချာတဲ့အခါ ကျွန်တော်တို့ ပြန်ပြောပါမယ်ဗျ” ဟု ၎င်းက ပြောသည်။ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးသော်လည်း သေဆုံးသူနှင့် ဒဏ်ရာရသူများ မှာ အရပ်သားများဖြစ်ကြောင်း အခြားသတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြောသည်။ “၁၂ နာရီ ၁၅ မိနစ်အချိန်မှာ ဖြစ်တာပါ။ တရားခံ မသိသေးပါဘူး။ အဲနားမှာ စားသောက်ဆိုင်ငယ် လေး တွေရှိတယ်။ အရပ်သားတွေပါ” ဟု ဗုံးပေါက်ကွဲမှုအကြောင်း သိရှိသူ ၎င်းက ပြောသည်။ အင်တာနက်လူမှုကွန်ယက်များတွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များတွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ပေ ၅၀ မှ ၁၀၀ အတွင်း အပျက်အစီးများဖြစ်ပေါ်နေပြီး မီးသတ်တပ်ဖွဲ့ဝင်များက သေဆုံးသူများနှင့် ဒဏ်ရာရ သူများကို သယ်ဆောင်နေသည်ကို တွေ့ရသည်။ အစိမ်းရောင်ယူနီဖောင်းဝတ် UWSA တပ်ဖွဲ့ဝင်အများအ ပြားကိုလည်း အခင်းဖြစ်ရာတွင်တွေ့ရှိရပြီး၊ ထိုရုပ်သံများသည် ဗုံးကွဲမှုကိုမှတ်တမ်းတင်ထားသည်မှာ မှန်ကန်ကြောင်း Myanmar Now က အတည်ပြုနိုင်ခဲ့သည်။  အသေးစိတ် မသိရသော်လည်း ဗုံးပေါက်ကွဲမှုမှာ ပြင်းထန်ကြောင်း ပန်ဆန်းမြို့တွင် နေထိုင်သူ ဝလူမျိုး တစ်ဦးကလည်း ဆိုသည်။ “အထိခိုက်တော့ များတယ်။ အသေအပျောက်က လေးငါးခြောက်ယောက်ထက်မဘူး။ ဒဏ်ရာရသူက အတိအကျ မသိရသေးဘူး”
(UWSA) ဌာနချုပ်ရှိသည့် ပန်ဆန်းမြို့သည် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးကောင်မွန်သည့် မြို့တစ်မြို့ ဖြစ်ကာ ယခုလို ဗုံးပေါက်သည့် ဖြစ်စဉ်မျိုးကို တစ်ခါမှ မကြုံဖူးကြောင်း မြန်မာပြည်ဘက်မှ ပန်ဆန်းတွင် ၁၀ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသည့် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ “မနေ့က ကျွန်တော်တို့ မိတ်ဆွေအားလုံး စကားထိုင်ပြောနေတာ၊ အသံကြီးက အကျယ်ကြီးကြားရတော့ အစက ဘာဖြစ်တာမှန်းမသိကြဘူး ဒီမှာက တစ်ခါမှ အဲဒီလိုမဖြစ်ဖူဘူး ဒါပထမဦးဆုံးပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဗုံးပေါက်ကွဲသည့် အသံကို တစ်မြို့လုံးနီးပါးက ကြားခဲ့ရပြီး ဗုံးပေါက်ပြီးနောက် လက်နက်ကိုင်လုံခြုံရေး ကားအချို့ ဗုံးပေါက်သည့်နေရာသို့ ဦးတည်ထွက်ခွာသွားသည်ကို တွေ့ခဲ့ရသည်ဟု ၎င်းက ပြောသည်။ယနေ့နံနက်တွင်တော့ ပန်ဆန်းမြို့တွင် ပုံမှန်အတိုင်းသွားလာ လှုပ်ရှားလျက်ပင်ရှိပြီး ဈေဆိုင်များလည်း အားလုံးဖွင့်ထားကြသည်ဟု သိရသည်။

အင်အားကြီး လက်နက်ကိုင်အဖွဲ့ကို ပိုင်ဆိုင်ထားသည့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည်ဟု စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ၁၀ စုနှစ် ၃ ခုစာခန့်ကြာမြင့်ခဲ့ပြီး ၎င်းတို့ ထိန်းချုပ်ရာဒေသ များတွင်လည်း တည်ငြိမ်အေးချမ်းခဲ့သည်။စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းလည်း အခြားဒေသများကဲ့သို့ တိုက်ပွဲများဖြစ်ပွားခြင်း မရှိခဲ့ဘဲ စစ်ကောင်စီတပ်နှင့် နေပြည်တော်တွင်နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။

လက်ရှိဖြစ်ပွားနေသော တော်လှန်ရေးသည် မြန်မာပြည်၏ ပြည်တွင်းရေးသာဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် မည်သည့်ဘက်မှ ပါဝင်မည်မဟုတ်ကြောင်း ‘ဝ’ အဖွဲ့က ပြီးခဲ့သည့်မေလကုန်ပိုင်း တွင် ထုတ်ပြန်ခဲ့သည်။ (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button