သတင်း

အွန်လိုင်းလောင်းကစားဂိုဏ်းများအတွက် တရုတ်က အလိုရှိနေသည့် ‘ဝ’ ခေါင်းဆောင်ဟောင်း ၂ ဦးကို စစ်ကောင်စီကလည်း ဖမ်းဝရမ်းထုတ်

UWSA ခေါင်းဆောင်နှစ်ဦးကို အွန်လိုင်းမှ ငွေလိမ်သူများဟု တရုတ်အစိုးရက စွပ်စွဲ၊ ဖမ်းဝရမ်းထုတ်ပြီး ၅ ရက်အကြာတွင် စစ်ကောင်စီကလည်း အလားတူ ဝရမ်းထုတ်လိုက်သည်။

“ကျားဖြန့်” ခေါ် အွန်လိုင်းမှ ငွေလိမ်သည့်လုပ်ငန်းကို လုပ်ကိုင်သည့် ဂိုဏ်းခေါင်းဆောင်များဟု တရုတ်အစိုးရက သတ်မှတ်ပြီး ဆုကြေးနှင့်အတူ ဖမ်းဝရမ်းထုတ်ထားသော ‘ဝ’ လက်နက်ကိုင်တပ်ဖွဲ့ UWSA ၏ ခေါင်းဆောင်နှစ်ဦးကို စစ်ကောင်စီကလည်း ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း ယနေ့မြန်မာစံတော်ချိန် ည ၈ နာရီ စစ်ကောင်စီသတင်းတွင် ကြေညာလိုက်သည်။

မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် UWSA ၏ ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ချန်ရန်ပန် (ပေါက်အိုက်ပန်း) နှင့် မိုင်းလင်းခရိုင်မှူး ရှောက်ရန်ပန် (ဟော်ချွင်ထင်) တို့ကို တရုတ်အစိုးရ၏ အများပြည်သူလုံခြုံရေးဌာနက အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖြစ်သည်။

၎င်းတို့ကို ဖမ်းမိရေး သတင်းပေးပါက တရုတ်ယွမ်ငွေ တစ်သိန်းမှ ငါးသိန်းအထိ (ကျပ် သိန်း ၄၅၀ မှ ကျပ်သိန်း ၂၀၀၀ ကျော်) ဆုကြေးပေးမည်ဟုလည်း တရုတ်ဘက်က ကြေညာထားသည်။

တရုတ်ဘက်က ထိုသို့ ကြေညာပြီး ၅ ရက်အကြာ အောက်တိုဘာ ၁၇ ရက်နေ့တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ကြေညာချက်က ဆိုသည်။

တရုတ်က ဆုကြေးဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် ‘ဝ’ အဖွဲ့ (UWSA) ၏ အရာရှိနှစ်ဦး။

၎င်းတို့နှစ်ဦးသည် အွန်လိုင်းလိမ်လည်မှု၊ လူကို သွေးဆောင်ဆွဲခေါ်မှု၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းတို့ကို ကျူးလွန်သည်ဟု သံသယမှုများဖြင့် ဖမ်ဝရမ်းထုတ်ခြင်းဟုလည်း ဆိုသည်။

ဟိုပန်ခရိုင်တရားရုံးသည် စစ်ကောင်စီက ဆက်လက်စွဲကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ပါဝင်ပြီး ထိုတရားရုံးသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးစနစ်အတွင်း လည်ပတ်နေသည်။

မိခင်အဖွဲ့အစည်းဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကလည်း တရုတ်ဘက်က ဆုကြေးပါ ဖမ်းဝရမ်းထွက်လာခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို တပ်ဖွဲ့ထဲမှ ထုတ်ပယ်ကြောင်း အလျင်အမြန် ကြေညာခဲ့သည်။

တရုတ်နှင့် စစ်ကောင်စီတို့က ဖမ်းဝရမ်းထုတ်ထားသည့် ‘ဝ’ တပ်ဖွဲ့ အရာရှိဟောင်းများ လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ရှိသည်ဆိုသည်ကိုမူ မသိရပါ။

နယ်စပ်လောင်းကစားဂိုဏ်းဝင်များဟု သံသယရှိသူများကို ‘ဝ’ လက်နက်ကိုင်တပ် UWSA က တရုတ်ရဲများထံ ၂၀၂၃ စက်တင်ဘာ ၆ နှင့် ၇ ရက်များအတွင်းက လွှဲပြောင်းပေးနေစဉ် (ဓာတ်ပုံ – WSTV)

ထိုအဖြစ်အပျက်မတိုင်မီကလည်း ‘ဝ’ တပ်ဖွဲ့ UWSA က တရုတ် လိုအပ်နေသူအများအပြားကို ဖမ်းပြီး နယ်စပ်ဖြတ်ကျော် ပို့ပေးလျက်ရှိရာ ပြီးခဲ့သည့် စက်တင်ဘာ ၆ နှင့် ၇ ရက်နေ့များတွင် ၎င်းတို့နယ်ထဲမှ ကျားဖြန့်ဂိုဏ်းဝင်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပေးခဲ့သည်။

တရုတ်အစိုးရသည် ကျားဖြန့်လုပ်ငန်းများကြောင့် UWSA ၏ ဒုစစ်ဦးစီးချုပ်ကိုလည်း တရုတ်နိုင်ငံအတွင်းတွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း ဧရာဝတီသတင်းဌာနက ယနေ့ ရေးသားသည်။

“ကျားဖြန့်” ဟု အလွယ်ခေါ်ကြသည့် အင်တာနက် (သို့) တယ်လီဖုန်း စသည်တို့မှတစ်ဆင့် လောင်းကစားအပါအဝင် ငွေကြေးလိမ်လည်သည့် လုပ်ငန်းသည် တရုတ်နိုင်ငံသားများကို လူကုန်ကူးခြင်း၊ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းအလုပ်ခိုင်းစေခြင်း၊ တရုတ်တို့ကို ဦးတည်လိမ်လည်ခြင်း အစရှိသည့် တိုင်ကြားမှုများကြောင့် တရုတ်အစိုးရက နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ကာ ဖြိုခွဲလျက်ရှိသည်။

ကျားဖြန့်ဂိုဏ်းများ၏ လက်ချက်ဖြင့် ၂၀၂၂ တစ်နှစ်တည်းတွင် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း သုတေသနများကို ကိုးကားပြီး အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု USIP က မြန်မာနိုင်ငံဆိုင်ရာအရာရှိ Billy Ford က ဘီဘီစီ (မြန်မာပိုင်း) ကို ပြောကြားထားသည်။

တရုတ်အစိုးရက စစ်ကောင်စီနှင့် မြန်မာ-တရုတ်နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများတွင် အခြေစိုက်သည့် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းရန်နှင့် သံသယရှိသူများကို လွှဲပြောင်းပေးရန် ဖိအားများ ဆက်တိုက်ပေးနေသည်။

မြန်မာ-တရုတ် နယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကိုးကန့်စီးပွားရေးသမား ၁၁ ဦးကိုလည်း ကျားဖြန့်သံသယဖြင့် အောက်တိုဘာ ၁ ရက်နေ့တွင် တရုတ်ရဲတို့က တရုတ်ပြည် လင်ချန်းပြည်နယ်တွင် ဖမ်းဆီးခဲ့သည်။

ဖမ်းခံရသူများထဲတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်လောင်း၊ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့၏ အဆက်အနွယ်များ ပါရှိခဲ့သည်။

ကိုးကန့်သူဌေးများ ဖမ်းဆီးခံရပြီး သီတင်းတစ်ပတ်အကြာ အောက်တိုဘာ ၇ ရက်နေ့တွင် ကိုးကန့်၊ လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရန် စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်များက သဘောတူခဲ့ရပြီး သံသယရှိသူ ၃၈၀ နီးပါးကို တရုတ်ထံ အပ်ခဲ့ရသည်။

လက်ရှိအချိန်အထိ ကျားဖြန့်သံသယဖြင့် မြန်မာဘက်ခြမ်းမှ ၄,၆၆၆ ဦးကို တရုတ်က လက်လွှဲဖမ်းဆီးထားကြောင်း တရုတ်အစိုးရ၏ အများပြည်သူလုံခြုံရေးဌာနက အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

UWSA သည် မြန်မာ-တရုတ် နယ်စပ် ပန်ဆန်းတွင် အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် ၁၉၈၉ တွင် တည်ထောင်ထားသည့် ထိုအဖွဲ့သည် အင်အား ၃၀၀၀၀ နှင့်အထက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များတွင် အင်အားအကြီးဆုံးဖြစ်ကြောင်း သုတေသီတို့က တွက်ဆကြသည်။

‘ဝ’ တပ်သည် စစ်ကောင်စီနှင့် တိုက်ရိုက်စစ်ပွဲများ မဖြစ်ပွားသော်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေးရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button