ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်းအနီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၈) နံနက် ၁၀ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
စစ်တွေကမ်းနား မြို့သစ်စီမံကိန်းလုပ်ကိုင်ရန် ပြည်နယ်အစိုးရနှင့် BXT International Co., Ltd အမည်ရှိ ကိုရီးယားကုမ္ပဏီတို့က ၂၀၁၅ ခုနှစ်ဆန်းက စတင်၍ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့ပြီး ဒေသခံများက ကိုရီးယားဆိပ်ကမ်းဟု ခေါ်ဆိုကြသည့် အဆိုပါနေရာတွင် ပေါက်ကွဲမှုအတွက် ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိကိုတော့ မသိရသေးကြောင်း စစ်တွေမြို့ခံတစ်ဦးကဆိုသည်။
ယင်းပေါက်ကွဲမှုသည် စစ်တွေနှင့် ရသေ့တောင် ဆက်သွယ်ထားသည့် ကြွီတဲမြစ်ကြောင်းတွင် လှေ၊ သမ္ဗန်များ ၂ လကြာသွားလာခွင့် ပိတ်ပင်ကြောင်း ပြည်နယ်စစ်ကောင်စီက ကြေညာချက်ထုတ်ပြီး ၂ ရက် အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကြွီတဲမြစ်ကြောင်းသည် စစ်တွေမြို့မြောက်ဘက်၊ ရသေ့တောင်မြို့နယ်နှင့် အစပ်ဖြစ်ပြီး ရသေ့တောင်ရှိ စစ်စခန်းများကို ဖေဖော်ဝါရီ ၁၄ ရက်တည်းက AA က ဝင်ရောက်တိုက်ခိုက်နေသည်။
ထို့ပြင် စစ်တွေမှ ရေလမ်းခရီး ၁ နာရီသာ သွားရသည့် ပေါက်တောမြို့ကိုလည်း ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီး စစ်တွေအနီးမှ နောက်ထပ်မြို့တစ်မြို့ဖြစ်သည့် ပုဏ္ဏားကျွန်းတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်ကောင်စီက စစ်တွေမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာနှောင်းပိုင်းကတည်းက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် “ညမထွက်ရအမိန့်” ကို ထပ်တိုးကြေညာခဲ့သည်။
၂၀၁၇ ခုနှစ်ကုန်ခန့်မှ စတင်၍ မြေကွက်များ ရောင်းချရန် ကြိုးပမ်းခဲ့သည့် ကိုရီးယားဆိပ်ကမ်းစီမံကိန်းသည် စတင်စဉ်ကတည်းက ဒေသခံများ၏ ကန့်ကွက်မှုကို ခံခဲ့ရပြီး လတ်တလော ဆက်လက်လုပ်ကိုင်မှု ရှိမရှိ မသိရသေးပေ။
စစ်အာဏာသိမ်းပြီးနောက် အဆိုပါ ဆိပ်ကမ်းအနီး ၂၀၂၁ ဇူလိုင်လအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ၂၀၂၃ ဇန်နဝါရီလကလည်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး တွေ့ရှိခဲ့သည်။
စစ်တပ်နှင့် AA တို့ စစ်ရေးတင်းမာနေချိန် ယမန်နှစ် ဒီဇင်ဘာ ၁၂ ရက်က အဆိုပါ ဆိပ်ကမ်းအနီး ဈေးရောင်းဈေးဝယ်များ၊ ဒေသခံအများအပါအဝင် လူ ၅၃ ဦးကို စစ်တပ်နှင့် ရဲတို့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကာ စစ်တွေရဲစခန်း၌ ချုပ်နှောင်ထားခဲ့သည်။
နောက်တစ်နေ့တွင် ကလေး ၂ ဦး အပါအဝင် ၄ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သူများ၏ သတင်းအစအန ပျောက်ကွယ်နေသည်။
ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီခန့်က မြို့တောင်ဘက်ရှိ စစ်တွေလေယာဉ်ကွင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်ကလည်း အထိအခိုက်မသိရပေ။
ရခိုင်တိုက်ပွဲနောက်ဆုံးအခြေအနေ
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲတို့တွင် ပြီးခဲ့သည့် ၃ ရက်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ကောင်စီက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။
ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၉ နာရီခန့်က တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ “ မအီတံတား” ၊ နောက်တစ်နေ့ နံနက် ၃ နာရီခန့်တွင် မအီ-ကျောက်ဖြူကားလမ်းမပေါ် မအီမြို့အနီး တည်ရှိသော “ကျောက်ကြီးပေါက်တံတား” ကို စစ်ကောင်စီက ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း AA က ယမန်နေ့ညက ထုတ်ပြန်သည်။
မအီတံတားကို မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် ပေါက်ကွဲမှုကြောင့် မအီမြို့အထက်တန်းကျောင်း အပါအဝင် လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
မအီတံတားနှင့် ကျောက်ကြီးပေါက်တံတား ဖောက်ခွဲပျက်စီးသွားကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်က ယနေ့ ပြောသည်။
“မအီတံတားနဲ့ ကျောက်ကြီးပေါက်တံတား ပျက်စီးသွားတာတော့ ဟုတ်တယ်လို့ ပြောတယ်။ ဘယ်ဘက်က ဖျက်ဆီးတာလဲတော့ မပြောတတ်ဘူး။ ဖျက်ပစ်လိုက်တာတော့ ဟုတ်တယ်” ဟု သူက ဆိုသည်။
ထိုတံတားနှစ်စီး ပျက်စီးမှုကြောင့် ကျောက်ဖြူမှ ရန်ကုန်သို့ ကုန်းလမ်းခရီး ပြတ်တောက်သွားပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျောက်ဖြူကနေ ရန်ကုန် သွားလို့မရတော့ဘူး။ တံတားနှစ်စီးပျက်သွားတော့ ကုန်းလမ်းပိတ်သွားတာပေါ့။ မြို့အပြင်မှာရှိတဲ့ လူတွေကတော့ သွားနေကြတာပေါ့၊ မြို့ဧရိယာထဲက လူတွေကတော့ အစကတည်းက လုံခြုံရေးအရ ကန့်သတ်ထားတာရှိတာကိုး” ဟု ဦးဘရှိန်က ဆိုသည်။
“တံတားတွေကို ဘာလို့ဖျက်ဆီးကြတာလဲဆိုတာတော့ ကျွန်တော်က စစ်ရေးကို မပြောတတ်ဘူး။ အဲ့လို ပျက်စီးသွားတော့ ဒေသခံတွေ သွားလာရေး ခက်ခဲသွားတာတော့ အမှန်ပါပဲ”
ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီး စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆) တပ်ရင်းနှင့် AA တို့ ဖေဖော်ဝါရီ ၁၇ ညနေက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရမ်းဗြဲမြို့ကိုလည်း ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေကြောင်း AA ထုတ်ပြန်ချက်က ဆိုသည်။
ဖေဖော်ဝါရီ ၁၇ ရက်က စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း ပစ်ခတ်မှုကြောင့် ရမ်းဗြဲမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကင်းတဲရပ်ကွက်မှ နေအိမ် ၁၅၀ ကျော် မီးလောင်သွားကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲဲ့ကလည်း ယမန်နေ့ညက ထုတ်ပြန်သည်။
အလားတူ တောင်ကုတ်မြို့နယ်၊ မအီမြို့အခြေစိုက် ဇိဇံဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မအီရဲစခန်းမှ ရဲများအပါအဝင် ပူးပေါင်းအင်အား ၈၀ ခန့်က ဖေဖော်ဝါရီ ၁၆ ရက် ည ၉ နာရီခွဲခန့်က မအီမြို့မှ အနောက်ဘက် ကျောက်ဖြူမြို့သို့ ဆုတ်ခွာလာကြောင်း ဒေသအခြေစိုက် မီဒီယာတစ်ခုဖြစ်သော အာရက္ခမင်းသမီး (Arakan Princess) မီဒီယာက ဖော်ပြထားသည်။
ထိုပူးပေါင်း ၈၀ အဖွဲ့က ည ၁၂ နာရီခန့်တွင် မအီမြို့၊ ကင်းခြေရွာသစ်အတွင်း ဝင်ရောက်လာပြီး ဦးမောင်သန်း၊ ကိုညီညီ၊ ဦးနိုင်လင်းအောင် ဆိုသည့် ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြထားသည်။
AA သည် ၂၀၂၃ နိုဝင်ဘာ ၁၃ မှ စတင်ပြီး တိုက်ခိုက်နေရာ ရခိုင်မြို့ကြီး ၅ မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းယူထားပြီး လတ်တလောတွင် ရသေ့တောင်၊ မောင်တောတို့တွင် တိုက်ပွဲများ ဖြစ်နေကာ ပြည်နယ်မြို့တော်နှင့် အနီးဆုံးသို့ ရောက်ရှိနေသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ၊ သံတွဲဘက်သို့ အများဆုံး ဆုတ်ခွာနေကာ ကြည်း၊ ရေ၊ လေဖြင့် ပြန်လည်ခုခံနေသည်။