သတင်း

မန္တလေး လဝကရုံး ဗုံးပေါက်ကွဲမှု ၂ ဦးသေ၊ ၉ ဦးဒဏ်ရာရ

မဟာအောင်မြေခရိုင် လဝကရုံး ပေါက်ကွဲမှုတွင် အရပ်သား ၂ ဦး သေဆုံးသွားသည်၊ အဆိုပါ လုပ်ဆောင်မှု၏ နောက်ကွယ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း ရှိကြောင်း မသိရသေးပေ။

မန္တလေး၊ မဟာအောင်မြေခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) တွင် ယနေ့ (ဧပြီ ၅ ရက်) က ပေါက်ကွဲမှုတစ်ခုဖြစ်ရာ ၂ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် (၁) လမ်း ချမ်းမြသာယာရပ်ကွက်အတွင်းရှိ  အဆိုပါရုံး ပေါက်ကွဲမှုတွင် အရပ်သား ၂ ဦး သေဆုံးပြီး၊ ဒုမြို့နယ်လဝကမှူး သော်ဇင်ဖြိုးအပါအဝင် ဝန်ထမ်းသုံးဦးနှင့် ပြည်သူ ၆ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

“ဒဏ်ရာပြင်းထန်တဲ့သူတွေလည်း ပါတယ်။ သူတို့ဝန်ထမ်းတွေလည်း ထိတယ်။ အသက်အန္တရာယ် စိုးရိမ်ဒဏ်ရာတွေလည်း ပါတယ် သိရတယ်။ လူနာတင်ကားကို အများကြီးပဲ၊ လာတင်ခေါ်သွားကြတယ်” ဟု ယင်းရုံးအနီး နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုအသေးစိတ်အခြေအနေကို မသိရှိရသေးသော်လည်း ထိုရုံးတွင် ယခုရက်ပိုင်းအတွင်း လူများစွာဝင်ထွက်နေပြီး စစ်ကောင်စီက ကြေညာထားသည့် Unique Identification Number (UID) ကတ်ပြားများ လုပ်ဆောင်သူ များပြားနေကြောင်း ၎င်းက ဆိုသည်။

“လူတအားများတယ် အဲဒီကတ်တွေပါမှ နိုင်ငံကူးလက်မှတ် လုပ်လို့ရတော့မယ် ကြေညာလိုက်တော့ လဝကရုံးမှာ လူတွေတန်းစီတိုးနေကြတာ”

သေဆုံးသူများမှာ မနီနီဝင်းမောင်၊ ကိုစွဲရစ်တို့ ဖြစ်ပြီး အသက်နှင့် နေရပ်ကို မသိရသေးပေ။

လူနာတင်ယာဉ် ၁၀ စီးခန့် လာရောက်ပြီး ဒဏ်ရာရရှိသူများကို တင်ဆောင်သွားကြသည်ကို မြင်ရကြောင်း စစ်ကားများလည်း ရောက်ရှိလာပြီး အဆိုပါရုံး လမ်းကြားကို ပိတ်ချလိုက်သည်၊ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ပြည်ကြီးတံခွန်မြို့နယ် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားသည်ဟု ဒေသခံတချို့က ဆိုသည်။

အဆိုပါလုပ်ဆောင်မှု၏ နောက်ကွယ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းရှိကြောင်း မသိရသေးပေ။

လက်ရှိတွင် စစ်ကောင်စီက မန္တလေးမြို့လမ်းမကြီးများနှင့် မြို့အဝင်အထွက်ဂိတ်များကို လုံခြုံရေးတင်းကြပ်လိုက်ပြီး စစ်ဆေးရှာဖွေမှုများ အပြင်းအထန်ပြုလုပ်နေသည်ဟု သိရသည်။

“စစ်ကိုင်းတံတားမှာလည်း အစစ်အဆေး အသေကြမ်းနေတယ်။ မြို့အတွင်းလည်း ကားတွေတားပြီး ကားနောက်ဖုံးတွေ စစ်တယ်။ လမ်းမတွေပေါ်လည်း ကားတွေနဲ့ ပတ်ရှာနေတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ယခင် ပေါက်ကွဲမှုများ

မန္တလေးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ ၎င်းတို့၏ ဒေါက်တိုင်အဆောက်အအုံများ မကြာခဏ တိုက်ခိုက်ခံကြရသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ညပိုင်းကလည်း မန္တလေးမြို့လယ် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့် စစ်တပ်ဝင်းအတွင်း တည်ဆောက်ထားပြီး ရတနာပုံခန်းမ ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသေးသည်။ ထိုခန်းမ၏ ဖွင့်ပွဲအခမ်းအနားကို စစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးသည်၊ ခန်းမကို သူ၏ သားဖြစ်သူ ပိုင်ဆိုင်သည်ဟု သိရသည်။

Show More

Related Articles

Back to top button