သတင်း

ရန်ကုန်မြို့ပြင် ဖမ်းဆီးစစ်ဆေးမှုတွင် တွံတေးဒေသခံတစ်ဦး သေဆုံး

ရန်ကုန်မြို့တစ်ဖက်ကမ်း တွံတေးမြို့နယ်တွင် PDF ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရသူ ၁၀ ဦးအနက်မှ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရသည်ဟု သိရသည်။ 

ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူ အသက် ၃၇ နှစ်အရွယ် ကိုသန့်ဇင်ဦး ဖမ်းဆီးခံရပြီး ရက်သတ္တပတ် တစ်ပတ်အကြာတွင် သေဆုံးသည်ဟု အကြောင်းကြားခဲ့ကြောင်း မြို့ပြပြောက်ကျား-တွံတေးအဖွဲ့က ပြောသည်။

“တွံတေးက သူနဲ့ဆွေမျိုးနီးစပ်ကို လာပြောတယ်။ အလောင်းပြန်မပေးဘူး။ သင်္ဂြိုဟ်တာက မင်္ဂလာဒုံစစ်ဆေးရုံကို သယ်သွားတယ်လို့ပဲ သိရတယ်” ဟု ထိုအဖွဲ့တာဝန်ခံ ဗိုလ်ယက္ခက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ မြို့ခံ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် နှိပ်စက်စစ်ဆေးခဲ့သည်ဟု ဆိုသည်။ 

“အတော်ရိုက်နှက်ထားတယ်။ ပါးစပ်ထဲက သွားတွေကျွတ်တဲ့အထိပဲ။ ခြေထောက်တွေကို ပြည်သူ့စစ် လုပ်နေတဲ့ ကျော်သူထက်နဲ့ မြကန်သာက လူမိုက်ရဲကြီးတို့က အသားတွေ လှီးထုတ်တယ် ကြားထားပါတယ်” ဟု ဗိုလ်ယက္ခက ပြောသည်။ 

အောက်တိုဘာ ၂၉ က တွံတေးမြို့၊ နာရီစင်တစ်ဖက်ကမ်း မင်းပိုင်ရပ်ကွက် မြဂိုးကျေးရွာနေ ကိုသန့်ဇင်ဦး၊ ဇနီးဖြစ်သူ မအေးသန္တာ၊ ၎င်းတို့၏ အသက်မပြည့်သေးသည့်ကလေး ၂ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

သမီးမိန်းကလေးများမှာ အသက် ၁၃ နှစ် အရွယ်နှင့် ၁ နှစ်ကျော်အရွယ် ဖြစ်သည်ဟု ဆိုသည်။

ထိုမိသားစုနေအိမ်တွင် ကထိန်ပဒေသာပင်လုပ်ရန် ရောက်ရှိနေသည့် မြဂိုးကျေးရွာဇာတိ အသက် ၂၀ မှ ၃၀ ကြား အမျိုးသား ၄ ဦးပါ တစ်ပါတည်း ဖမ်းဆီးခံရသည်။ နေအိမ်ရှိ ပစ္စည်းများနှင့် ဆိုင်ကယ်ပြင်သည့်ပစ္စည်းများ ယူဆောင်သွားသည်ဟု သိရသည်။

“ကျွန်တော်တို့သိရသလောက် (လာဖမ်းဆီးသူတွေက) အရပ်ဝတ်တွေနဲ့ အင်အား ၁၀ ဦးဝန်းကျင် ရှိမယ်။ ဇီးဖြူကုန်းမှာ လာပြန်တပ်စွဲတဲ့ စစ်တပ်ကကောင်တွေလို့ ကြားတယ်” ဟု ဗိုလ်ယက္ခက ပြောသည်။

ဖမ်းဆီးသွားသူများကို မြဂိုးကူးတို့ဆိပ်မှ တွံတေးမြို့တောင်ဘက် တစ်မိုင်ခန့်အကွာရှိ ခြေလျင်တပ်ရင်း (ခလရ) ၇၀ တွင် နှိပ်စက်စစ်ဆေးခဲ့ပြီး နှစ်ရက်အကြာတွင် မအေးသန္တာနှင့် ကလေး၂ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ယင်းနောက် ကိုသန့်ဇင်ဦး သေဆုံးသည်ဟု အကြောင်းကြားခဲ့ကြောင်း မြို့ပြပြောက်ကျား-တွံတေးအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

အောက်တိုဘာ ၂၉ ညတွင်ပင် ဝက်ချောင်းကျေးရွာအုပ်စု၊ အုန်းပင်ချောင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ကာ ဒေသခံအမျိုးသား ၂ ဦးကို ဖမ်းဆီးသွားသည်ဟု မြို့ပြပြောက်ကျား-တွံတေးက ပြောခဲ့ပြီး ဖမ်းဆီးခံရသည့် အကြောင်းရင်း၊ ထိုအမျိုးသား ၂ ဦး၏ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

တွံတေးမြို့တွင် စစ်တပ်က ဖမ်းဆီး အလောင်းဖျောက်နေသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို ထိုဖြစ်ရပ်များကိုလည်း စစ်တပ်က သတင်းအမှောင်ချထားသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အာဏာသိမ်းပြီးစကာလ ဆန္ဒပြပွဲများပစ်ခတ်နှိမ်နှင်းမှုကြောင့် ပြည်သူများသေဆုံးခဲ့ရသလို ကျေးရွာများတွင်လည်း စစ်တပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ထောက်ခံသူများ နှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်နေသည်။

ထိုသို့ ဖမ်းဆီးရာတွင် အထောက်အကူပြုနေသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သတင်းပေး ဒလန်ဟု ယူဆရသူများကိုလည်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ပစ်မှတ်ထားတိုက်ခိုက်နေသည်။ 

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁၂၆၄ စုရှိသော ဇီးဖြူကုန်းရွာတွင် စစ်တပ်က ပုံမှန် စခန်းချထားကာ အနီးအနားရွာများမှ ၎င်းတို့သံသယရှိသူတို့ကို ဖမ်းဆီးနှိပ်စက်နေသည်။

ထိုရွာများထဲတွင် မြဂိုးကျေးရွာလည်း ပါဝင်သည်။

ယခုနှစ်ဇွန်လ၌ ဖမ်းဆီးခံရသည့် တွံတေးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TRDF) အဖွဲ့ဝင် ကိုသက်နိုင်ဦးဆိုသူ ဇူလိုင်နောက်ဆုံးပတ်တွင် စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခဲ့သည့်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ 

တွံတေးမြို့နယ် ဇီးဖြူကုန်းရွာမှ NLD ပါတီ ထောက်ခံသူ အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်မျိုးနွယ်ဆိုသူမှာ  စစ်တပ်က ဖမ်းသွားပြီး နှစ်ရက်အကြာ ဩဂုတ် ၂၉ တွင် သေဆုံးသွားခဲ့သည်။  

ထိုနှစ်ဦးလုံး၏ အလောင်းများကို မိသားစုက ပြန်မရခဲ့ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button