သတင်း

မတ္တရာအရှေ့ခြမ်းတွင် စစ်ရှောင် ၆ ဦး အသတ်ခံရ

TNLA, MDY-PDF နှင့် စစ်တပ်တို့ တိုက်ပွဲများဖြစ်နေသည့်အတွက် စစ်ရှောင်လာသော အမျိုးသား ၆ ဦး သတ်ဖြတ်ခံရပြီး အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ထားသည်ဟု ဆိုသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေရာ နိုဝင်ဘာ ၁၈ ရက်နံနက်က စစ်ရှောင် အမျိုးသား ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောကြသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ မှစတင်၍ မန္တလေးမြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ၊ ကားဖြင့် တစ်နာရီ ခရီးသာ ရှိသော မတ္တရာအရှေ့ခြမ်း ကင်းကျေးရွာအနီးတွင်“၁၀၂၇” စစ်ဆင်ရေးအဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး( MDY-PDF) တို့နှင့် စစ်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် စစ်ရှောင်လာသော ကင်းကျေးရွာသား ၃ ဦးနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းရွာသား ၃ ဦးတို့ကို အောင်သပြေကျေးရွာ ဘိလပ်မြေစက်ရုံအတွင်း တပ်စွဲထားသည့် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ထိုနေ့မှာပင် အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ထားသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။

“ကင်းရွာက ရွာသား ၃ ယောက်က သရက်ကိုင်းမှာရှိတဲ့ သူတို့မိတ်ဆွေဆီကို စစ်ဘေးရှောင်ဖို့ သွားနေတဲ့လူတွေ ဖြစ်ပါတယ်။ မနက်ပိုင်းမှာတင် ဖမ်းပြီးတော့ နေ့လယ်ပိုင်းမှာ အလောင်းတွေကို တွေ့ရတာပဲ” ဟု ဒေသအခြေစိုက် အဖွဲ့တစ်ဖွဲ့ဖြစ်သော မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မည်သို့မည်ပုံ ဖမ်းဆီးခံရကြောင်းနှင့် သေဆုံးသူများ၏ အခြေအနေအသေးစိတ်ကို မသိရပေ။

ဘိလပ်မြေစက်ရုံ၏ ကုန်ထုတ်လမ်းဘေးမှာပင် စွန့်ပစ်ထားသောအလောင်းများကို တွေ့မြင်ခဲ့ရကြောင်း၊ အမည်နှင့် အသက်အရွယ် မသိရသေးကြောင်း မတ္တရာအရှေ့ခြမ်းကျေးရွာတစ်ခုမှ အမျိုးသားတစ်ဦးကလည်း ပြောသည်။

ယင်းဖြစ်စဉ်မတိုင်မီ နိုဝင်ဘာ ၁၇ ရက်နံနက်ကလည်း မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ပိုင်ရှင်နှစ်ဦးအပါအဝင် ဆိုင်အတွင်းရှိ လူ ၁၁ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံရသည့် နေရာသို့ စစ်ကူပေးရန် အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်မှ ထွက်လာသည့် စစ်သားများက အဆိုပါ လက်ဖက်ရည်ဆိုင်ကို စီးနင်းကာ ဆိုင်ရှင် လင်မယားနှစ်ဦး အပါအဝင် ဆိုင်တွင်းထိုင်နေသူများကို ဖမ်းဆီးကာ မျက်နှာများကို အဝတ်များဖြင့် အုပ်၍ လမ်းပေါ် မှောက်ခိုင်းပြီး ပစ်သတ်သွားခြင်းဖြစ်သည်။

ယင်းသတ်ဖြတ်ခံရသူများတွင် ရေနံ့သာကျေးရွာနှင့် အောင်ကန်သာကျေးရွာတို့မှာ ရွာသူရွာသားအများစု ပါဝင်ခဲ့သည်။

နိုဝင်ဘာ ၁၃ မှ ၁၆ အတွင်း ကင်းရွာနှင့် အနီးတစ်ဝိုက်ကို လေကြောင်းမှ ၇ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည် ဟု MDY-PDF ထံမှ သိရပြီး အဆိုပါ တိုက်ပွဲများကြောင့် မတ္တရာအရှေ့ခြမ်းရှိ အနည်းဆုံး ကျေးရွာ ၈ ရွာခန့်မှ ဒေသခံ ထောင်ချီ ထွက်ပြေးနေရသည်။

ကင်းရွာမှ အသက် ၇၈ နှစ်အရွယ် ဒေါ်အုန်းကြည် ကျည်စထိမှန် ဒဏ်ရာရပြီး သေဆုံးခဲ့သလို အနီးအနားရွာများမှ ဒေသခံ ၂၀ ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးစစ်ဆေးနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ MDY-PDF သည် တအာင်းတပ်မတော် (TNLA) နှင့်အတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ခြေကုပ်ရယူထားပြီး “၁၀၂၇” စစ်ဆင်ရေးတွင်လည်း ပါဝင်တိုက်ခိုက်နေသည်။

အဆိုပါ စစ်ဆင်ရေးသည် မန္တလေးမြို့နှင့် တစ်နာရီခရီးအကွာအဝေးသို့ ရောက်ရှိလာချိန်တွင် စစ်တပ်က ဒေသခံများကိုပါ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။ 

Show More

Related Articles

Back to top button