သတင်း

မတ္တရာမြို့နယ် ပစ်ခတ်မှုများတွင် အဘွားအိုတစ်ဦး သေဆုံး

မန္တလေးမြို့နှင့် တစ်နာရီနီးပါးသာ ဝေးသော မတ္တရာမြို့နယ်တွင် တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေပြီး ဒဏ်ရာရအရပ်သားများထဲမှ ၇၈ နှစ်အရွယ် အမျိုးသမီး သေဆုံးသွားသည်ဟု သိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း၊ လေတပ်က ပစ်ခတ်ခြင်းတို့ကြောင့် ကင်းကျေးရွာမှ အဘွားတစ်ဦး ဒဏ်ရာရပြီး ယမန်နေ့ (နိုဝင်ဘာ ၁၅) တွင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

၃ ရက်ဆက်တိုက်ပွဲအတွင်း အသက် ၇၈ နှစ်အရွယ် ဒေါ်အုန်းကြည် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသည့်နေရာ၊ ဒဏ်ရာနှင့် ကုသမှုခံယူနိုင်သည့် အခြေအနေတို့ကို မသိရသေးပေ။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့က “တောင်သမန်” အမည်ဖြင့် ထိုဒေသတွင် စစ်ဆင်ရေး ဆင်နွှဲစဉ် စစ်ကောင်စီတပ်ကလည်း မြေပြင်ထိုးစစ်အပြင် လက်နက်ကြီး၊ လေကြောင်းပစ်ကူများ အသုံးပြုနေသည်။

မန္တလေးမြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ၊ ကားဖြင့် တစ်နာရီခရီးသာရှိသော မတ္တရာအရှေ့ခြမ်း ကင်းကျေးရွာအနီး နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားရာ အရပ်သား ၆ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ဒဏ်ရာရရှိကြောင်း MDY-PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က Myanmar Now ကို ယနေ့ မွန်းလွဲက ပြောသည်။ ဒဏ်ရာအခြေအနေ အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“အလောင်းသိမ်းဆည်းရရှိမှုက လက်ရှိအချိန်ထိက ပျူခေါင်းဆောင်တစ်ဦးအပါအဝင် ၄ ဦး ရှိပါတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုတွေလည်း ရှိထားပါတယ်။ တိုက်ပွဲထဲမှာ သူတို့ဘက်က အချင်းချင်းပစ်ခတ်မှုကြောင့် အကျအဆုံးများကြောင်းကိုလည်း မျက်မြင်သိရတယ်” ဟု ကိုအော်စမွန်က ပြောသည်။

“ပျူခေါင်းဆောင်ကတော့ တိုက်ပွဲအတွင်းမှာ တိုက်ပွဲဖြစ်ရင်း ကျတာဗျ။ ကျန်တဲ့ပျူတပ်ဖွဲ့ဝင် အများအပြားကတော့ တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ တိုက်ပွဲထဲကနေ ထွက်ပြေးတယ်။ ဒါကိုပဲ စစ်ကောင်စီဘက်က အချင်းချင်း ပြန်ပစ်ခတ်ခဲ့တာမျိုးတွေ ကျွန်တော်တို့ မျက်မြင်တွေ့ရတယ်”

MDY-PDF ၏ နိုဝင်ဘာ ၁၅  ရက်နေ့ ထုတ်ပြန်ချက်တွင် တိုက်ပွဲများကြောင့် မတ္တရာဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်ကြရန်လည်း တိုက်တွန်းထားသည်။

“မတ္တရာမြို့နယ်၌ ရန်သူ့အင်အား ၈၀၀ ဝန်းကျင်ဖြင့် ရင်ဆိုင်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ရန်သူ့ဘက်မှလည်း လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် တရစပ် ဖိအားပေး တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲနှင့် ဝေးသော ဘေးလွတ်ရာ နေရာများတွင် တိမ်းရှောင်နေကြပါရန် မေတ္တာရပ်ခံကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ္တရာမြို့နယ် တိုက်ပွဲများတွင် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းတချို့။ (ဓာတ်ပုံ-MDY-PDF)

စစ်တပ်က ကင်းရွာကို လွန်ခဲ့သည့် နှစ်ပတ်ကျော်ကတည်းက စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။

ထို့နောက် အောင်ချမ်းသာ၊ လက်ဝဲကြီး၊ တောင်ကံ စသည့် ၃ ရွာတွင်လည်း အထိုင်ချတပ်စွဲပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထားသည်။ အဖမ်းခံရသူများထဲတွင် မတ္တရာမြို့နယ် သံဃာ့နာယကအဖွဲ့အတွင်းရေးမှူး ထန်းပင်ကုန်းရွာ ကျောင်းထိုင်ဆရာတော် ဦးဝါယမ၊ ဧည့်သည် ဦးဇင်းခေမာတို့ ပါဝင်သည်ဟု သိရသည်။

၃ ရက်အတွင်း ကင်းရွာနှင့် အနီးတစ်ဝိုက်ကို လေကြောင်းမှ ၇ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု MDY-PDF ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် မတ္တရာအရှေ့ခြမ်းရှိ အနည်းဆုံး ကျေးရွာ ၈ ရွာခန့်မှ ဒေသခံ ထောင်ချီ ထွက်ပြေးနေရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ MDY-PDF သည် TNLA နှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း “၁၀၂၇” စစ်ဆင်ရေးအဖြစ် ပါဝင်တိုက်ခိုက်နေသည်။

ပြင်ဦးလွင်မှ အတက် မိုးကုတ်လမ်းခွဲအလွန် မန္တလေး-မိုးကုတ်လမ်း၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပေါ်ရှိ နောင်ချို၊ ဂုတ်တွင်း၊ ကျောက်မဲ၊ သီပေါ ၊ လားရှိုးမြို့များကို စစ်ကူများ တက်မလာနိုင်ရန် ပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ထားသည်။

ဂုတ်ထိပ် ရှုခင်းသာအနီးတွင်လည်း ပူးပေါင်းတပ်များက ထိန်းချုပ်ရန် ကြိုးစားနေပြီး ကျောက်မဲနှင့် သီပေါကြားကိုလည်း ဖြတ်တောက်ထားသည်။

နိုဝင်ဘာ ၁၄ တွင် ကျောက်မဲမြို့ အခြေစိုက် စကခ (၁) စစ်တပ်ဝင်းအတွင်းသို့ Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ နောင်ချိုမြို့နယ် ဂုတ်တွင်းအနီး နေ့စဉ် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၅) တွင် နောင်ချိုမြို့နယ် ဇီးဖြူရေကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်တစ်လုံးအတွင်းမှ မောင်နှမများဖြစ်သော ၁ နှစ်အရွယ် ကလေးတစ်ဦး၊ ၁၂ နှစ်အရွယ် ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ မိခင်ဖြစ်သူနှင့် ကျန်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးကုပေးနေကြောင်း MDY- PDF ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီကလည်း စစ်ရေးအခြေအနေအကျဉ်းချုပ်ကို ယမန်နေ့က သတင်းထုတ်ပြန်ရာ ရခိုင်၊ ကယား၊ ရှမ်းမြောက် စသည့် ဒေသများတွင် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေရပြီး ပါဝင်တိုက်ခိုက်ပေးသော စစ်သည်များ၊ ၎င်းတို့၏ ဇနီးသည်များ၊ ရဲများကို စစ်ခေါင်းဆောင်တို့က အသိအမှတ်ပြုကြောင်း၊ အထူးလေးစားကြောင်း ဖော်ပြထားသည်။

Show More

Related Articles

Back to top button