သတင်း

ကွတ်ခိုင်တွင် ကျမ်းစာကျောင်းဝင်းထဲ လက်နက်ကြီးကျပြီး ကျောင်းသား ၄ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်‌မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၃) က စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့ပေါ်ရှိ ကချင်နှစ်ခြင်းအသင်းတော် (KBC) ခရစ်ယာန်ကျမ်းစာကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား ၄ ဦး ကျည်စထိမှန်ဒဏ်ရာများရခဲ့ကြသည်ဟု မြို့ခံအချို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ည ၈ နာရီခွဲခန့်တွင် မြို့အနောက်ဘက်ရှိ စစ်ကောင်စီဗျူဟာတပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

သစ်ပင်တစ်ပင်ကို လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး အနီးရှိ အမျိုးသားအဆောင်တွင် နေသူများ ကျည်စထိမှန်ခြင်းဖြစ်သည်ဟု လူနာများ ဆေးရုံသို့သွားရောက်နိုင်ရေး ကူညီသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သစ်ပင်မှာ သွားထိလို့ အဲဒီအစလောက်ပဲ မှန်တာ၊ တည့်ကြီးကျလို့ကတော့ မတွေးဝံ့စရာပေါ့၊ တစ်ယောက်ကတော့ အစများများ မှန်သွားတယ်” ဟု သူက ဆိုသည်။

လူငယ် ၄ ဦး၏ ဒဏ်ရာများမှာ မပြင်းထန်ကြောင်း၊ အသေးစိတ်အချက်များကို မသိရသေးကြောင်း သူက ဆက်ပြောသည်။

လက်နက်ကြီးစ ထိမှန်ထားသော လူငယ်တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-ရွှေဖီမြေသတင်းအေဂျင်စီ) 

ယမန်နေ့ည ၈ နာရီ မိနစ် ၄၀ ခန့်က စစ်ကောင်စီတပ်အတွင်းမှ လက်နက်ကြီးပစ်ခတ်သံကို တစ်မြို့လုံးနီးပါး ကြားခဲ့ရပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ခြင်း ဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“တချို့ကတော့ လက်နက်အသေးသံ နည်းနည်းကြားရတယ် ပြောတယ်၊ ကျွန်တော်တော့ တခြားလက်နက်သံတွေတော့ မကြားရဘူး။ အဲဒီလက်နက်ကြီးသံပဲ ကြားလိုက်တာ၊ ဘာတိုက်ပွဲမှ မဖြစ်ဘူး” ဟု အထက်ပါ မြို့ခံအမျိုးသားက ဆိုသည်။

ယနေ့နံနက်တွင်မူ ကွတ်ခိုင်မြို့ပေါ်တွင် ပုံမှန်တိုင်း သွားလာလှုပ်ရှားဆဲဖြစ်ကြောင်း၊ အစစ်အဆေးများ မရှိကြောင်း ၎င်းက ဆက်ပြောသည်။

အရပ်ဘက်ပစ်မှတ်ကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက များသောအားဖြင့် သတင်းထုတ်ပြန်လေ့မရှိပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများ ရှိနေသည်။

နိုဝင်ဘာ ၂ တွင် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုနေ့မှာပင် လားရှိုးမြို့နယ် လွယ်ဝိန်းရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသည်ဟု MNDAA အဖွဲ့က ထုတ်ပြန်ထားသည်။

ကွတ်ခိုင်မြို့သည် စစ်အာဏာသိမ်းပြီးနောက် ရှမ်းမြောက်ဒေသတွင်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲဖြစ်ပွားမှု ဒုတိယအများဆုံးမြို့ဖြစ်ပြီး စစ်တပ်အပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (AA,TNLA, MNDAA) အပြင် KIA တို့ သွားလာလှုပ်ရှားနေသည့် မြို့လည်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button