သတင်း

မန္တလေးတွင် ၂၄ နာရီအတွင်း စစ်ကောင်စီပစ်မှတ် ၃ နေရာ တိုက်ခိုက်ခံရ

မန္တလေးမြို့တွင် ယမန်နေ့ (အောက်တိုဘာ ၃၁) နံနက်မှစ၍ ၂၄ နာရီအတွင်း စစ်ကောင်စီပစ်မှတ် ၃ နေရာ တိုက်ခိုက်ခံခဲ့ရပြီး ၅ ဦးထက်မနည်း သေဆုံးဒဏ်ရာရနိုင်ကြောင်း မြို့ခံများက ပြောသည်။

နံနက် ၁၀ နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ် ၊ ၅၈ လမ်းနှင့် ၁၂၃ လမ်းထောင့်တွင် ရှိသော (စ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူး သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိသည်ဟု တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက် သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသည့် အဆိုပါ (စ) ရုံးအတွင်းမှ ရုပ်အလောင်းများ၊ ဒဏ်ရာရသူများကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း ထိုရပ်ကွက်နေထိုင်သူတစ်ဦးက ဆိုသည်။

“အသံကြီးကတော့ တော်တော်ကျယ်တယ်။ ဆိုင်ကယ်နဲ့ ပစ်သွားတာလို့တော့ ကြားတယ်။ လူနာတင်ကားတော့ ခေါက်တုံ့ခေါက်ပြန် သယ်သွားတယ်။ ဘယ်နှစ်ဦးထိခိုက်နိုင်လဲက ဝင်လို့မရတော့ မသိရဘူးဗျ” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Anonymous Force MDY, Mandalay Youngs Force( MYF) တို့နှင့်အတူ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Truth Keeping Force -Amarapura က ယနေ့ နေ့လယ်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီဘက်ကမူ အဆိုပါတိုက်ခိုက်မှုတွင် ရာအိမ်မှူးတစ်ဦးနှင့် ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

မန္တလေးမြို့တွင်းတစ်နေရာကို ၂၀၂၁ စက်တင်ဘာအတွင်းက တွေ့ရစဉ်။

ထို့နောက် ယနေ့ (နိုဝင်ဘာ ၁) နံနက် ၆ နာရီခွဲခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းနှင့် ၈၈ လမ်းထောင့်အနီး ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရကာ ကား ၂ စီး ပျက်စီးခဲ့ကြောင်း ဒေသအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော GZP (Mandalay) က ယနေ့နံနက်တွင် ထုတ်ပြန်သည်။

Double Cup တစ်စီး၊ Faw ကားတစ်စီးနှင့် ရဲကားတစ်စီးကို ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု GZP (Mandalay) ဘက်က ဆိုသည်။

ထိုတိုက်ခိုက်မှုကို ၎င်းတို့ GZP (Mandalay)၊ ပုသိမ်ကြီးမြို့နယ် (ပကဖ)၊ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အောင်မြေသာစံမြို့နယ် (၁၂) လမ်းအနီး နေထိုင်သူတစ်ဦးက ပေါက်ကွဲပစ်ခတ်သံများ ကြားလိုက်ရကြောင်း၊ ရဲများ သေဆုံးသည်ဟု ကြားရကြောင်း ပြောသည်။

“အသံကြီးက ရက်စက်တယ်။ ဟီးထနေတာ။ ဖြစ်ဖြစ်ချင်း ကားကို မိုးကာကြီး အုပ်ပစ်တယ်။ လမ်းကို မဝင်ရအောင် ပစ်တယ်” ဟု ပြောသည်။

“ရဲအနည်းဆုံး တစ်ဦးသေတယ်လို့ ကြားတယ်။ သေတာ ဒုရဲအုပ်လို့လည်း ကြားတယ်။ ကားကတော့ ပျက်ပြီး ရပ်သွားတယ်။ လမ်းကို ဝင်လို့မရဘူး၊ ပိတ်ချထားတယ်။ ဒဏ်ရာရသူလည်း များတယ် ပြောတယ်”

ယင်းနောက် နံနက် ၉ နာရီခွဲဝန်းကျင်တွင်လည်း ချမ်းမြသာစည်မြို့နယ် ၇၈ လမ်းနှင့် ၄၂ ခုံးကျော်တံတားထောင့် အမှတ် (၁၁) ရဲစခန်းအနီးတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ကြားရပြီး သေနတ်ပစ်ခတ်သံများလည်း ဆက်တိုက်ကြားရကြောင်း ရပ်ကွက်နေထိုင်သူများက ဆိုသည်။

အမှတ် (၁၁) ရဲစခန်းအနီးရှိ အချုပ်ကား ဗုံးပစ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အချုပ်ကားမောင်းသည့် ရဲအပါအဝင် ရဲ ၂ ဦး သေဆုံးသည်ဟု ကြားရကြောင်း ရပ်ကွက်ခံက ပြောသည်။

“အလောင်းတွေတော့ လူနာတင်ကားနဲ့ သယ်သွားတယ်။ ပေါက်ကွဲအပြီး ရမ်းသန်းပစ်သံတွေကတော့ တရစပ်ပဲ ကြားရတယ်” ဟု ဆိုသည်။

မန္တလေးမြို့နာရီစင်ကို ၂၀၂၁ စက်တင်ဘာအတွင်းက တွေ့ရစဉ်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း မထုတ်ပြန်သေးသလို တိုက်ခိုက်မှုအပြီး နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီအင်အား ၃၀ ခန့် ရောက်ရှိလာပြီး လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ အနီးဝန်းကျင်ကို မွှေနှောက်ရှာဖွေခြင်း၊ ရဲစခန်းအနီး အိမ်များရှိ CCTV များကို တောင်းယူစစ်ဆေးခြင်းတို့ လုပ်ဆောင်နေသည်ဟု သိရသည်။

“ဆိုင်ကယ်တွေတားပြီး မိန်းကလေးတွေကို ပိုစစ်ဆေးတယ်။ ရပ်မပေးရင်လည်း လှမ်းပစ်တယ်။ အတော်ကို မွှေနှောက်ရှာနေတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းတွင် အာဏာသိမ်းဆန့်ကျင်သူဒေသခံ အများအပြားနှင့် ဆန္ဒပြတော်လှန်ရေးအဖွဲ့များ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံခဲ့ရသည်။

စစ်အာဏာရှင်ကို ဆန္ဒပြဆန့်ကျင်သူ သံဃသမဂ္ဂဦးဆောင်ဆရာတော်နှင့် သပိတ်လူငယ် ၄ ဦးလည်း အောက်တို ဘာ ၃၀ တွင် ဖမ်းဆီးခံလိုက်ရပြီး အသက်အန္တရာယ်စိုးရိမ်နေရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပြောက်ကျားတပ်ဖွဲ့ဝင် ၄၀ ထက်မနည်း ဖမ်းခံထားရသော မန္တလေးတွင် အောက်တိုဘာလအတွင်း တိုက်ခိုက်မှုများ လျော့ကျသွားပြီးနောက် ယခုလကုန်ပိုင်းမှစကာ ပြန်လည်ပေါ်ပေါက်လာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button