သတင်း

UEC ထိပ်သီးနှစ်ဦးကို စစ်ကောင်စီ ပြန်လွှတ်၊ တစ်ဦးကို ဆက်ဖမ်းထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ၊ ပြောရေးဆိုခွင့်ရှိသူ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ နှစ်ဦးကို စစ်ကောင်စီက ပြန်လွှတ်လိုက်သည်။

ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဦးမြင့်နိုင်တို့ကို လွန်ခဲ့သည့် တစ်နှစ်ခွဲကျော် အာဏာသိမ်းကတည်းက စစ်ကောင်စီက နေပြည်တော်တွင် ဖမ်းထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲ မလျော်မကန်ပြုသည်ဟု စွပ်စွဲ၍ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က)ဖြင့် ထောင် ၃ နှစ် ချခဲ့ပြီးနောက် လေးလကျော်အကြာ အောက်တိုဘာ ၂၆ ရက်တွင် မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှတစ်ဆင့် ၎င်းတို့ လွတ်မြောက်လာကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။ 

ရွေးကောက်ပွဲကြီးကြပ်မှု အားနည်းကြောင်း ဝန်ခံချက်ဖြင့် ဦးလှသိန်းနှင့် ဦးမြင့်နိုင်ကို သတ်မှတ်ကာလမစေ့မီ ပြန်လွှတ်ပေးခဲ့ကြောင်း၊ အတူဖမ်းခံထားရသူတစ်ဦးဖြစ်သည့် ဦးသန်းဌေးမှာမူ ပြန်လွတ်လာခြင်းမရှိဘဲ မန္တလေးမြို့ရှိ အိုးဘိုထောင်သို့ ပို့ခံရကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ကို စွဲထားတဲ့အမှုမှာ ရွေးကောက်ပွဲ မဲမသမာမှု လုပ်တယ်လို့တော့ ထွက်ဆိုတာ မဟုတ်ဘူး။ ရွေးကောက်ပွဲကို ကြီးကြပ်မှု အားနည်းခဲ့တယ်လို့ ထွက်ဆို ဝန်ခံခဲ့တယ်။ ဒါကြောင့် လွတ်မြောက်လာတယ်လို့ သိရတယ်” ဟု ထိုသူက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ရန်ကုန်တွင် ပြုလုပ်ခဲ့စဉ်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း စကားပြောနေသည်ကို တွေ့ရစဉ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းတစ်ဦးဖြစ်သည်။ ဦးမြင့်နိုင်သည် ၂၀၁၅ ရွေးကောက်ပွဲကာလကတည်းက UEC အဖွဲ့ဝင်အဖြစ် တာဝန်ယူဖူးသည်။

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း သန်းချီမှားသည်ဟု ဝါဒဖြန့် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ယနေ့အချိန်ထိ မဲတစ်ကြိမ်ထက် ပိုပေးသည်ဟု ယူဆရသူ ၂၀၀၀ ခန့်ကိုသာ ရှာတွေ့သေးသည်။ သို့သော် NLD ခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ ပါတီဝင်များကို အထက်ပါ ပုဒ်မဖြင့် တရားစွဲဆို ထောင်ချနေသည်။

UEC အဆင့်အဆင့် တာဝန်ရှိသူအများအပြားကိုလည်း စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်ထားသည့် နိုင်ငံအနှံ့ တရားရုံးများသို့ ဆင့်ခေါ်ကာ ငွေဒဏ်ဆောင်စေခဲ့သည်ဟု နေပြည်တော်တွင် နေထိုင်သည့် ကာယကံရှင်တစ်ဦးက ပြောသည်။ အသေးစိတ်ကိုမူ လုံခြုံရေးအရ ထုတ်မပြောလိုဟု ၎င်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ရန်ကုန်တွင် ပြုလုပ်ခဲ့စဉ်က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် စကားပြောနေသည်ကို တွေ့ရစဉ်။

စစ်ကောင်စီက ရလဒ်ပယ်ဖျက်ကြောင်း ကြေညာခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၈ သန်းကျော်အနက် ၇၀ ရာခိုင်နှုန်း မဲပေးခဲ့ကာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက NLD ကို ၂၀၁၅ က ကဲ့သို့ပင် ခွက်ခွက်လန်အောင် ထပ်မံရှုံးနိမ့်ခဲ့သည်။

ထိုရွေးကောက်ပွဲအတွင်း ပေါ်ပေါက်သည့် မသမာမှုဖြစ်စဉ်များအတွင်း နေပြည်တော်စစ်ရုံးချုပ် အခြေစိုက်ရာ ဇေယျာသီရိမြို့နယ် တပ်မဲရုံတစ်ခုတွင် ညဘက်၌ မဲပုံးလုံခြုံရေးကြိုး ပြတ်တောက်သည့် ကိစ္စ၊ ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ်အချို့ထံတွင် မဲပေးသည့် တံဆိပ်တုံးအတု မိသည့် ကိစ္စများမှာ အထင်ရှားဆုံးဖြစ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button