သတင်း

စစ်ကောင်စီ၏ ငွေစာရင်းစစ်ဆေးမှု NLD နှင့် SNLD လက်မခံ

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများ စစ်ဆေးရန် ဆင့်ခေါ်မှုကို လက်မခံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတာဝန်ရှိတို့က အတည်ပြုသည်။

၁၉၉၀ ရွေးကောက်ပွဲမှစ၍ စစ်အာဏာရှင်ခေတ်တိုင်းတွင် ပါတီခေါင်းဆောင်များ ဖမ်းခံရသည်အထိ ခက်ခဲစွာ ရပ်တည်ရလေ့ရှိပြီး ကာလရှည်မဟာမိတ်ဆက်ဆံရေးရှိသည့် ထိုပါတီနှစ်ခုကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန် UEC အဖွဲ့ခွဲရုံးသို့လာ၍ ငွေစာရင်းအစစ်ခံရန် စစ်ကောင်စီက တစ်ပတ် ကြိုတင်အကြောင်းကြားခဲ့သည်ဟု သိရသည်။ 

“သတင်းတော့ ကြားတယ်။ ပါတီကိုတော့ တရားဝင်ဆက်သွယ်တာမျိုး ကျွန်တော်တို့မသိဘူး။ မသိဘူးဆိုတာက ပါတီရဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာက ဗဟိုအလုပ်ကော်မတီ (CWC) ဆိုတာ ရှိတယ်။ ကော်မတီကို တရားဝင် အသိပေးအကြောင်းကြားတာ မရှိဘူး”ဟု အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် NLD ပါတီ၏ CWC အဖွဲ့ဝင် ဦးကျော်ထွေးက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီးနောက်တွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင် ၁၄ ဦးအထိ ဖမ်းဆီးခံထားရသည့် အခြေအနေတွင်ရှိသည်ဟု ၎င်းက ထောက်ပြသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီဗဟိုဌာနချုပ်၏ ရန်ပုံငွေနှင့် ပစ္စည်းများ ထိန်းသိမ်းခြင်း၊ စာရင်းပြုစုခြင်းတို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဆောင်ရွက်ရမည်၊ တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် အာဏာသိမ်းပြီး UEC အသစ်ဖွဲ့စည်းသည့် စစ်ကောင်စီ၏ လုပ်ရပ်မှာ ဥပဒေနှင့်မညီ၍ NLD က ပူးပေါင်းဆောင်ရွက်ရန် မရှိဟု ဦးကျော်ထွေးက ဆက်ပြောသည်။

“အာဏာသိမ်းတဲ့ အခြေအနေမှာ အကြောင်းပြတဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ထဲက ဘယ်တစ်ပိုဒ်မှာမှ အာဏာသိမ်းတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပိုင်ခွင့်အာဏာ အပ်နှင်းထားတာ မရှိပါဘူး”ဟု ၎င်းက ထောက်ပြသည်။ 

စစ်ကောင်စီ၏ လုပ်ဆောင်ချက်မှာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီ၍ အစစ်မခံခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့ ပြောထားတာက ကျွန်တော်တို့ အစစ်ခံမယ်။ သို့သော်လည်းပဲ သူတို့ပြောတဲ့နေရာကို သွားပြီး အစစ်ခံဖို့က အခက်အခဲရှိတယ်။ ရုံးမှာ လာစစ်ရင်တော့ အားလုံးအဆင်ပြေလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ဆင့်ခေါ်စာကိစ္စ အကြောင်းကြားစဉ်ကတည်းက UEC ဘက်မှ ဆက်သွယ်လာသူကို SNLD ၏ ရပ်တည်ချက်ကို အကြောင်းကြားပြီးဖြစ်သော်လည်း အကြောင်းမထူးခဲ့ဟု ဦးစိုင်းညွန့်လွင်ထံမှ သိရသည်။

“သမားရိုးကျ ပုံမှန်စစ်တယ်ဟေ့ဆိုရင်တော့ အစစ်ခံရမဲ့ အဖွဲ့အစည်းရှိတဲ့နေရာမှာ လာစစ်ကြတာပဲလေ။ ဒါ သူ့ထုံးစံပဲ။ သူတို့စစ်မဲ့သူက လိုတဲ့နေရာ ခေါ်စစ်တယ်ဆိုတာ တိုင်ကြားစာ အတိုင်ခံထားရတဲ့သူတွေ၊ အမှားအယွင်းလုပ်ထားတဲ့သူတွေကိုပဲ ခေါ်စစ်ကြတာလေ။ အဲဒီအယူအဆကြောင့် ကျွန်တော်တို့က မသွားဘူး” ဟု ၎င်းက ပြောသည်။

NLD နှင့် SNLD တို့ ငြင်းဆိုမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုခြင်းမရှိပေ။ ရန်ကုန် UEC အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးကမူ မအားလပ်၍ မှတ်ချက်မပြုနိုင်ဟု တုံ့ပြန်သည်။

“(နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း)ဥပဒေ ပြန်ဖတ်ကြည့်တော့ သူတို့လုပ်နိုင်တာက ခေါ်ယူတာကို မလာဘူးပေါ့။ ဒါကို ပြန်လည်ပြုပြင်ပြီး နောက်တစ်ခါကျရင် လာဖို့ အကြောင်းကြားစာလောက်ပဲ သူတို့လုပ်နိုင်တယ်ဗျ။ ပါတီကို ဖျက်ပစ်ဖို့တို့ ဘာတို့တော့ မလုပ်နိုင်ဘူး”ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်ထူထောင်ရေး ခရီးကြမ်းကြီးတွင် ၁၉၈၈ မှစကာ ၃၄ နှစ်ကြာ အစဉ်တစိုက်ပါဝင်ခဲ့သည့် SNLD ကမူ စစ်ကောင်စီလက်ထက်တွင် နိုင်ငံရေးဘောင်ကျဉ်းလွန်းနေပြီဟု သုံးသပ်ထားသည်။

“တကယ့်တကယ်ပြောရရင် နိုင်ငံရေးပါတီဆိုတာက တည်ရှိနေတယ်ဆိုတာကလွဲရင် ဘာမှ လုပ်လို့မရဘူး”ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

NLD အပြတ်အသတ်အနိုင်ရလေ့ရှိသည့် မဲအများဆုံးသူအနိုင်ရ ရွေးကောက်ပွဲစနစ်မှ အချိုးကျကိုယ်စားပြုစနစ် (PR)သို့ ပြောင်းမည့် စစ်ကောင်စီကို အလိုလိုက် အကြိုက်ဆောင်နေသည့် ပါတီများသာ နိုင်ငံရေးအရ လှုပ်ရှားနေသယောင်မြင်ရမည်ဟု ၎င်းက သုံးသပ်သည်။

သို့သော် စစ်ကောင်စီ၏ ထို PR ဆွေးနွေးပွဲများသို့ တက်ရောက်နေသည့် ၆၀ ကျော်ဟူသော စာရင်းကို ကြည့်လျှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးသာရှိပြီး အစဉ်အလာနှင့် လူထုထောက်ခံမှု မရှိသည့် ပါတီများသာဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က ထောက်ပြသည်။ SNLD သည် ထိုဆွေးနွေးပွဲများသို့ တက်လေ့မရှိပေ။ 

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲကို ငြင်းပယ်ကာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း၌ပင် စစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင်ကို ၎င်းတို့ စိတ်ကြိုက်ပြန်ဖွဲ့သည်။

မဲမသမာမှုများဖြင့် ကမ္ဘာကျော်ခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အာဏာရစေခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့သည့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးကို ပြန်လည်တာဝန်ပေးသည်။

ထို့နောက်တွင် NLD ကို ဖျက်သိမ်းမည်ဟုပင် လေသံပစ်သည့် ဦးသိန်းစိုး၏ UEC က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်း၊ ပါတီများ၏ အင်အား၊ လှုပ်ရှားမှု၊ ပိုင်ဆိုင်မှု၊ မတရားအသင်းကြေညာခံထားရသည့် အဖွဲ့များနှင့် ဆက်စပ်မှုရှိ၊မရှိ စစ်ဆေးခြင်း၊ PR သို့ ပြောင်းရန် ခြေလှမ်းပြင်ခြင်းများကို တရစပ်လုပ်နေသည်။

စစ်ကောင်စီ၏ အာဏာသိမ်းအကြောင်းပြချက်ဖြစ်သည့် ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုစွပ်စွဲချက်ကို ထောက်ကူပေးနိုင်ရန် NLD ခေါင်းဆောင်များ၊ ပါတီဝင်များ၊ UEC နှင့် အဖွဲ့ခွဲတာဝန်ရှိသူများကို ရွေးကောက်ပွဲမတရားပြုကျင့်မှုဆိုင်ရာ ပုဒ်မများတပ်၍ အရေးယူပြနေသည်။

ထိုသို့ ပုဒ်မတပ်ခံထားရသူ စုစုပေါင်း ၂၉၁၁ ဦးထိရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ မဲပေးသူ ၂၀၀၀ခန့်ကိုသာ အာဏာသိမ်းပြီး တစ်နှစ်အတွင်း စစ်ကောင်စီက ဖော်ထုတ်ထားနိုင်သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button