သတင်း

မဲစာရင်း အကြောင်းပြ အာဏာသိမ်းသော်လည်း မဲပိုပေးသူ ၂၀၀၀ ခန့်သာ ရှာတွေ့

မဲစာရင်းမှားသည်ဟု အကြောင်းပြ အာဏာသိမ်းခဲ့သည်မှာ တစ်နှစ်ပြည့်လုပြီဖြစ်သော်လည်း မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်အနက် ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တစ်ကြိမ်ထက် မဲပိုပေးသူ ၂၀၀၀ ဝန်းကျင်ကိုသာ စစ်ကောင်စီဖော်ထုတ်နိုင်သေးသည်။

နေပြည်တော်၌ ဇန်နဝါရီ ၁၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုချက်များအရ မဲပိုပေး၍ အမှုဖွင့်ထားသည်ဆိုသော စစ်ကောင်စီ၏ကိန်းဂဏန်းမှာ မဲပေးသူစုစုပေါင်း၏ သုညရာခိုင်နှုန်းအောက်ပင် ဖျစ်ဖျစ်မည်အောင် မရှိသည်ကို တွေ့ရသည်။

“နိုင်ငံသား စိစစ်ရေးကတ်တူ၊ အမည်တူ မဲပေးသူပေါင်း ၂၁၆၉ ဦးကို အရေးယူနိုင်ရေး တိုင်ကြားတရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်စစ်ဆေးဆဲဖြစ်ပါတယ်” ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၇၇ ဦးရှိသည့်အနက် ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့သည်။ 

မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ် မဲစာရင်းမှားယွင်းမှု ကိန်းဂဏန်းများကို သုံးကာ စစ်ကောင်စီက လှည့်စားနေသော်လည်း သက်သေခိုင်ခိုင်မာမာ ပြနိုင်သည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က Myanmar Now ကို ပြောသည်။

“အတင်းလုပ်ယူနေတယ်ဆိုတာ ကမ္ဘာသိ၊ မြန်မာသိပဲလေ။ ပြောလို့သာ ပြောနေတာ၊ မဲမသမာမှုလုပ်ပါတယ်ဆိုတာကို ဘာသက်သေမှ မပြနိုင်ဘူး” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ကမ္ဘာသိ မဲမသမာမှုများရှိခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့သူ ဦးသိန်းစိုးကို UEC ဥက္ကဋ္ဌ ပြန်ခန့်ကာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပါ ပယ်ဖျက်ထားသည်။

မဲမသမာမှု၊ မတရားပြုကျင့်မှုများဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်များ၊ အောင်နိုင်ရေးအဖွဲ့ဝင်များနှင့် ယခင် ရွေးကောက်ပွဲတာဝန်ရှိသူ စုစုပေါင်း ၄၂၂ ဦးကို အမှုဖွင့်ထားသည်ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ထို့ပြင် တိုင်းနှင့်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်ပေါင်း ၂၄၈၉ ဦးကို အရေးယူရန် စီစဉ်နေသည်ဟု ဆိုသည်။​

ရွေးကောက်ပွဲအငြင်းပွားမှု ၁၇၇၇ မှုဖြစ်ပွားခဲ့သည့်အနက် ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူခဲ့မှု ၅၄၆ မှုရှိရာ ၃၄၂ မှုကို တရားစွဲတင်ပြီးဖြစ်သော်လည်း ၁၉၄ မှုကို ပြန်လည်ပိတ်သိမ်းခဲ့ရကြောင်း၊ ဥပဒေအကြံတောင်းဆဲ ၁၀ မှုရှိသည်ဟုလည်း ဦးခင်မောင်ဦးက ပြောသည်။

တရားစွဲဆိုသည့် အမှုများနှင့် ပတ်သက်၍မူ ၎င်းက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

ကိုဗစ်နိုင်တင်း ကပ်ရောဂါအန္တရာယ်ကြားမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူတို့က တက်ကြွစွာ မဲပေးခဲ့ကြသည်။ ဓာတ်ပုံ − Myanmar Now

ထိုအမှုများကို ရဲအရေးပိုင်သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၇၁(စ)ဖြင့် အမှုဖွင့်သည်ဟု မန္တလေး‌တိုင်း အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်တစ်ဦးထံမှ သိရသည်။ 

ထိုမြို့နယ်တွင် မဲပေးသူဦးရေ တစ်သိန်းခွဲကျော်ရှိသည့်အနက် အရေးယူခံထားရသူ ၂ ဦးသာရှိသည်ဟု ၎င်းထံမှ သိရသည်။

“(ညွှန်ကြားချက်) စာထွက်ထားတယ်ပေါ့။ အရင်ကတည်းကတော့ ဒီနှစ်ကြိမ်ပေးကို အမှုဖွင့်မယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ဒီဇင်ဘာမှာ အပြီးဖွင့်ရမယ်ဆိုတော့ အဲဒီကာလ (ဒီဇင်ဘာ ၃၀၊ ၃၁) အတောအတွင်းမှာပဲ (အမှုဖွင့်) ဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

ရာဇသတ်ကြီး ပုဒ်မ ၁၇၁-စ တွင် မည်သူမဆို ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးမှုကို သို့မဟုတ် သူတစ်ပါးအယောင်ဆောင်မှုကို ကျူးလွန်လျှင် တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုသို့ ဆောင်ရွက်ရန် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ အောက်တိုဘာ ၂၂ တွင် ညွှန်ကြားထားခြင်းဖြစ်သည်။

ထို့ပြင် တစ်ပါးသူဟန်ဆောင်ခြင်း၊ ယင်းကို အားပေးကူညီခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၇၁-ဃ ဖြင့်လည်း ထိုကိစ္စများကို အမှုဖွင့်ရမည်ဟု အထက်ပါ ညွှန်ကြားချက်၌ ဆိုထားသည်။

ထို့အတူ နိုင်ငံအနှံ့ရှိ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများကို မသိနားမလည်၍ မဲမသမာမှုလုပ်မိသည်ဟု ခံဝန်ထိုးခိုင်းရန် စီစဉ်နေပြီး သဘောမတူလျှင် တရားစွဲမည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ပြီးဖြစ်သည်။

နေရာအနှံ့တွင် လက်နက်ကိုင်ခုခံမှု ဖြစ်ပွားနေလင့်ကစား ၂၀၂၃ တွင် ရွေးကောက်ပွဲလုပ်ပေးမည်ဟု အာမခံထားသည့် စစ်ကောင်စီက NLD အပြတ်အသတ်အနိုင်ရလေ့ရှိသည့် နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ်အစား အချိုးကျကိုယ်စားပြုစနစ်ကို အစားထိုးရန် အားထုတ်နေသည်။

စစ်ကောင်စီကို NLD ပါတီ မုန်းတီးသူများနှင့် ဖွဲ့စည်းထားသော်လည်း ပါတီဖျက်သိမ်းရန် ရှိမရှိကိုမူ ယတိပြတ်မပြောသေးဘဲ ရွေးကောက်ပွဲလုပ်မည်ဟုသာ ကတိ ဆက်တိုက်ပေးလျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်နေသူများအပါအဝင် အာဏာသိမ်းမှု ဆန့်ကျင်သူအများအပြားကလည်း ရွေးကောက်ပွဲအကြောင်း ထည့်သွင်းပြောဆိုခြင်း မရှိကြပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button