မဲဆန္ဒရှင်စာရင်း မှားယွင်းမှုကို အကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ခန့်အပ်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင် ထိပ်တန်းတာဝန်ရှိသူ ၃ ဦးကို ထောင် ၃ နှစ်စီ ချလိုက်သည်။
စစ်အာဏာသိမ်းစဉ်ကပင် ဖမ်းဆီးခံထားရသည့် ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်နှင့် အဖွဲ့ဝင် ဦးသန်းဌေးတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုခဲ့ပြီး နေပြည်တော်အချုပ်ထောင် အထူးတရားရုံးက ယမန်နေ့ ( ဇူလိုင် ၇) တွင် ထောင်ချခြင်း ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
အသက် ၇၄ နှစ်အရွယ် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးလှသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ကော်မရှင်ဥက္ကဋ္ဌဖြစ်လာသည်။
ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ၇၄ နှစ်အရွယ် ဦးမြင့်နိုင်သည် သတင်းမီဒီယာများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ပြီး NLD အစိုးရမတိုင်မီကလည်း ကော်မရှင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်၊ ထိုပြင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
ထောင်ဒဏ်ချမှတ်ခံရသည့် ကော်မရှင်အဖွဲ့ဝင်တို့မှာ ရွေးကောက်ပွဲအနိုင်ရစေရန် မလျော်ဩဇာသုံးစွဲခဲ့သည့် စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့ကို အမှုတွဲအရေအတွက် ၃၇၃ မှုဖြင့် တရားစွဲဆိုထားပြီး ၃၆၉ မှုကို အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဇူလိုင် ၁ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထိုသို့ ပြောကြားပြီး ရက်ပိုင်းအကြာတွင် ဦးလှသိန်းတို့ကို ထောင်ချခြင်းဖြစ်သည်။
မဲစာရင်းမှားသည်ဟု အကြောင်းပြ အာဏာသိမ်းခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်အနက် ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တစ်ကြိမ်ထက် မဲပိုပေးသူ ၂၀၀၀ ဝန်းကျင်ကိုသာ စစ်ကောင်စီဖော်ထုတ်နိုင်သေးသည်။
နေပြည်တော်၌ ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုချက်များအရ မဲပိုပေး၍ အမှုဖွင့်ထားသည်ဆိုသော စစ်ကောင်စီ၏ကိန်းဂဏန်းမှာ မဲပေးသူစုစုပေါင်း၏ သုညရာခိုင်နှုန်းအောက်ပင် ဖျစ်ဖျစ်မည်အောင် မရှိသည်ကို တွေ့ရသည်။
သို့သော် စစ်ကောင်စီက ထိုပုဒ်မဖြင့်ပင် ရွေးကောက်ပွဲ ထပ်မံအနိုင်ရသည့် NLD ပါတီ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ ထိပ်သီးခေါင်းဆောင်များကိုလည်း တရားစွဲဆိုထားသည်။
စစ်ကောင်စီက ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင်မှ အဖွဲ့ဝင်ပေါင်း ၂၁၇၃ ဦးကို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် ပျက်ကွက်သည်ဟု စွပ်စွဲကာ ထောင်ဒဏ်၊ ငွေဒဏ်များချခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)