သတင်း

ဒုညွှန်ချုပ် ပစ်သတ်ခံရပြီးနောက် နေပြည်တော် ရွေးကော်ရုံးတွင် လုံခြုံရေး ဂယက်ထနေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဒုတိယညွှန်ကြားရေးမှုးချုပ်ဖြစ်သူ ဦးစိုင်းကျော်သူ ရန်ကုန်မြို့တွင် သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးပြီးနောက် နေပြည်တော်ရှိ UEC ရုံးတွင် လုံခြုံရေးအစည်းအဝေးများ ဆက်တိုက် ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။

မော်တော်ယာဉ်မောင်းနှင်လာသည့် ဦးစိုင်းကျော်သူကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ရတနာလမ်းထောင့်တွင် စစ်ကောင်စီကို တော်လှန်နေသည့် For the Yangon အမည်ရ မြို့ပြပြောက်ကျားတပ်ဖွဲ့က ဧပြီ ၂၂ ရက်တွင် သေနတ်ဖြင့် ၁၂ ချက် ပစ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ 

ဦးစိုင်းကျော်သူသည် စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လီဆယ်သည့် ပုဒ်မမျိုးစုံဖြင့် ထောင် ၃၃ နှစ်ချသည့် ဖြစ်စဉ်တွင် ဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမသမာမှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဖြင့် စွဲသည့် အမှုတွင် စစ်ကောင်စီဘက်မှာ တရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်မှာ ထိုအမှုတစ်ခုမှုတည်းဖြင့် ထောင်သုံးနှစ် ချမှတ်ခံခဲ့ရသည်။ 

ဦးစိုင်းကျော်သူနည်းတူ စစ်ကောင်စီဘက်မှ ရပ်တည်၍ ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုသည့်အမှုတွင် ပါဝင်သူများမှာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူ တစ်ဒါဇင်ကျော်ရှိကြောင်း၊ ၎င်းတို့အများစုသည် စစ်မှုထမ်းဟောင်းများဖြစ်ကြောင်း Myanmar Now က သိရှိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမသမာမှုဖြင့် စစ်ကောင်စီဘက်မှ တရားလိုလုပ်ခဲ့သူမှာ ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်ဖြစ်ကြောင်း သိရှိရသည်။ 

“ခုတော့ တရားလိုလုပ်တဲ့ ညွှန်မှူးရော၊ လိုပြအဖြစ်ပါတဲ့ သက်သေတွေရော အကုန်ကြောက်နေကြတာ” ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ဦးစိုင်းကျော်သူ (ဝဲ)၊ ရန်ကုန်မြို့တွင် ဧပြီ ၂၂ ရက်က သေနတ်ဖြင့် ပစ်ခံရပြီးနောက် ဦးစိုင်းကျော်သူ စီးနင်းလာသည့် မော်တော်ယာဉ်ကို တွေ့ရစဉ်။

ဦးစိုင်းကျော်သူ လုပ်ကြံခံရပြီးနောက် နေပြည်တော် UEC ရုံး၌ ဌာနအကြီးအကဲများ တက်ရောက်သည့် အစည်းအဝေးများနေ့စဉ်ရှိနေပြီး ခရီးသွားလျှင် ဌာနသို့ အသိပေးရန်၊ ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြား၍ လုံခြုံရေးတောင်းခံရန်၊ အခြားဒေသတွင် မိသားစုဝင်များရှိပါက နေပြည်တော်သို့ ခေါ်ထားရန်စသည့် အကြောင်းအရာများ ဆွေးနွေးနေကြကြောင်းလည်း သိရှိရသည်။ 

“နေ့တိုင်း လူကြီးတွေချည်းပဲ အစည်းအဝေးလုပ်နေတာ၊ ဒုချုပ်အသတ်ခံရပြီးနောက်ပိုင်းမှာ၊ အဓိကကတော့ နေပြည်တော်ပြင်ပထွက်ရင် လုံခြုံရေးကို ဘယ်လိုလုပ်မလဲ ဆွေး‌‌နွေးကြတာပေါ့” ဟု အခြား Myanmar Now သတင်းရင်းမြစ်တစ်ဦးကလည်း ဆိုသည်။ 

“ဒုချုပ်အသတ်ခံရပြီးနောက်ပိုင်း ဌာနထဲမှာ အတော်တုန်လှုပ်သွားကြတယ်။ ဝမ်းနည်းကြ၊ ကြောက်ကြတာပေါ့။ ခုဆိုရင် မိသားစုဝင်တွေကို နေပြည်တော်ခေါ်မယ်၊ ဝန်ထမ်းဖြစ်နေရင် ဒီကို ပြောင်းဖို့လုပ်နေတာတွေထိ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဒုညွှန်ချုပ် သတ်ဖြတ်ခံရသည့် ကိစ္စကြောင့် ရွေးကောက်ပွဲကော်မရှင်အပါအဝင် အခြားဝန်ကြီးဌာနများသို့လည်း လုံခြုံရေးဆိုင်ရာ သက်ရောက်မှုများရှိနေပြီး ခရီးသွားလိုလျှင် အသိပေးရန်၊ သတိရှိရန် နှုတ်ဖြင့် မှာကြားမှုများရှိသည်ဟု နေပြည်တော်ရှိ ဌာနဆိုင်ရာတစ်ခုတွင် တာဝန်ထမ်းနေသည့် အရာထမ်းတစ်ဦးကလည်း ပြောသည်။

“ကျွန်တော်တို့ကတော့ မကြောက်ပါဘူး။ အဓိကက ရွေးကော်၊ လဝက၊ ထွေအုပ်၊ လူထုနဲ့ အနီးကပ်ရှိပြီး နာမည်ဆိုးထွက်နေတဲ့သူတွေ စစ်ကောင်စီကို ကူညီနေတဲ့ ဌာနတွေက ပိုသတိထားရမယ် ထင်တာပဲ” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်၊ အရပ်သား ထိခိုက်သေဆုံးမှု များပြားသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့တွင် ရရာနည်းလမ်းမျိုးစုံဖြင့် တော်လှန်နေကြသည်။ ဌာနဆိုင်ရာအရာရှိ၊ စစ်မှုထမ်းဟောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး စသည့် စစ်ကောင်စီယန္တရားအတွင်း ပါဝင်နေသူတို့မှာ ခုခံသူတို့၏ ပစ်မှတ်ဖြစ်နေသည်။

၂၀၁၀ အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးခွန်းကို နားထောင်နေသော ဦးသိန်းစိုး (ဓာတ်ပုံ – EPA)

စစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် မဲမသမာမှုများဖြင့် ကမ္ဘာကျော်ခဲ့သော စစ်တပ်ကျောက်ထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာရစေသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့သူ စစ်ဥပဒေချုပ်ဟောင်း ဦးသိန်းစိုးကို တစ်ကျော့ပြန် တာဝန်ပေးထားသည်။

ဦးသိန်းစိုး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတိုင်း နိုင်လေ့ရှိသည့် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲချုပ် (ALD) ပါတီ တို့ကို ဖျက်သိမ်းကြောင်း မတ် ၂၈ ရက်တွင် ကြေညာထားသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button