သတင်း

ပါတီရပ်ဆိုင်းရန် စစ်ကောင်စီ ခြိမ်းခြောက်မှု ရန်သူတိုးမည်ဟု SNLD တုံ့ပြန်

ငွေစာရင်းစစ်ဆေးခြင်းကို လက်မခံသော နိုင်ငံရေးပါတီကြီးနှစ်ခုကို ရပ်ဆိုင်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ခြင်းမှာ ရန်သူတိုးအောင်လုပ်သည့် အပြုအမူဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က တုံ့ပြန်လိုက်သည်။ 

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ၎င်းတို့ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ သုံးနှစ်ယာယီရပ်ဆိုင်းမည်ဟု ယနေ့ (ဖေဖော်ဝါရီ ၂၃) အကြောင်းကြားလာကြောင်း ဦးစိုင်းညွန့်လွင်ထံမှ သိရသည်။ 

“ကျွန်တော်တို့လို Neutral (ကြားနေ) နေတဲ့လူကိုမှ လာရန်စရင် ရန်သူက အများကြီးဖြစ်သွားမှာပေါ့။ တိုက်နေတဲ့လူ မဟုတ်တာတောင်မှ အဲဒီလိုမျိုး ငြိချင်တယ်ဟေ့ဆိုလို့ရှိရင် သူတို့သဘောပဲ။ ဘယ်တတ်နိုင်မလဲ” ဟု Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဦးစိုင်းညွန့်လွင်က ပြောသည်။

“မြန်မာ့နိုင်ငံရေး အရပ်ရပ်ကိုလည်း စဉ်းစားသင့်တာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ဘာတတ်နိုင်မလဲ။ သူတို့ ပြုသမျှ နုရမှာပဲ” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (ဂ)၊ (ဃ)၊ (င) တို့ဖြင့် အရေးယူမည်ဟု ပါရှိသည်ဟု သိရသည်။

ရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများ စစ်ဆေးရန် စစ်ကောင်စီဆင့်ခေါ်မှုကို လက်မခံကြောင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတိုင်း အပြတ်အသတ်နိုင်လေ့ရှိသည့် အစဉ်အလာရှိ အင်အားကြီးနိုင်ငံရေးပါတီနှစ်ခုမှ တာဝန်ရှိသူများက ပြီးခဲ့သည့်သီတင်းပတ်အတွင်း အတည်ပြုထားသည်။​

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေးခြင်းကို လက်မခံသော အခြားနိုင်ငံရေးပါတီများ ရှိနေသော်လည်း ၎င်းတို့ပါတီ နှစ်ခုတည်းကို ထိုသို့ အကြောင်းကြားခြင်းအပေါ် ဦးစိုင်းညွန့်လွင် က မေးခွန်းထုတ်သည်။ 

“ကျွန်တော်သိသလောက်တော့ အစစ်မခံတဲ့ အခြားပါတီတွေလည်း အများကြီးရှိတာပဲ။ ဘာလို့ ကျွန်တော်တို့ နှစ်ပါတီတည်းကို လုပ်တာလဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်ကို လက်မခံသည့် အခြားပါတီများနှင့် ပတ်သက်၍မူ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အစစ်မခံဘူးဆိုတာ မှားပါတယ်။ ကျွန်တော်တို့ရုံးမှာ အစစ်ခံဖို့ ပြင်ဆင်ပြီး စောင့်နေပေမဲ့ သူတို့က လာရောက် မစစ်ဆေးခဲ့တာပါ” ဟုလည်း SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောသည်။

စာရင်းစစ်လိုလျှင် အစစ်ခံရမည့် ဌာန၊ အဖွဲ့အစည်းထံသို့ လာရောက်ဆောင်ရွက်သည်မှာ ဓမ္မတာဖြစ်၍ စစ်ကောင်စီကို လုပ်ထုံးလုပ်နည်းမှားနေကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆုံးဖြတ်ချက်ဖြင့် ထောက်ပြထားသည့် SNLD က ထိုမူဝါဒကို ဆက်လက်ကိုင်စွဲထားမည်ဟု ၎င်းက ပြောသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရထံမှ အာဏာသိမ်းသည့် စစ်ကောင်စီမှာ တရားမဝင်သဖြင့် ယင်းက ဖွဲ့စည်းသည့် UEC နှင့် ပူးပေါင်းဆောင်ရွက်ရန် မရှိဟု NLD တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပြီး ပါတီရပ်ဆိုင်းခံရမည့် ကိစ္စနှင့် ပတ်သက်၍မူ မှတ်ချက်တောင်းမရသေးပေ။​

စစ်ကောင်စီ၏ အကြောင်းကြားစာပါ ပုဒ်မများအရ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်လျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းမည်၊ ထိုကာလအတွင်း ကော်မရှင်ညွှန်ကြားသည်မှအပ အခြားလုပ်ငန်းများကို မလုပ်ရ၊ ယာယီရပ်ဆိုင်းသည့်ကာလ ကုန်သည်အထိ မလိုက်နာလျှင် ပါတီကို ဖျက်သိမ်းမည်ဟု ပြဋ္ဌာန်းထားသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် တစ်ကျော့ပြန်စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးဘောင်ကျဉ်းလွန်းနေပြီဟု မြန်မာ့နိုင်ငံရေးလောကတွင် ၁၉၈၈ မှစ၍ ၃၄ နှစ်ကြာ အစဉ်တစိုက်ပါဝင်ခဲ့သည့် SNLD ပါတီဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းညွန့်လွင်က သုံးသပ်ထားသည်။ 

“တကယ့်တကယ်ပြောရရင် နိုင်ငံရေးပါတီဆိုတာက တည်ရှိနေတယ်ဆိုတာကလွဲရင် ဘာမှ လုပ်လို့မရဘူး”ဟု ၎င်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် Myanmar Now ကို ပြောသည်။

NLD နှင့် SNLD မှာ ၁၉၉၀ ရွေးကောက်ပွဲမှစ၍ စစ်အာဏာရှင်ခေတ်တိုင်းတွင် ပါတီခေါင်းဆောင်များ ဖမ်းခံရသည်အထိ ခက်ခဲစွာ ရပ်တည်ရလေ့ရှိပြီး ဝင်ပြိုင်သည့် ရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရလေ့ရှိသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်။ ဓာတ်ပုံ−SNLD Facebook

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲကို ငြင်းပယ်ကာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း၌ပင် စစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင်ကို ၎င်းတို့စိတ်ကြိုက် ပြန်ဖွဲ့ခဲ့သည်။

မဲမသမာမှုများဖြင့် ကမ္ဘာကျော်ခဲ့သော စစ်တပ်ကျောက်ထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာရစေသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့သူ စစ်ဥပဒေချုပ်ဟောင်း ဦးသိန်းစိုးကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ပေးသည်။  

ထို့နောက်တွင် NLD ကို ဖျက်သိမ်းမည်ဟုပင် လေသံပစ်သည့် ဦးသိန်းစိုး၏ UEC က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်း၊ ပါတီများ၏ အင်အား၊ လှုပ်ရှားမှု၊ ပိုင်ဆိုင်မှု၊ မတရားအသင်းကြေညာခံထားရသည့် အဖွဲ့များနှင့် ဆက်စပ်မှုရှိ၊မရှိ စစ်ဆေးခြင်း၊ PR သို့ ပြောင်းရန် ခြေလှမ်းပြင်ခြင်းများကို တရစပ်လုပ်နေသည်။

စစ်ကောင်စီ၏ အာဏာသိမ်းအကြောင်းပြချက်ဖြစ်သည့် ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုစွပ်စွဲချက်ကို ထောက်ကူပေးနိုင်ရန် NLD ခေါင်းဆောင်များ၊ ပါတီဝင်များ၊ UEC နှင့် အဖွဲ့ခွဲတာဝန်ရှိသူများကို ရွေးကောက်ပွဲမတရားပြုကျင့်မှုဆိုင်ရာ ပုဒ်မများတပ်၍ အရေးယူပြနေသည်။

ထိုသို့ ပုဒ်မတပ်ခံထားရသူ စုစုပေါင်း ၂၉၁၁ ဦးထိရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ မဲပေးသူ ၂၀၀၀ခန့်ကိုသာ အာဏာသိမ်းပြီး တစ်နှစ်အတွင်း စစ်ကောင်စီက ဖော်ထုတ်ထားနိုင်သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button