ပြည်သူကို ဘယ်သူကူညီနေသလဲ?

နိုင်ငံတကာအကူအညီက ရန်ကုန်ရှိ အဖွဲ့ကြီးများထံ သွားနေချိန်တွင် ဖမ်းဆီးသတ်ဖြတ်ခံရမှုကို အံတုလုပ်ကိုင်နေသည့် ဒေသအခြေစိုက်အဖွဲ့ငယ်များက လူထုကို အားကိုးပြီး စွန့်စားလုပ်ကိုင်နေကြသည်။

၂၆ ကြိမ်မြောက် မီးထပ်ရှို့ခံရသည့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တစ်နေရာကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - Thantlang Placement Affairs Committee)

သိပ်မကြာသေးခင်က ကုလသမဂ္ဂအေဂျင်စီတွေဟာ အုပ်စုလိုက်ကို မြန်မာစစ်ကောင်စီနဲ့ နားလည်မှု စာချွန်လွှာတွေ ဒရောသောပါး လက်မှတ်ထိုးကြတာကြောင့် အရေးတကြီး မေးစရာတွေ ရှိလာပါတယ်။   

မြန်မာပြည်မှာ ကူညီထောက်ပံ့ရေး ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် ထမ်းထားရတာ ဘယ်သူတွေလဲ၊ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေလား၊ ပြည်တွင်းက ပြည်သူဒုက္ခကို ကူညီရင်း ခုခံဆန့်ကျင်ရေးမှာ ရပ်တည်ပါဝင်တဲ့ အဖွဲ့တွေ (humanitarian resistance organization) လား။  နိုင်ငံတကာ ကူညီထောက်ပံ့ရေးဘတ်ဂျက်တွေကိုကျ ဘယ်သူတွေက လက်လှမ်းမီနေကြသလဲ။  

လက်ရှိအခြေအနေကို ပုံဖော်ဖို့၊ နားလည်စေဖို့ ရှင်းပြရာမှာ အတော့်ကို အထောက်အကူပြုနိုင်မဲ့ ဟူးဂိုးဆလင်း (Hugo Slim) ရဲ့ ဆီလျော်ကောင်းမွန်လှတဲ့ စာတမ်းတစ်စောင်ရှိပါတယ်။ စာတမ်းနာမည်က “ပြည်သူကိုကူညီထောက်ပံ့ခြင်းနည်းဖြင့် ဆန့်ကျင်တော်လှန်ခြင်း- ကျင့်ဝတ်ဆိုင်ရာနှင့် လက်တွေ့အရေးပါပုံ- Humanitarian resistance: its ethical and operational importance” ဖြစ်ပါတယ်။  လက်ရှိမြန်မာပြည်မှာ ဒေသခံအရပ်ဘက်အဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက တစ်ဖက်၊  ကုလအေဂျင်စီတွေနဲ့ INGO တွေက တစ်ဖက် ဖြစ်နေတဲ့ အတော်ပြင်းထန်တဲ့ အငြင်းအခုံကိုလည်း နားလည်ဖို့ ထောက်ကူပေးပါတယ်။   

အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတက်ကြွလှုပ်ရှားသူတွေရဲ့ မမျှမတ ဝေဖန်မှုကို ခံနေရတယ်လို့ ကုလအေဂျင်စီတွေနဲ့ INGO တွေက ခံစားနေကြပါတယ်။ ရှုပ်ထွေးတဲ့ အခြေအနေမှာ သူတို့ဘာအမှားမှ မလုပ်ဘူး၊ ဖြစ်နိုင်တဲ့နေရာမှာဖြစ်နိုင်တဲ့အချိန်မှာ အထိနာနေတဲ့ လူတွေကို ကူညီဖို့ အကောင်းဆုံးလုပ်နေတာပဲလို့ ဒီအေဂျင်စီတွေက တွေးပါတယ်။  

တကယ်တော့ ဒီအေဂျင်စီတွေက လူပုဂ္ဂိုလ်တွေဟာ များသောအားဖြင့် စိတ်စေတနာကောင်းရှိတဲ့ လူတွေပါ။ “ခက်ခဲပြီး စိတ်မသက်သာစရာ အပေးအယူတွေကို ပိုအရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားကူညီရေးဆိုတဲ့ မရှောင်သာတဲ့ အကြောင်းတရားကြောင့် လုပ်ရတာ” ဆိုတဲ့ စကားမျိုးနဲ့ စိတ်မသိုးမသန့် ဖြစ်ကြတဲ့လူတွေပါ။ ဒီစကားကိုပြောသူက မကြာသေးခင်အထိ INGO ကြီးတစ်ခုမှာ လုပ်ခဲ့တဲ့ မြန်မာပြည်တွင်းနေ နိုင်ငံခြားသားတစ်ယောက်ပါ။  

တစ်ဘက်မှာလည်း ဒေသခံတက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံတကာရဲ့ လျစ်လျူရှုမှုကို ခံနေရတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ဒေါသနဲ့ စိတ်ပျက်မှုကို အမှန်အတိုင်းပြောနေတာပဲလို့ ခံစားကြပါတယ်။ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂအေဂျင်စီတွေဟာ မြန်မာပြည်သူတွေအပေါ် ပျက်ကွက်မှုစာရင်းမှာ ထိပ်ဆုံးက ပါပါတယ်။

တက်ကြွလှုပ်ရှားသူတွေဘက်က မြင်နေရတာက လွန်ခဲ့တဲ့ ၁၈ လ လုံးလုံး အရေးတကြီးလိုအပ်နေတဲ့ နေရာတွေကို ဒီအေဂျင်စီတွေ၊ INGO တွေ ဘာအကူအညီမှ မပေးခဲ့ကြဘူး၊ စစ်ကောင်စီခွင့်ပြုတဲ့ နေရာတွေကိုပဲ အလွန်သေးငယ်တဲ့ ပမာဏနဲ့ ရံဖန်ရံခါ ထောက်ပံ့တာပဲရှိတယ် ဆိုတာပါပဲ။ 

ဒီလိုဒုက္ခဆင်းရဲနဲ့ အကူအညီလိုအပ်ချက်ကို မြန်မာပြည်သူတွေကိုယ်တိုင် တုံ့ပြန်ရာကနေပဲ လူထုတော်လှန်ရေးရဲ့နောက်ထပ်အသွင်အပြင်တစ်ခုထပ်ပေါ်လာတယ်။ အဲဒါကတော့ “ ပြည်သူကို ကူညီထောက်ပံ့တဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်ခြင်း- humanatarian resistance” ပါ။  

ဟူးဂိုးဆလင်းရဲ့ ဝေါဟာရအသုံးအနှုန်းနဲ့ ဝေဘန်ဆန်းစစ်ပုံက နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေနဲ့ ပြည်တွင်းက နွေဦးတော်လှန်ရေး အရပ်ဘက်အဖွဲ့တွေကြားက အဓိက သဘောထားကွဲလွဲမှုက ဘာဆိုတာကို နားလည်ဖို့ အကူအညီပေးပါတယ်။  

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်ရန်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတို့မှာ မိုးတွင်းကာလတွင် ပိုမို အခက်တွေ့နေသည်။ (ဓာတ်ပုံ – ပေးပို့)

စစ်တပ်ရဲ့ အာဏာသိမ်းဖို့ အားထုတ်မှုအပြီးမှာ မြန်မာပြည်သူတွေဟာ တစ်နိုင်ငံလုံးပမာဏ အုံကြွဆန့်ကျင်ခဲ့ကြ၊  အာဏာဖီဆန်ခဲ့ကြ၊ တဖြည်းဖြည်းနဲ့ လက်နက်ကိုင်စွဲပြီး ခုခံကာကွယ် တွန်းလှန်ရေးဆီ ရောက်လာခဲ့ကြပါတယ်။ စစ်တပ်ဟာ ကြမ်းတမ်းရမ်းကားမှု အပြည့်နဲ့ ပမာဏကြီးတဲ့ အကြမ်းဖက်မှုကို အသေအချာသုံးပြီး တုံ့ပြန်ခဲ့ကြပါတယ်။  

ဒီနေ့အထိကိုပဲ စစ်တပ်မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိပါတယ်။  အဲဒါကတော့ သူ့ကိုဆန့်ကျင်သူမှန်သမျှကို ချေမှုန်းပစ်ဖို့ပဲ။  ဘယ်လောက်အပျက်အစီး အကုန်အကျများများ ဒီရည်မှန်းချက်ရောက်အောင်သွားဖို့ သူတို့ အဆင်သင့်ပဲ။ ဒါပေမဲ့ စစ်တပ်ဟာ သူ့ရဲ့ တရားမဝင် ဖိနှိပ်အုပ်ချုပ်မှုကို ဆန့်ကျင်နေတဲ့ ပြည်သူလူထုကြီးကို မနှိမ်နင်းနိုင်ဘူး။ သူထိန်းချုပ်စီမံနိုင်တဲ့ ဒေသတွေ ဖြည်းဖြည်းချင်း လက်လွတ်ဆုံးရှုံးလာတယ်။ 

လောလောဆယ်မှာ စစ်တပ်ဟာ တိုင်းပြည်ဧရိယာရဲ့ ၄၀-၅၀ ရာနှုန်းလောက်ကိုပဲ ထိန်းထားနိုင်တယ်။ ဒါတောင်မှ အဲဒီဒေသတွေဟာ မလုံမခြုံပါပဲ။ ကျန်ဒေသနဲ့ ပြည်သူတွေကတော့ စစ်တပ်ထိန်းချုပ်မှုရဲ့ အပြင်မှာရှိတယ်။  

သို့သော်လည်း စစ်တပ်ဟာ ဖိနှိပ်ဒဏ်ခတ်ဖို့၊ နယ်မြေရှင်းလင်းရေးလုပ်ဖို့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ စစ်သားတွေကို လွှတ်နေနိုင်တုန်းပဲ။ သူတို့ မထိန်းချုပ်နိုင်တဲ့ နယ်မြေဒေသတွေကို စစ်တပ်ဟာ ဗုံးကြဲမယ်၊ လူသတ်မယ်၊ မီးရှို့မယ်၊ ဖျက်ဆီး အမြစ်ဖြတ်မယ်။ အဲဒီလိုတွေ လုပ်ခဲ့၊ လုပ်နေတုန်းပါပဲ။ ရလဒ်ကတော့ အရပ်သားပြည်သူတွေရဲ့ ကြီးမားလှတဲ့ ဒုက္ခဆင်းရဲနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အကြီးအကျယ်လိုနေတဲ့ အခြေအနေဖြစ်လာတာပါ။ 

ဒီလိုဒုက္ခဆင်းရဲနဲ့ အကူအညီလိုအပ်ချက်ကို မြန်မာပြည်သူတွေကိုယ်တိုင် တုံ့ပြန်ရာကနေပဲ လူထုတော်လှန်ရေးရဲ့နောက်ထပ်အသွင်အပြင်တစ်ခု ထပ်ပေါ်လာတယ်။ အဲဒါကတော့ “ ပြည်သူကို ကူညီထောက်ပံ့တဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်ခြင်း- humanatarian resistance” ပါ။  ဟူဂိုးဆလင်းရဲ့ ဒီဝေါဟာရဟာ အခြေအနေကို တိတိပပ သရုပ်ဖော်နိုင်ပါတယ်။  

ဒီနေ့မြန်မာပြည်မှာ ကျယ်ပြန့်လှတဲ့ ဒုက္ခဆင်းရဲနဲ့ ပမာဏကြီးတဲ့ လူသားချင်းစာနာထောက်ထား ကူညီရေးအကြပ်အတည်းကြီး ကြုံနေရပါတယ်။ နေ့တိုင်း၊ သီတင်းပတ်တိုင်းမှာ ပိုပြီး နက်ရှိုင်းလာနေသလို တွန်းကန်ပြောင်းလဲမှုတွေလည်း ပိုပြီးဖြစ်နေပါတယ်။  ဒီဒုက္ခဆင်းရဲကို စစ်ကောင်စီကပဲ ဖန်တီးတာပါ၊  တခြားဘယ်သူမှ ဖန်တီးတာမဟုတ်ပါဘူး။  စစ်ကောင်စီမရပ်ရင် မကြာခင် အကြပ်အတည်း လျော့နည်းလာမဲ့ အနေအထားလည်း မရှိပါဘူး။  ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံးမှာစစ်တပ်က နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ ဆက်လုပ်နေမှာမို့ ဆင်းရဲဒုက္ခနဲ့ အကြပ်အတည်းက ပိုပိုပြီး ကြီးမားနက်ရှိုင်းလာပါလိမ့်မယ်။  

ကုလအေဂျင်စီတွေက အထောက်အပံ့ဘယ်လောက်ပေးပေး ဆင်းရဲဒုက္ခလျော့စရာမရှိပါဘူး။  ဘာ့ကြောင့်လဲဆိုတော့ ကုလအေဂျင်စီတွေရဲ့ အကန့်အသတ်ရှိတဲ့ အကူအညီတွေနဲ့ အပြိုင် တစ်ဘက်မှာလည်း စစ်ကောင်စီရဲ့ပြည်သူတွေ နေရပ်စွန်ခွာရအောင်လုပ်တာ၊ ပြည်သူ့ပစ္စည်းဥစ္စာနဲ့ အသက်မွေးဝမ်းကြောင်းတွေဖျက်ဆီးတာတွေက  ဆက်ရှိနေမှာကြောင့်ပါ။ စစ်ကောင်စီက ဘာ့ကြောင့် ဒီလိုဆက်လုပ်နေသလဲဆိုရင် ဒီနည်းက သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ သူ့ရဲ့ စစ်ဆင်ရေးနည်းလမ်းပါ၊ သူ့ရဲ့ စစ်ရေးဗျူဟာပါ။  

လက်ရှိမြန်မာပြည်မှာ ကူညီထောက်ပံ့ရေးလုပ်တဲ့ အုပ်စုနှစ်ခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဟူးဂိုးဆလင်းရဲ့စကားလုံးနဲ့ ပြောရရင် တစ်စုက “ပြည်သူကို ထောက်ပံ့ကူညီမှုနဲ့ ခုခံတော်လှန်ရေးမှာပါဝင်နေတဲ့ ဒေသခံအသိုက်အမြုံအစုအဖွဲ့ – local humanitarian resistance community” တွေပါ။ နောက်တစ်ဖွဲ့ကတော့ “ နိုင်ငံတကာက အစဉ်အလာ လူသားချင်း စာနာကူညီရေးဆိုင်ရာ အေဂျင်စီ- conventional international humanitarian agencies” တွေပါ။  

ပထမအစုအဖွဲ့ဖြစ်တဲ့ ဒေသခံတွေရဲ့ ပြည်သူကို ထောက်ပံံ့ကူညီပေးခြင်းနည်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့ အုပ်စုဟာ ပြည်သူတွေရဲ့ ယုံကြည်နှစ်လိုမှုကို ကြီးကြီးမားမားရပါတယ်။  ဒုတိယအစုအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအေဂျင်စီကိုတော့ ပိုကြီးလာတဲ့ ဒေါသနဲ့ စိတ်ပျက်မှုအားဖြင့်သာ ကြည့်ကြပါတယ်။

နိုင်ငံတကာမှာတော့ ဒေသခံတွေရဲ့ “ပြည်သူကို ထောက်ပံ့ကူညီနည်းလမ်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့” အုပ်စုကို နားလည်တာ၊  သူ့တန်ဖိုးကိုသိတာ အတော်နည်းပါတယ်။  အစဉ်အလာ စာနာထောက်ထားကူညီရေးအဖွဲ့ကြီးတွေကိုတော့ အတော်လေးစားကြတယ်။  အကြောင်းတစ်ခုကတော့ အဲဒီအေဂျင်စီတွေဟာ “ အရေးကြီးတယ်လို့ ထင်လာကြအောင် ကိုယ့်ဘာသာ ဆူဆူညံညံအသံပေးတဲ့ နေရာမှာ” အလွန်ကျွမ်းကျင်ကြလို့ပါ။  

ပြည်သူကိုကူညီတဲ့ နည်းနဲ့ ခုခံဆန့်ကျင်ရေးမှာပါဝင်တဲ့ အဖွဲ့တွေဟာ အကျိုးရလဒ်ရှိတဲ့ ပြည်သူ့ခုခံဆန့်ကျင်ရေးပုံစံတစ်မျိုးပဲ။  အရေးပေါ်အခြေအနေကိုတုံ့ပြန်ရင်း အောင်ပွဲရဖို့ အကြောင်းအထောက်အပံ့ဖြစ်စေကြောင်းအနေနဲ့ ပြည်သူချင်းကူညီရေးအဖွဲ့တွေ ဖန်တီးတာ အားဖြည့်တာတွေလုပ်ကြတယ်

ပြည်တွင်းက ပြည်သူကိုထောက်ပံ့ကူညီနည်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့ အဖွဲ့တွေကတော့ အရေအတွက်များသလောက် စုံလင်ကွဲပြားတဲ့ အောက်ခြေအဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။  နိုင်ငံတကာ အေဂျင်စီတွေကတော့အရေအတွက်နည်းပြီး အထက်အောက်သာ အလုပ်လုပ်ပါတယ်။  

ဒေသခံတွေရဲ့ “ပြည်သူကို ထောက်ပံတဲ့ကူညီနည်းနဲ့ ခုခံတွန်းလှန်အဖွဲ့”တွေဟာ လူ့အသက်နဲ့ လူ့လွတ်လပ်ခွင့်ဘက်က ရပ်တည်ပါတယ်။  စာနာကူညီမှုနဲ့ အောင်ပွဲရလိုမှုက အတူသွားပါတယ်။  နိုင်ငံတကာအေဂျင်စီတွေကတော့ ဘက်မလိုက်ဘူး၊  ကြားနေတယ်လို့ ဆိုကြပါတယ်။  

မြန်မာပြည်နဲ့ ယူကရိန်းမှာ ရှိတဲ့ “ပြည်သူကို ထောက်ပံ့ကူညီနည်းနဲ့ ခုခံတော်လှန်အဖွဲ့တွေ”အကြောင်း ဟူးဂိုးဆလင်းရဲ့ ရေးသားချက်အရှည်ကို ဒီနေရာမှာ ကိုးကားလိုပါတယ်။  အဲဒီလိုအဖွဲ့တွေရဲ့ ကြီးမားတဲ့တန်ဖိုးနဲ့ တီထွင်ဖန်တီးနိုင်မှု ဟူးဂိုးက အောက်ပါအတိုင်း ပီပီပြင်ပြင်သရုပ်ဖော်ပြထားပါတယ်။  

“ပြည်သူကိုကူညီတဲ့ နည်းနဲ့ ခုခံဆန့်ကျင်ရေးမှာပါဝင်တဲ့ အဖွဲ့တွေဟာ အကျိုးရလဒ်ရှိတဲ့ ပြည်သူ့ခုခံဆန့်ကျင်ရေးပုံစံတစ်မျိုးပဲ။  အရေးပေါ်အခြေအနေကိုတုံ့ပြန်ရင်း အောင်ပွဲရဖို့ အကြောင်းအထောက်အပံ့ဖြစ်စေကြောင်းအနေနဲ့ ပြည်သူချင်းကူညီရေးအဖွဲ့တွေ ဖန်တီးတာ အားဖြည့်တာတွေလုပ်ကြတယ်”

ပုလဲမြို့နယ်အတွင်းမှ မီးရှို့ခံထားရသည့် ကျေးရွာတစ်ရွာကို စက်တင်ဘာ ၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-Royal Eagle PDF ပုလဲတပ်ရင်း ၁)

“မြန်မာပြည်မှာဆိုရင် တော်လှန်ရေးကို အားပေးတဲ့ ပြည်သူတွေဟာ အစိုးရယန္တရားးတွေကို သပိတ်မှောက်ကြပြီး စစ်အာဏာရှင်ဒဏ်ခံနေရသူတွေအတွက် ပိုကြီးလာတဲ့ ဆင်းရဲမှုတွေအတွက် ကူညီကယ်တင် ထောက်ပံရေးအဖွဲ့တွေ ဖွဲ့ကြတယ်။  ရှိပြီးသား လူမှုရေး၊  ဘာသာရေး အသင်းအဖွဲ့တွေကို အားဖြည့်ကြတယ်။  ယူကရိန်းမှာလည်း ဒီလိုပဲ၊  ပြည်ပကျူးကျော်မှုကနေ နိုင်ငံရှင်သန်ရေး လုပ်နေကြရတာကို တစ်နိုင်ငံလုံးပါဝင်ကြတယ်။  အုံနဲ့ကျင်းနဲ့ကိုလုပ်အားပေးအဖွဲ့တွေမှာ ပါကြပြီး အစားအသောက်ဝေတာ၊  အရေးပေါ်အိမ်ရာ၊ ပညာရေး လူမှုရေးကူညီတာ၊ ပြည်သူ့ကာကွယ်ရေး၊  မီးသတ်လူနာတင်ယဉ်မောင်းတဲ့ ကိစ္စမကျန် ပါဝင်ကြတယ်”  

“အများပြည်သူအတွက်လုပ်တဲ့ ဒီအလုပ်တွေမှာ လူသားချင်းစာနာထောက်ထားကူညီရေးနဲ့ ခုခံတော်လှန်ရေးရည်မှန်းချက် နှစ်ခုက အတူတူပါကြတယ်။  မြန်မာပြည်မှာရော၊  ယူကရိန်းမှာပါ ‘ပြည်သူကို ကူညီတဲ့နည်းနဲ့ တော်လှန်မှာပါဝင်ခြင်း’ ရဲ့အဓိပ္ပာယ်က ရုန်းကန်တိုက်ပွဲမှာ အခန်းကဏ္ဍတစ်ခုကနေ ပြည်သူတွေကိုယ်တိုင် ပါဝင်တာဖြစ်ပါတယ်။  ဆေးတပ်သား၊  မီးသတ်၊ ကျောင်းဆရာ ဘာပဲဖြစ်ဖြစ်ဟာ တန်ဖိုးရှိတဲ့ ခုခံဆန့်ကျင်မှုလို့ နားလည်ခံစားကြပါတယ်။  သူတို့ဟာ တော်လှန်ရေးဘက်က ပါကြတယ်။ သူတို့ရဲ့ စာနာထောက်ထားကူညီရေးဟာ တော်လှန်ရေးအတွက် နိုင်ငံရေးသန္နိဋ္ဌာန်ကနေ လာပါတယ်။  မမျှတမှုကြောင့် ဖြစ်နေတဲ့ နာကျင်ဒုက္ခအတွက် လူသားချင်းထောက်ကူရမယ် ဆိုတဲ့ စံတန်ဖိုး ပေါ်လာပါတယ်”

“ဒီအစုအဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှု အကျိုးဆက်က ကြီးပါတယ်။  ရုရှားတိုက်ခိုက်တာခံရတဲ့ ယူကရိန်းမြို့တွေကနေ လူထောင်သောင်းချီ ကယ်တင်နိုင်ခဲ့တယ်။  အလွတ်တန်းစုဖွဲ့ထားတဲ့ အုပ်စုတွေက ကိုယ်ပိုင်ကားတွေသုံး လျှို့ဝှက်လမ်းတွေကနေ မပြတ်တမ်း ကယ်ထုတ်ပေးခဲ့ကြတာပါ။  မြန်မာပြည်မှာလည်း ထောင်သောင်းချီတဲ့ ပြည်သူတွေ၊  အစိုးရအလုပ်တွေကနေ သပိတ်မှောက်ထွက်ခွာလာကြတဲ့ CDM တွေဟာ အခြားနည်းလမ်းတွေနဲ့ စုဖွဲ့ကူညီကြတယ်။  အရေးပေါ်ပညာရေး၊  အရေးပေါ်ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးကော်မတီတွေဖွဲ့ကြ၊  စားနပ်ရိက္ခာကူညီကြတယ်။  

မြန်မာပြည်က ထောက်ပံ့ကူညီရေး အစုအဖွဲ့နှစ်ခု အမှန်တကယ် ဘာတွေကို ဘယ်လိုလုပ်နေလဲလို့ သေချာကြည့်လိုက်ရင် အခုလို မြင်နေရပါတယ်။  

ပြည်တွင်းက “ပြည်သူကိုကူညီရင်း တော်လှန်ရေးမှာပါဝင်” အဖွဲ့တွေဟာ အဓိကအားဖြင့် ဌာနေပြည်သူတွေဆီက ငွေကြေးအကူအညီကို ရပါတယ်။  ချွတ်ချော်လှတဲ့ အာဏာသိမ်းပွဲကြောင့် ဖြစ်လာတဲ့ ကြီးမားတဲ့ စီးပွားရေးအကြပ်အတည်းအောက်က ပြည်သူတွေကပဲ ထည့်ဝင်ကူညီကြတာပါ။  အားတက်သရောနဲ့ ကိုယ့်ဘာသာစုဖွဲ့ထားတဲ့ပြည်ပရောက် မြန်မာတွေကလည်း ကူညီကြပါတယ်။  

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၂ စက်တင်ဘာလဆန်းအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ အစုအဖွဲ့တွေကတော့ အလှူရှင်နိုင်ငံတွေရဲ့ အတော်အတန် ရက်ရောတဲ့ငွေကြေးထည့်ဝင်မှုကို ရပါတယ်။  

ပြည်တွင်းကနေ ပြည်သူကို ကူညီတဲ့နည်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့အဖွဲ့တွေဟာ များသောအားဖြင့် လုပ်အားပေးစနစ်ကို အခြေပြုပါတယ်။  နိုင်ငံတကာ အေဂျင်စီအစုအဖွဲ့တွေကတော့ ကျွမ်းကျင်သူဆိုတာကို အခြေပြု၊  လစာကောင်းကောင်းနဲ့ သက်တောင့်သက်သာ နေရပါတယ်။  မြန်မာပြည်ထဲက ထောက်ပံ့ရေးအေဂျင်စီဝန်ထမ်းနိုင်ငံခြားသားတွေ၊  ပိုတိတိကျကျပြောရင် ပြည်ပကို ပြန်ထွက်နေကြသူတွေဟာ သက်သက်သာသာ လုံလုံခြုံခြုံရှိတဲ့ နေရာတွေမှာပဲ နေကြတာပါ။  အကြပ်အတည်းနေရာတွေမှာ အရင်ကလုပ်ပြီး အခုမြန်မာပြည်ခွင်ကို ရွှေ့လာသူ၊ ပြီးရင်လည်း နောက်ထပ်နယ်တစ်ခုရွှေ့ကြမဲ့ သူတွေပါ။  

ပြည်တွင်းက ပြည်သူကိုကူညီတဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်အဖွဲ့တွေကတော့ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို စစ်အာဏာသိမ်းမှုက လုယူတာခံရသူတွေ၊  ကျွမ်းကျင်လုပ်ငန်းတွေစွန့်ခွာရတဲ့ လူတွေပါ။  သူတို့ရဲ့ ကံကြမ္မာနဲ့ တာဝန်ဝတ္တရားက စစ်အုပ်စုရဲ့ မတရားမှု၊ ဖိနှိပ်မှု၊ ရာဇဝတ်မှု၊ သတ်ဖြတ်မှုတွေကို ဆန့်ကျင်ဖို့ပဲဖြစ်ပါတယ်။  

တစ်ချိန်တည်းမှာ ပြည်သူထဲက ကူညီ/တော်လှန် အဖွဲ့တွေက မြေပြင်မှာ အဆင်သင့်ရှိကြတယ်။  အစကတည်းက အတူရှိတယ်။  လိုအပ်နေသူတွေနဲ့ အနီးဆုံးမှာရှိတယ်။  ရဲရင့် သတ္တိရှိကြတယ်။ ဘေးရန်တွေ၊ ပေးဆပ်ရတာတွေ၊ ဆုံးရှုံးမှုတွေများပေမဲ့ အစကနေ အခုထိကို မရပ်မနားလုပ်နေကြတယ်။  မကြာခဏပဲ အကူအညီပေးသူတွေ ဖမ်းခံရ၊ နှိပ်စက်ခံရ၊  ထောင်ချခံကြရတယ်။  အသတ်ခံရသူတွေလည်းရှိတယ်။  

ဒေသခံတွေရဲ့ ပြည်သူကိုကူညီတဲ့နည်းနဲ့ ခုခံတွန်းလှန်တဲ့ (ကူညီ/တော်လှန်) အုပ်စုဝင်တွေဟာ ကိုယ့်ကိုတည့်တည့်ထိနိုင်တဲ့ အင်မတန်ကြီးမားတဲ့ ဘေးရန်တွေအောက်မှာ လုပ်ကြရတာပါ။  နိုင်ငံတကာက ထောက်ပံ့ရေးသမားတွေမှာက အနည်းအပါး ဒါမှမဟုတ် ဘာအန္တရာယ်မှကို မရှိပါဘူး။  တကယ်တော့ မြန်မာပြည်ကို စာနာထောက်ထားမှုအကူအညီတွေပေးမယ်ဆိုတဲ့ ကုလအေဂျင်စီနဲ့ INGO သမား တော်တော်များများဟာ မြန်မာပြည်ထဲမှာ မရှိပါဘူး။ အဝေးမှာပါ။  ထိုင်းမှာအပြင် အင်ဒိုနီးရှား၊  တောင်ကိုရီးယား၊  ဂျပန်၊  ထိုင်ဝမ်၊  ဂျော်ဂျီယာ၊  စကော့တလန်နဲ့ တခြားနိုင်ငံတွေမှာနေကြတယ်။  ပြည်တွင်းက အလုပ်အများစုကို တကယ်လုပ်ရတာက “ နိုင်ငံသားဝန်ထမ်း” တွေ ဖြစ်ရင်ဖြစ်၊  မဟုတ်ရင် ဒေသခံအရပ်ဘက်အဖွဲ့တွေကို တာဝန်လွှဲပေးလိုက်တာပါပဲ။  

ဌာနေက ကူညီ/တော်လှန်အဖွဲ့တွေက သက်ဆိုင်ရာ ပြည်သူတွေဆီ ပိုမြန်မြန်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ပါတယ်။ တခြားနိုင်ငံတကာအဖွဲ့တွေနဲ့ စာရင် စရိတ်စကလည်း အလွန်နည်းပါတယ်။  

နိုင်ငံတကာက အစဉ်အလာ ကူညီရေးအေဂျင်စီတွေဟာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ၊ မတရားသဖြင့် ပြုကျင့်ခံရတဲ့ ကိစ္စတွေကို လုံလုံလောက်ခေါက် ဘယ်လိုတုန့်ပြန်မလဲလို့ တွေးကြံ ရုန်းကန်နေကြတုန်းပဲရှိပါတယ်။ သူတို့ရဲ့အလုပ်တွေအတွက် စစ်ကောင်စီရဲ့ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ခွင့်ပြုချက်လိုပါတယ်။ ဒါ့ကြောင့်သူတို့လုပ်နိုင်တာဟာ အများကြီး အကန့်အသတ် ရှိတယ်။ တစ်ခုခု မလုပ်ခင်၊ မစခင်မှာ ကိုယ့်ဘာသာ အများကြီး ကန့်သတ်ထားကြရတယ်။ ကုလအေဂျင်စီတွေINGO တွေ ကိုယ့်ဘာသာ ဆင်ဆာလုပ်ကြ၊ ကိုယ့်ဘာသာ ကန့်သတ်ကြပုံဟာ သာမန်နားလည်နိုင်တာထက်ကိုတောင် ကျော်လွန်တယ်။ ဒီအဖွဲ့တွေရဲ့ ဗျူရိုကရေစီ၊ စည်းမျဉ်းနဲ့ သတ်မှတ်ချက်တွေဟာ အလွန်ကို နှေးကွေးပြီး အလွန်ကို အကုန်အကျများပါတယ်။

တစ်ချိန်တည်းမှာ ပြည်သူထဲက ကူညီ/တော်လှန် အဖွဲ့တွေက မြေပြင်မှာ အဆင်သင့်ရှိကြတယ်။  အစကတည်းက အတူရှိတယ်။  လိုအပ်နေသူတွေနဲ့ အနီးဆုံးမှာရှိတယ်။  ရဲရင့် သတ္တိရှိကြတယ်။ ဘေးရန်တွေ၊ ပေးဆပ်ရတာတွေ၊ ဆုံးရှုံးမှုတွေများပေမဲ့ အစကနေ အခုထိကို မရပ်မနားလုပ်နေကြတယ်။  မကြာခဏပဲ အကူအညီပေးသူတွေ ဖမ်းခံရ၊ နှိပ်စက်ခံရ၊ ထောင်ချခံကြရတယ်။ အသတ်ခံရသူတွေလည်းရှိတယ်။  

ဒီလိုမျိုး တစ်ဘက်စောင်းနင်းဖြစ်နေမှုဟာ ကျင့်ဝတ်သီလအရ အတော်မသက်မသာ ဖြစ်စေတယ်။  အထူးသဖြင့် (မြေပြင်အခြေအနေကို) ပိုသိလာတဲ့ အခါ မသက်မသာဖြစ်ရတယ်။ ဒီလို မြေပြင် အဖွဲ့တွေတည်ရှိနေတဲ့ ပမာဏကိုသိလေ ဝန်ခံဖို့အဆင်သင့်ဖြစ်လေပါပဲ။  ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းကြီးကြီးမားမားကို ထင်ရှားတဲ့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့မှာ အသုံးပြုခဲ့ပါတယ်။  တကယ်တော့ အဲဒီအဖွဲ့ ထင်ရှားလာအောင် အများကြီးလုပ်ခဲ့သူထဲမှာ ကျွန်တော်လည်း ပါပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်မှာ (နိုင်ငံတကာအေဂျင်စီတွေနဲ့ ဌာနေအဖွဲ့တွေကြားက) တစ်ဘက်စောင်းနင်းဖြစ်နေမှုကို ကျင့်ဝတ်သီလပိုင်းအရ အတော်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။  

ပိုအရေးကြီးတဲ့ တစ်ဘက်စောင်းနင်းမှု တစ်ခုကို ထပ်သတိထားမိတဲ့အခါ အလေးအနက် မေးခွန်းထုတ်စရာ ထပ်ပေါ်လာပြန်ပါတယ်။  အလှူရှင်အစိုးရတွေထည့်ဝင်တဲ့ ငွေကြေးပမာဘယ်လောက်က ဒေသခံ ကူညီ/ တော်လှန်အဖွဲ့တွေနဲ့ ဒေသအခြေခံအဆောက်အအုံတွေဆီကို ရောက်သလဲ။  ဘယ်လောက်မှ မရောက်ဘူးလား။  ကုလအေဂျင်စီတွေနဲ့ စာနာကူညီရေး INGO အဖွဲ့တွေဆီကို ဘယ်လောက်များများရောက်သလဲ။  

အတိုချုပ်ပြောရရင် ကုလအေဂျင်စီတွေနဲ့ စာနာကူညီရေး INGO တွေဟာ ဘတ်ဂျတ်အားလုံးနီးနီးကို ထိန်းထားတယ်။  ဌာနေ ကူညီ/တော်လှန်အဖွဲ့တွေဟာ အနည်းအပါးပဲရတယ်။  မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်အခက်အခဲတွေအတွက် “မြန်မာအရပ်ဘက် အဖွဲ့အစည်း” တွေကို ထောက်ပံ့ပါဆိုပြီး အလှူရှင်နိုင်ငံတွေက သတ်မှတ်ပေးထားတဲ့ အတော်အတန်သော ငွေကြေးပမာဏရှိပါတယ်။  အဲဒီကနေလည်း အနည်းအပါး၊ များသောအားဖြင့် ဘာမှရသလောက်ပါပဲ။  

အဲဒီတော့ အလုပ်အများစုကို ဘယ်သူတွေ ဘယ်လောက်စွန့်စားပြီးလုပ်နေသလဲ။ အလုပ်လုပ်ဖို့ ငွေကြေးကျ ဘယ်သူက ဘယ်လောက်ရနေလဲ ဆိုတဲ့ မညီမျှ၊ တစ်ဖက်စောင်းနင်းမှုက သိသာလာပါတယ်။

ကုလအေဂျင်စီတွေဟာ အထောက်အပံအကူအညီပေးရေးကို လက်နက်သဖွယ်သုံးနေတဲ့ စကစရဲ့ ပြန်ပေးဆွဲအကြပ်ကိုင်ခံနေရသူတွေ မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ လိုပါလိမ့်မယ်။  သူ့တို့ ရပ်တည်ချက်ကို အမှန်အမှားခွဲခြား ဆုံးဖြတ်ခံကြရမှာပါပဲ။    

အလုပ်အများစု (အားလုံးနီးနီး) လုပ်ရတဲ့ သူတွေဟာ ပိုကောင်းကောင်း၊ ပိုမြန်မြန်လုပ်နိုင်ကြတယ်။  ဘေးရန်အများကြီးနဲ့ ရင်းလုပ်ရသူကတော့ နိုင်ငံတကာက အလားတူလူတွေနဲ့ယှဉ်ရင် အထောက်အပံ့ အနည်းအပါးပဲရပါတယ်။  

စစ်ကောင်စီရန်ကြောင့် ထွက်ပြေးလာရသည့် ခင်ဦးမြို့နယ်အရှေ့ခြမ်းမှ ပြည်သူများ (ဓာတ်ပုံ – CJ)

ဒီအခြေအနေ ဖြစ်နေတာကကြာပါပြီ။  ပြည်တွင်းက  ပြည်သူကို ကူညီတဲ့နည်းနဲ့ ခုခံဆန့်ကျင်ရေးမှာ ပါဝင်တဲ့ (ကူညီ/ တော်လှန်)အဖွဲ့တွေဟာ ဒါကို စိတ်ပျက်ဒေါသထွက်နေကြပါတယ်။  ဒီစနစ်ကြီးဟာ နက်နက်ရှိုင်းရှိုင်းမှားနေပြီလို့ သူတို့ ခံစားကြရတယ်။  ဒါပေမဲ့ များသောအားဖြင့် ကုလအေဂျင်စီတွေကို လူသိရှင်ကြားမဝေဘန်မိအောင် သူတို့ကိုယ်သူတို့ထိန်းထားကြပါတယ်။  ထောက်ပံ့ကူညီရေး INGO တွေကိုဆိုရင် ဝေဘန်ဖို့ ပိုလို့တောင်သတိထားကြပါသေးတယ်။  သူတို့ဆီကို ယိုဖိတ်လာတဲ့ အထောက်အပံ့နဲ့ ငွေကြေးအနည်းအပါးအတွက်လည်း ကျေးဇူးတွေတင်ကြတယ်။  ဘုံရန်သူဟာ စစ်အာဏာရှင်ပဲ၊  စစ်အာဏာရှင်ကို ဆန့်ကျင်နေတာ၊  နိုင်ငံတကာ ထောက်ပံ့ကူညီရေးအဖွဲ့တွေကို ဆန့်ကျင်နေတာမဟုတ်ဘူးဆိုတာကိုလည်း အသံထွက်ကြပါတယ်။   

ဒါပေမဲ့ ဒီကုလအေဂျင်စီတွေက အစုလိုက်ကို စစ်ကောင်စီနဲ့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးကြတော့ အခြေအနေအားလုံးပြောင်းသွားတယ်။  ကုလအေဂျင်စီတွေဟာ ကြားနေရေး စည်းမျဉ်းကို ချိုးဖေါက်ခဲ့ကြတယ်။ ဒီအေဂျင်စီတွေဟာ တရားဝင်မှုလည်းမရှိ၊  အဖျက်အဆီးတွေ၊ ဆင်းရဲဒုက္ခတွေ ပျက်ပြုန်းမှုတွေကို ဖန်တီးတဲ့တရားခံလည်းဖြစ်တဲ့ အာဏာရှင်အစုအဖွဲ့ကို အစိုးရလို့ အသိအမှတ်ပြုလက်ခံခဲ့ကြတယ်။  ဘေးဒုက္ခတွေဖန်တီးခဲ့ရုံတင်မက၊  နေ့စဉ်နဲ့ အမျှ ပိုပိုပြီးနက်ရှိုင်းတဲ့ ဘေးဒုက္ခတွေဆက်ပြီးဖန်တီးနေသူတွေနဲ့  အတူတွဲပြီး ဘေးဒုက္ခအတွက် ကူညီရေးတွေလုပ်ပါ့မယ်လို့ နားလည်မှုစာချုပ် လက်မှတ်ထိုးကြတယ်။  

ဒါဟာ လက်တွေ့ကျတာမဟုတ်ပါဘူး။  လက်တွေကျတယ်ဆိုတာ စစ်ကောင်စီနဲ့ အပေးအယူတစ်ပိုင်းလုပ်။  တစ်ပိုင်းက NUG နဲ့ လူမျိုးစုလွတ်မြောက်နယ်မြေတွေက အုပ်ချုပ်ရေးအစုအဖွဲ့တွေနဲ့ အပေးအယူလုပ်တာပါ။  ဒီလိုမှသာမြန်မာပြည်သူတွေအတွက်  နိုင်ငံတကာအလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေဟာ ပြည်ပက ကူညီထောက်ပံ့ရေးအေဂျင်စီတွေအပြင် အလုပ်တွေအများကြီး လုပ်နေပြီးသား လိုအပ်ချက်လည်းကြီးလှတဲ့ ပြည်တွင်းက ကူညီ/တော်လှန်အဖွဲ့တွေဆီကို မျှမျှတတရောက်နိုင်မယ်။  

ကုလအေဂျင်စီတွေ စစ်ကောင်စီနဲ့ စာချုပ်တာဟာ ပြည်သူတွေကို ပိုကူညီနိုင်ဖို့လို့ပြောရင် မြန်မာပြည်က ဘယ်သူကမှ မယုံကြပါဘူး။  ကိုယ့်အဖွဲ့အစည်း ကိုယ်ကျိုးစီးပွားအတွက်လုပ်တယ်လို့ပဲ ယုံကြည်ကြပါတယ်။  

ကုလအေဂျင်စီတွေဟာ အထောက်အပံအကူအညီပေးရေးကို လက်နက်သဖွယ်သုံးနေတဲ့ စကစရဲ့ ပြန်ပေးဆွဲအကြပ်ကိုင်ခံနေရသူတွေ မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ လိုပါလိမ့်မယ်။  သူ့တို့ ရပ်တည်ချက်ကို အမှန်အမှားခွဲခြား ဆုံးဖြတ်ခံကြရမှာပါပဲ။  

ပြည်တွင်းက ပြည်သူကို ကူညီတဲ့နည်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့ အဖွဲ့တွေကတော့ အခုထိ လုပ်နေတာတွေကို ဆက်လုပ်ကြပါလိမ့်မယ်။ အလှူရှင်နိုင်ငံတွေက  သူတို့ကို အလေးထား၊  အသိအမှတ်ပြု၊  ထည့်ဝင်ကူညီကြရပါမယ်။  ရန်ကုန်အခြေစိုက် ကုလအေဂျင်စီတွေ၊  INGO တွေကတော့ သူတို့ကို ဘာမှ ပေးကြမှာ မဟုတ်ပါဘူး။   

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မြေပုံမှတ်တမ်းများက ပြောသော မြန်မာနိုင်ငံ၏ ပဋိပက္ခ လာရာနှင့် လားရာ

တော်လှန်သူတို့၏ မြန်နှုန်းမြင့်ခုခံမှု၊ စစ်တပ်၏ ထိုးစစ်တို့ ပါဝင်သော ပဋိပက္ခကြောင့် နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့်၊ လွတ်လပ်သည့်ဒေသများ ပေါ်ပေါက်လာနိုင်သည်။

၁၅၅ ဦး သေပြီးသော်လည်း ဆက်ပြေးနေရသည့် ရွာသားများ

မိသားစုဝင်များ၊ မိတ်ဆွေများ အစုလိုက်အပြုံလိုက် သေဆုံးမှုကို မြင်လိုက်ရသည့် ကန့်ဘလူမြို့၊ ပဇီကြီးရွာဝန်းကျင် ဒေသခံတို့မှာ စိတ်ဒဏ်ရာရနေချိန်တွင်ပင် ပစ်မှတ်ထားတိုက်ခိုက်ခံနေရဆဲဖြစ်သည်။

စစ်တပ်ကြီးစိုးမှု ပိုမို ထင်ရှားလာသော ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေး 

မျိုးဆက်သစ်များ၊ အပြောင်းအလဲလိုလားသူများက မဲပေးခဲ့သော Move Forward ပါတီသည် စစ်တပ် ခန့်ထားသည့် အမတ်များ ထောက်ခံပါမှ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။

ကရင်နီဒေသဖြစ်ရပ်များကို ဓာတ်ပုံများနှင့် ပြောပြသူ

လက်နက်ကြီးကျည်ထိသူ ၁၇ ဦးထဲမှ တစ်ဦး၏ ရုပ်အလောင်းကို ကမန်းကတန်းသယ်ယူ ဆုတ်ခွာလာမှု မှတ်တမ်းပုံက နိုင်ငံတကာဆုရခဲ့ပြီး ရိုက်ကူးသူတွင် စစ်မြေပြင်အကြောင်း ပြောစရာများစွာရှိနေသည်။