သတင်း

မြန်မာနိုင်ငံကို အပြစ်ပေးရေးအတွက် ထရမ့်ရဲ့လူတွေ သဘောကွဲလွဲနေကြ

ပြီးခဲ့သည့်နှစ်အတွင်းက အာဆာ (ခေါ်) မွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့၏ တိုက်ခိုက်မှုများအပေါ် မြန်မာ့တပ်မတော်က လက်တုံ့ပြန်တိုက်ခိုက်မှုများအတွင်း ရခိုင်မြောက်ပိုင်း မွတ်စလင်များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဟု စွပ်စွဲထား ကြသည့် အကြမ်းဖက်မှုအတွက် ပြစ်မှုကျူးလွန်သူများကို ထရမ့်၏ အုပ်ချုပ်ရေးပေါ်လစီအရ မည်သို့အပြစ်ပေးရမည်ဆိုသည်ကို အငြင်းပွားနေကြသည်။

နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ကြား ထိုအငြင်းပွားမှုကြောင့် လူ့အခွင့်အရေးကယ်တင်ရှင်ကြီး ဟု တင်စားကြသော အမေရိကန်နိုင်ငံ၏ ဂုဏ်ပုဒ်ကျဆင်းမည့်အပြင်  မြန်မာ့တပ်မတော်အနေဖြင့် လူနည်းစုများအပေါ် ထပ်မံ တိုက်ခိုက်မှုများပြုလုပ်ဖို့ အခွင့်အရေးရသွားမည်ကို ဥပဒေအရာရှိများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက စိုးရိမ်နေကြသည်။

နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုဘက်က အမေရိကန်နိုင်ငံ၏ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးမှု ရလဒ်များကို ထုတ်ပြန်ရန် နှောင့်နှေးနေခြင်းကလည်း အချင်းချင်းအငြင်းပွားမှုကို အားပေးနေသည်။ မြန်မာ့တပ်မတော်သားများသည် ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့ခေါ်ကြသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များကို သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်း၊ အရှင်လတ်လတ်မီးတင်ရှို့ခြင်းစသည့် ပြစ်မှုများကျူးလွန်သည်ဟု စွပ်စွဲချက်များရှိနေသည်။

ထို့အပြင် အကြမ်းဖက်မှုများကြောင့် မွတ်စလင် လူဦးရေ ၇၀၀,၀၀၀ ခန့်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ထွက်ပြေးခိုလှုံခဲ့ရပြီး၊ ချို့တဲ့သော ဒုက္ခသည်စခန်းများတွင် သောင်တင်လျက်ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှာတော့ ‘ရိုဟင်ဂျာ’ဆိုသည့်အမည်ကို လက်မခံဘဲ ၎င်းတို့ကို ‘ဘင်္ဂါလီ’ဟုသာ ရည်ညွှန်းကြသည်။

အခြေအနေကို အနီးကပ်စောင့်ကြည့်နေသော ဒီမိုကရက်အမတ်တစ်ဦးဖြစ်သူ အထက်လွှတ်တော်အမတ် ဂျက်ဖ် မာကလေကမူ တစ်နှစ်ကြာပြီးသည့်တိုင်အောင် ဘင်္ဂါလီ/ရိုဟင်ဂျာများအတွက် ရလဒ်သည် အခြေအနေဆိုးရွားဆဲ ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စု အနေဖြင့် ပြတ်ပြတ်သားသား ဦးဆောင်ကိုင်တွယ်ရန် အချိန်ကျပြီဖြစ်ကြောင်း ၎င်းက ထပ်ဆောင်းပြောကြားသည်။

မာကလေသည် ဘင်္ဂါလီရိုဟင်ဂျာအရေးအပေါ် သမ္မတ ဒေါ်နယ် ထရမ့်၏ နှုတ်ဆိတ်နေမှုကို အပြစ်တင်ခဲ့သည်။ “ကျွန်တော်တို့ ဂုဏ်သိက္ခာတွေ လုံးဝကျဆင်းသွားပြီ”ဟု မာကလေ က ဝေဖန်ခဲ့သည်။

လွန်ခဲ့သည့် သုံးလဝန်းကျင်ခန့်က နိုင်ငံခြားရေးဌာနမှ အရာရှိများသည် မြန်မာအရာရှိ ရှစ်ယောက်မှ ၁၀ ယောက်ခန့်ကို စီးပွားရေးပိတ်ပင်မှုများပြုလုပ်ရန် အကြံပြုခဲ့သော်လည်း၊ ထိုအဆိုကို လက်မှတ်ထိုး၍ အတည်ပြုရန် ဘဏ္ဍာရေး ဌာနက ငြင်းဆန်ခဲ့သည်။

ထိုစာရင်းပါလူများ၏ ပိုင်ဆိုင်မှုများသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများ၌ နည်းပါးသောကြောင့် စီးပွားရေးပိတ်ပင်ခြင်းဖြင့် အပြစ်ပေးပါကလည်း ထိုလူများအပေါ် ထိရောက်မှုမရှိဟု ဘဏ္ဍာရေးအရာရှိများက ထောက်ပြခဲ့သည်။

နိုင်ငံခြားရေးဌာနမှ အရာရှိများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကမူ မြန်မာ့တပ်မတော် သို့မဟုတ် လုံခြုံရေးတပ်အရာရှိများဟု ယူဆရသော ထိုလူများအနေဖြင့် စီးပွားရေးအရထိခိုက်နစ်နာမှု နည်းပါးမည်မှာ ကိစ္စမရှိကြောင်း၊ ထိုလူများကို အမေရိကန်နိုင်ငံက ဆိုးသွမ်းသူများအဖြစ် လူသိရှင်ကြားသတ်မှတ်ခြင်းသည်ပင် ထိရောက်သော အဓိပ္ပာယ်တစ်ရပ်ကို ဖော်ဆောင်နိုင်ကြောင်း ချေပခဲ့သည်။

ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့က အကြီးပိုင်းမြန်မာစစ်တပ်အရာရှိ ခုနစ်ဦးအပေါ် ဇွန်လနှောင်းပိုင်းက ပိတ်ပင်မှုများပြုလုပ်ပြီးဖြစ်သော်လည်း ထရမ့် ၏သမ္မတရုံးကမူ ပိတ်ပင်မှုများပြုလုပ်ရန် ဝေခွဲမရဖြစ်နေဆဲဖြစ်သည်။

ပဋိပက္ခများဖြစ်ပွားခဲ့သည့် ယမန်နှစ်မှစ၍ အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာစစ်တပ်အရာရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးတစ်ဦးသာ ရှိသေးသည်။ ၎င်းသည် ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့မှ ပိတ်ပင်ထားသည့်လူများ စာရင်းတွင်လည်း ပါဝင်သူဖြစ်သည်။ ၎င်းကို ဥရောပသမဂ္ဂက ပြစ်ဒဏ်ချမှတ်ပြီးပြီးချင်း တပ်မတော်မှ ထုတ်ပယ်လိုက်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဒုက္ခသည် များအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများကို ဒေါ်လာ သန်း ၃၀ဝ ဖိုးခန့်ပေးအပ်ခဲ့ပြီဖြစ်ရာ အမေရိကန်ပြည်ထောင်စု အနေဖြင့် အကြမ်းဖက်မှုများကို အရေးတယူရှိ သည့် သက်သေဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို့အပြင် မြန်မာစစ်တပ်အရာရှိများနှင့် အရာရှိဟောင်းများအား အမေရိကန်ပြည်ဝင်ခွင့်ဗီဇာများ ထုတ်ပေးခြင်းမရှိတော့ကြောင်း ယမန်နှစ်က ပြောခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတစ်ဦးသည် မကြာသေးမီက အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ရရှိခဲ့သည်ဟု အခြေအနေများနှင့် ကျွမ်းဝင်မှုရှိသော သူတစ်ဦးက ဖောက်သည်ချခဲ့သည်။ ထိုအကြောင်းကို မေးမြန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဦးတစ်ယောက်ချင်းစီ၏ ဗီဇာကိစ္စများကို ထုတ်ပြောခွင့်မရှိဟု ဆိုကာ ဖြေကြားရန်ငြင်းဆန်ခဲ့သည်။

အမေရိကန်ဥပဒေအရာရှိများ၏ မြန်မာနိုင်ငံအပေါ် ပိတ်ပင်တားဆီးမှုများပြုလုပ်ရန် ကြိုးပမ်းချက်များသည် အရာမထင်သေးပါ။ ၎င်းတို့ရင်ဆိုင်နေရသည့် အဓိကပြဿနာသည် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကြွင်းမဲ့ထောက်ခံသည့် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ် ဖြစ်သည်။ ဆယ်စုနှစ်များစွာကြာအောင် စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သော မြန်မာပြည်ကို တားဆီးပိတ်ပင်မှုများထပ်မံပြုလုပ်မည်ဆိုပါက ဒီမိုကရေစီလမ်းစဉ်ကို ဦးတည်သော မြန်မာနိုင်ငံ၏ တိုးတက်မှုများကို နှောင့်နှေးစေမည်ဟု ရီပတ်ဘလီကန်အမတ်တစ်ဦးဖြစ်သူ မက်ကော်နယ်က အကြောင်းပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ပြည်နှင်ဒဏ်ပေးထားသော မြန်မာနိုင်ငံသားများကို ပြန်လည်လက်ခံရန် ပျက်ကွက်မှုကြောင့် မြန်မာအရာရှိအချို့ကို အမေရိကန်ပြည်ထောင်စု၏ အမိမြေလုံခြုံရေးဌာနက ဇူလိုင် ၁ဝရက်နေ့တွင် ပြည်ဝင်ခွင့်ဗီဇာပိတ်ခဲ့သည်။

အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရာပေါင်းများစွာသော ဒုက္ခသည်များကို စစ်ဆေးမေးမြန်းရန် စုံစမ်းရေးအဖွဲ့များကို စေလွှတ်ခဲ့ပြီး တိုက်ခိုက်မှုများ မည်သို့စတင်ခဲ့သည်ကို စစ်ဆေးခဲ့သည်။ ထိုစုံစမ်းစစ်ဆေးမှု၏ ရလဒ်အစီရင်ခံစာသည် အဆင်သင့်ဖြစ်ရန် နောက်ဆုံးအဆင့်သို့ရောက်နေပြီဖြစ်ပြီး အစီရင်ခံစာကို ထုတ်ပြန်မည်၊ မည်သည့်အတိုင်းအတာအထိ ထုတ်ပြန်မည်ကို မိုက်ခ် ပွန်ပီယိုက ဆုံးဖြတ်ပေးရမည် ဖြစ်သည်။

ဥပဒေအရာရှိများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများသည် ARSA (အာဆာ) တို့က အကြမ်းဖက်မှုများ စတင်ခဲ့သည့် နှစ်ပတ်လည်နေ့ဖြစ်သော ဩဂုတ်လ ၂၅ရက်နေ့တွင် အစီရင်ခံစာကို ထုတ်ပြန်ရန် မျှော်လင့်နေ ကြသည်။ ထို့ပြင် နိုင်ငံတော်ဦးစီးဌာနနှင့် ဘဏ္ဍာရေးဌာနတို့ သဘောတူညီမှုရပြီး၊ အစီရင်ခံစာ၏ တွေ့ရှိချက်များအပေါ်မူတည်၍ နှစ်ပတ်လည်နေ့တွင် ပိတ်ဆို့တားဆီးမှုအသစ်များချမှတ်နိုင်ရန် မျှော်မှန်းနေကြသည်။

အစီရင်ခံစာကို မည်သည့်အချိန်တွင် ထုတ်ပြန်မည်ဟု မပြောနိုင်ကြောင်း၊ သို့သော်လည်း ထိုအစီရင်ခံစာကို လူသိရှင်ကြားထုတ်ပြန်ရန် အစွမ်းကုန်ကြိုးစားရမည်ဟု အတွင်းရေးမှူးက ယုံကြည်ကြောင်း နိုင်ငံခြားဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးလှုပ်ရှားသူများကမူ အမေရိကန်ပြည်ထောင်စုအစီရင်ခံစာတွင် မြန်မာ့တပ်မတော်သည် “လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့်ပြစ်မှုများ”ကျူးလွန်သည်ဟု စွပ်စွဲချက်များပါရှိရန် မျှော်လင့်နေကြသည်။ ထိုစွပ်စွဲချက်သည် နိုင်ငံတကာ ခုံရုံးတွင် မြန်မာခေါင်းဆောင်များအား စစ်ဆေးမေးမြန်းရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်သည်။

ဖြစ်နိုင်ခြေနည်းသော်လည်း “လူမျိုးသုဉ်းသတ်ဖြတ်မှု (ဂျီနိုဆိုက်)” ဟူသော အသုံးအနှုန်းမျိုးပါရှိလာပါက နိုင်ငံတကာခုံရုံးတွင် တစ်ပန်းသာမည်ဖြစ်သည်။ သို့သော် ထို ဝေါဟာရမျိုးကို အသုံးပြုနိုင်ရန်မှာ အမေရိကန်အနေဖြင့် တစ်နည်းနည်းဖြင့် ဝင်ရောက်စွက်ဖက်ရန် လိုအပ်လာမည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန် အရာရှိများသည် ထိုအခေါ်အဝေါ်ကို သုံးစွဲရန် တွန့်ဆုတ်နေခြင်း ဖြစ်သည်။

မနှစ်နိုဝင်ဘာလတွင် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆင်က ရိုဟင်ဂျာများအပေါ် မြန်မာ့တပ်မတော်၏ ကျူးလွန်မှုကို လူမျိုးရေးသန့်စင်မှု (ethnic cleansing) ဟု သမုတ်နိုင်ကြောင်း ပြောခဲ့သည်။ သို့သော်လည်း ထိုအသုံးအနှုန်းသည် နိုင်ငံတကာဥပဒေအရ အရေးပါမှု သိပ်မရှိပေ။

၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအပေါ် နိုင်ငံတကာက ချဲ့ကား၍ ပြောဆိုနေကြကြောင်း မြန်မာခေါင်းဆောင်များက အကျောက်အကန်ပြောဆိုခဲ့ပြီး၊ ထိုတိုက်ခိုက်မှုများသည် အာဆာ သောင်းကျန်းသူအဖွဲ့က လုံခြုံရေးစခန်းများအပေါ် တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်တိုက်ခိုက်ခြင်းသာဖြစ်ကြောင်းပြောခဲ့သည်။ သို့သော် မကြာသေးမီက ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှုများအရ ထိုသို့ လက်တုံ့ပြန်တိုက်ခိုက်ရန် ကြိုတင်စီစဉ်ထားခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာကြာအောင် အကျယ်ချုပ်နှင့် နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရသည် တပ်မတော်အပေါ် အာဏာမရှိပါ။ သို့သော် မြန်မာ့တပ်မတော်၏ ဘင်္ဂါလီ/ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုများကို အရေးမယူမတားဆီးပါက မြန်မာနိုင်ငံရှိ အခြားသော လူနည်းစု တိုင်းရင်းသားများကိုလည်း တပ်မတော်က ထိုနည်းလည်းကောင်း အကြမ်းဖက်တိုက်ခိုက်မည်ကို လူ့အခွင့်အရေးလှုပ်ရှားသူများက စိုးရိမ်နေကြသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး၊ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့အပြင် ရှမ်းပြည်နယ် အနီးတဝိုက်ရှိ တိုင်းရင်းသားလူနည်းစုများနှင့် ပဋိပက္ခများ ပိုမိုဆိုးရွားလာခဲ့သည်။

Politico ဝက်ဘ်ဆိုက်ပါ “Trump officials split over punishing Myanmar for atrocities” ကို ဆီလျော်အောင် ပြန်ဆိုပါသည်။

Show More

Related Articles

Back to top button