သတင်း

ရေစကြိုတွင် အိမ်ခြေ ရာနှင့်ချီ မီးရှို့ခံရ၊ ဘိုးဘွားနှစ်ဦး မီးထဲပါသွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံဒေသ ကျေးရွာနှစ်ခုကို လေးရက်ဆက် မီးရှို့နေသည့် စစ်တပ်ကြောင့် မီးထဲပါသွားသည့် ဘိုးဘွား ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးထက်မနည်း သေဆုံးပြီး အိမ်ခြေ ရာနှင့်ချီပျက်စီးသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

စစ်ကိုင်း၊ မန္တလေးတိုင်းတို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုနေရာမှာ ရေစကြိုမြို့နယ် အရှေ့ဖျားတွင် တည်ရှိကာ စိုက်ပျိုးရေး ထွန်းကားသည့် ရေလယ်ကျွန်း ဒေသဟု လူသိများပြီး အင်အား ၈၀ ပါ စစ်ကောင်စီတပ်ဖွဲ့က ယင်းဒေသရှိ မင်းရွာတွင် ဇူလိုင်လကုန်ပိုင်းကတည်း ရောက်နေခြင်း ဖြစ်ကြောင်း ဒေသအခြေစိုက် PDF အဖွဲ့ ၃ ဖွဲ့က ပြောသည်။

ထိုတပ်ဖွဲ့ အင်အား ၅၀ ခန့်မှာ ဩဂုတ် ၁၅ တွင် မင်းရွာမှ ထွက်လာပြီး တောင်ဘက် ၄ မိုင်ဝန်းကျင် အကွာရှိ လှေခုတ်ရွာသို့ ရောက်ရှိတပ်စွဲကာ သြဂုတ် ၁၇ နံနက်ပိုင်းအထိ ၃ ရက်ကြာ မီးရှို့သည်ဟု ရေလယ်ကျွန်းဒေသ PDF တာဝန်ခံက ပြောသည်။

စစ်တပ်ရှို့သည့် မီးကြောင့် အိမ်ခြေ ၅၆၀ ရှိ လှေခုတ်ရွာတွင် အိမ်ခြေ ၁၅၀ ကျော် ပျက်စီးကြောင်း၊ ထိုတပ်ဖွဲ့ မှာ ယနေ့ (ဩဂုတ် ၁၈)တွင် လှေခုတ်ရွာ မြောက်ဘက် ၃ မိုင်အကွာ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိ ငတရော်ရွာသို့ ရောက်လာပြီး ထပ်မံမီးရှို့ရာ ရွာလုံးကျွတ် ဆုံးရှုံးနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

စစ်ကြောင်းပြန်ထွက်သွားသည့် လှေခုတ်ရွာ မည်သို့မည်ပုံ ပျက်စီးသွားသည်ကို ဒေသခံတို့ သိရှိပြီးဖြစ်သော်လည်း ငတရော်ရွာတွင် စစ်တပ်ရှိနေဆဲဖြစ်၍ ၎င်းတို့ထံမှ သတင်းအသေးစိတ်မရသေးဟု ရေလယ်ကျွန်းဒေသ PDF တာဝန်ခံက ပြောသည်။

“(ငတရော်) တစ်ရွာလုံးကို မီးတင်နေတာဗျ။ ပထမဦးဆုံး ရွာရဲ့ မြောက်ဖျားကနေ ရှို့တယ်။ ပြီးတော့ အနောက်မြောက်ကို ရှို့တယ်။ ခဏနားတယ်။  ပြီးတော့ ဆက်ရှို့တယ်။ ည ၁၀ နာရီလောက်မှ တစ်ဖြတ်နားပြီး အခုမနက်အထိ ဆက်ရှို့နေတာဗျ။ အခုမနက်က ရွာရဲ့ အရှေ့တောင်ဖျားမှာ ဆက်ရှို့နေတယ်” ဟု ယနေ့ (ဩဂုတ်၁၈) မွန်းတည့်ချိန်ခန့်တွင် ထိုသူက တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

လှေခုတ်ရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်စဉ် ရှိသည့် လက်နက်ဖြင့် ခုခံသော်လည်း စစ်တပ်က လက်နက်ကြီး တရစပ်သုံးနေ၍ တပ်ဆုတ်ပေးလိုက်ရကြောင်း YLK Local PDF ခေါင်းဆောင်က ပြောသည်။

“ကျွန်တော်တို့လည်း ပစ်ဆုတ်ဆုတ်ပြီး ပြည်သူတွေကို (ရွာထဲကနေ) ထုတ်ခဲ့ရတယ်။ ရှိတဲ့ အင်အားနဲ့ လက်လုပ်လေးနဲ့ ပြန်ခုခံလိုက်သေးတယ်။ သူတို့ဘက်က ထိသွားတော့ ရွာကို မီးတင်တာပဲ” ဟု ၎င်းက ပြောသည်။

လှေခုတ်ရွာကို ဝင်စီးသည့်နေ့ (ဩဂုတ် ၁၅) တွင် ထွက်မပြေးနိုင်သည့် ရွာသူ၊ ရွာသား ၅၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးကာ ရွာလယ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ချုပ်နှောင်ထားကာ စစ်ကြောင်း ပြန်ထွက်သည့်နေ့ (ဩဂုတ် ၁၇) မှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဒေသခံတို့၏ ဖုန်းများထဲမှ Sim Card များကို ထုတ်ယူသွားကြောင်း YLK Local PDF ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီက လှေခုတ်ရွာမှ ပြန်သည့်နေ့ နံနက်တွင် ထပ်မံမီးရှို့ရာ ဘုန်းကြီးကျောင်းအနီး အိမ်တစ်လုံးစီတွင် နေထိုင်သည့် အသက် ၉၀ အရွယ် မျက်လုံးကွယ်နေသူ ဦးမြဲနှင့် လေဖြတ်နေသည့် ၈၃ နှစ်အရွယ် ဒေါ်တင်မြင့် တို့ပါ မီးထဲပါသွားသည်ဟု ၎င်းက ဆက်ပြောသည်။

“အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်ကိုတော့ မီးထဲ ထည့်သတ်သွားတယ်။(အရိုးနဲ့) ပြာတောင် ခွဲ (ခြား) မမြင်ရဘူး။ .. အသက်ကြီးတဲ့သူတွေတော့ ဘာမှ မလုပ်လောက်ပါဘူးဆိုပြီး အစာအစားတွေနဲ့ ထားခဲ့ကြတာ။ တတိယနေ့မှ (စစ်ကြောင်းက) ထွက်ရှို့ရှို့တော့ မီးထဲ ထည့်ခဲ့တာ” ဟု YLK Local PDF ခေါင်းဆောင်က ပြောသည်။

လှေခုတ်ရွာမှ စစ်ကြောင်းပြန်ထွက်သည့်နေ့တွင် လမ်း၌ သေနတ်ဖြင့် ပစ်သတ်ခံရသူ ၁ဦးရှိပြီး လှေခုတ်ရွာ အရှေ့ဘက် ရွာနီးချုပ်ဆက် ခြံယာရွာမှ အသက် ၄၀ အရွယ် ဦးဖိုးအောင် ဖြစ်ကြောင်း ထိုသူ့ထံမှ သိရသည်။

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ အခြေပြမြေပုံ။

လှေခုတ်ရွာသည် ဇန်နဝါရီလအတွင်းကပင် စစ်ကောင်စီလက်ချက်ဖြင့် အိမ်ခြေ ၂၀၀ ခန့် မီးရှို့ခံခဲ့ရဖူးသည်။

လူဦးရေ ၃၀၀၀ ကျော်ရှိသည့် ငတရော်ရွာတွင် ဒေသခံများ ထွက်ပြေးနေရကြောင်း၊  ဩဂုတ် ၁၇ နံနက် ၉နာရီဝန်းကျင်တွင် ထိုရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၈ ဦးသေကြောင်း၊ ခုခံသူများဘက်မှ  ၂ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ရေစကြို PDF ခေါင်းဆောင်က ပြောသည်။

ရွာပေါင်း ၄၃ ရွာရှိ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီ၏ စီးနင်းမှုကြောင့် လှေခုတ်နှင့် ငတရော် အပါအဝင် ၁၀ ရွာထက်မနည်းမှ ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု အထက်ပါသတင်းရင်းမြစ်များက ဆိုသည်။ 

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ချိန်၊ နိုင်ငံအနှံ့ ခုခံနေကြချိန်တွင် စစ်ကောင်စီက ၎င်းတို့ကို အာခံသူများကို လေကြောင်းပါသုံး၍ တုံ့ပြန်နေသည်။ 

စစ်ကောင်စီ၏ လက်ချက်ဖြင့် နိုင်ငံအနှံ့တွင် နေအိမ် ၂၀,၀၀၀ကျော် ပျက်စီးသည်ဟု အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar ၏ စာရင်းက ဆိုသည်။ ထိုအထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းနှင့် မကွေးတိုင်းတို့သည် ပျက်စီးဆုံးရှုံးမှုအများဆုံး ဖြစ်သည်။

မီးရှို့မှုများမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည့် စစ်ကောင်စီက ရေလယ်ကျွန်းဒေသ အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍  နှုတ်ဆိတ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button