ဆောင်းပါး

စစ်ကောင်စီ၏ရန်ကြောင့် အိုးပစ်အိမ်ပစ်ပြေးနေရသော နိုင်ကျဉ်းဟောင်းများ 

အာဏာသိမ်းမှု ဆန့်ကျင်သူတချို့ ထောင်မှ ပြန်လွတ်လာသော်လည်း စစ်ကောင်စီတပ်၏ရန်ကို စိတ်မချသဖြင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများ၊ နယ်စပ်ဒေသများသို့ သွားရောက်သူများလည်း ရှိနေသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်မြက အိမ်တွင် ဆက်နေလျှင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ၊ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ပြောသည်။

“မျက်စိဒေါက်ထောက်ကြည့်နေတာပဲ၊ အမှားအယွင်းတစ်ခုမရှိနဲ့ ဒီလူတွေပဲ ပြန်ဆွဲတာပဲ၊ သေချာပေါက်က မလုံခြုံတော့ဘူး၊ အသက်အန္တရာယ်တောင် စိုးရိမ်ရတယ် အဲဒါကြောင့် ပြေးလာရတယ်” ဟု နယ်စပ်ဒေသတွင် ရောက်နေသူ ဒေါ်မြက Myanmar Now ကို ပြောသည်။

အသက် ၄၀ ကျော်အရွယ်ရှိသည့် ဒေါ်မြသည် ၂၀၂၁ မတ်လတွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရသည်။ ယင်းနောက် ၇ လအကြာတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။

လွတ်မြောက်ပြီး မကြာမီ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ စစ်ကြောရေးတွင် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုကို တစ်လတိတိ ခံခဲ့ရပြီးနောက် လွတ်မြောက်လာခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြမှုကြောင့် အဖမ်းခံရပြီး သူ့နည်းတူ နိုင်ငံဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့် တရားစွဲခံရသူများထဲတွင် အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မအိလည်း ပါဝင်ခဲ့သည်။

ထောင်တွင်း ခြောက်လခန့် နေခဲ့ရပြီး ပြန်လွတ်မြောက်လာချိန်တွင် နေထိုင်ရာအိမ်သို့ ရဲနှင့် စစ်ကောင်စီတပ်သားများ မကြာခဏ လာရောက်စစ်ဆေးမေးမြန်းခြင်းကြောင့် မိသားစုနှင့် ခွဲခွာလာခဲ့ရသည်ဟု မအိက Myanmar Now ကို ပြောပြသည်။

“သေချာတာတစ်ခုက ဒီအိမ်မှာ တစ်ရက်နှစ်ရက်ထက်အပြင် ပိုနေလို့ မသင့်တော်တော့ဘူးပေါ့၊ မိသားစုနဲ့ ဆုံခါစပဲ ရှိသေးတယ်၊ ကျွန်မ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး၊ ပြီးတော့ ကျွန်မတို့ရပ်ကွက်က အင်မတန်ကို ဒလန်တွေပေါတယ်” ဟု ၎င်းက ပြောသည်။

ယခုအခါ မအိသည် နယ်စပ်ဒေသ ထိုင်းမြို့တစ်မြို့တွင် ရှိနေသည်။

ထွက်ပြေးလာရသော လမ်းတစ်လျှောက်တွင် ပြန်လည်ဖမ်းဆီးခံရမည်ကို စိုးရိမ်ရသလို ထိုင်းတွင်လည်း တရားဝင်နေထိုင်ခွင့် မရှိသဖြင့် ထိုင်းရဲများအဖမ်းခံရကာ စစ်ကောင်စီလက်သို့ ပြန်ပို့ခံရမည်ကိုလည်း စိုးရိမ်ခဲ့ရကြောင်း မအိက ပြောသည်။

“ပြည်တွင်းက စစ်ကောင်စီကိုလဲ ကြောက်ရသလို ဟိုဘက်က (ထိုင်း) စစ်သားတွေ ရဲတွေကိုလည်း ကြောက်ရတယ်” ဟု မအိက ပြောသည်။

အင်းစိန်ထောင်တွင် ၅ လကျော် ထိန်းသိမ်းခံခဲ့ရပြီး နယ်စပ်သို့ တိမ်းရှောင်လာခဲ့သည့် ဒေါ်ဇာဇာကလည်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု ပြောပြသည်။

“ဆက်ပြီးစောင့်ကြည့်နေတဲ့ သဘောရှိတာပေါ့၊ ရပ်ကွက်ထဲမှာဆိုရင် ရာအိမ်မှူးတွေ၊ ဥက္ကဋ္ဌတွေကို အချိန်ပြည့် စောင့်ကြည့်ခိုင်းထားတဲ့ သဘောရှိတာပေါ့၊ ကျွန်မတို့နေရတာ မလုံခြုံဘူး” ဟု ဒေါ်ဇာဇာက Myanmar Now ကို ပြောသည်။

ရပ်ကွက်အတွင်း ပေါက်ကွဲမှုများ၊ ဒလန်များကို လုပ်ကြံမှုများ ဖြစ်ပေါ်လာလျှင် စုံစမ်းစစ်ဆေးသူများက နိုင်ကျဉ်းဟောင်းများကိုပါ ပစ်မှတ်ထား စစ်ဆေးကြောင်းလည်း သူက ဆက်ပြောသည်။

စစ်တပ်အန္တရာယ်မှ တိမ်းရှောင်ရသူများ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိသဖြင့် စားဝတ်နေရေးလည်း ခက်ခဲနေကြသည်။

စစ်ဗိုလ်ချုပ်များ နှစ်ပေါင်း ၂၀ ကျော် ကြီးစိုးပြီးနောက် ၂၀၁၀ နောက်ပိုင်း အပြောင်းအလဲများ ပေါ်ပေါက်လာရာ အေးချမ်းစွာနေထိုင်နိုင်တော့မည်ဟု ဒေါ်မြက မျှော်လင့်ထားခဲ့သည်။

သို့ရာတွင် တစ်ကျော့ပြန် အာဏာသိမ်းခေါင်းဆောင်သစ်ပေါ်ပေါက်လာပြီး ရှေးယခင်ကအတိုင်း စစ်ဗိုလ်ချုပ်များ အာဏာပြလာသောကြောင့် မျှော်လင့်ချက်များ ပျက်စီးရသည်ဟု ၎င်းက ဆိုသည်။

“အသက် ၅၀ ကျော်လာတဲ့အချိန်ရောက်ရင် ကိုယ့်လုပ်ငန်းလေးနဲ့ ကိုယ့်မိသားစုလေးနဲ့ အေးအေးချမ်းချမ်းနေရပြီလို့ တွေးထားတာ၊ အခုတော့ ကသောင်းကနင်းဖြစ်ပြီးတော့ နိုင်ငံပျောက်တာတင် မဟုတ်ဘူး၊ အနာဂတ်ပါ ပျောက်သွားတာ” ဟု ဒေါ်မြက ပြောသည်။

အာဏာသိမ်းသည့်နေ့မှစတင်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများက နေ့စဉ် ဖြစ်ပေါ်နေသည်။

နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များနှင့် ရှေ့နေများအပါအဝင်  ၁၀,၅၀၀ ထက်မနည်း ဆက်လက် ဖမ်းဆီးခံထားရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ဖမ်းဆီးထားသူများကို ရဲစခန်းများ၊ စစ်တပ်စစ်ကြောရေးစခန်းများ၊ စစ်အခြေစိုက်စခန်းများတွင် နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်ကြောင်း၊ လူပေါင်း ၁,၉၀၀ ကျော်ကို ဖမ်းဝရမ်းထုတ်ထားကြောင်းလည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆိုသည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သား ၂,၀၀၀ ထက်မနည်း သေဆုံးခဲ့ရသည်ဟု ဖမ်းဆီးမှုများကို လက်လှမ်းမီသလောက် မှတ်တမ်းတင်နေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။

PDF လှုပ်ရှားသည့် ဒေသများတွင် စစ်ကောင်စီတပ်က အရပ်သားများကို နေ့စဉ် ပစ်ခတ် သတ်ဖြတ်နေသော်လည်း အဆိုပါ ဖြစ်ရပ်များကို သီးသန့် လေ့လာမှတ်တမ်းတင် သတင်းထုတ်ပြန်မှု မရှိသေးပေ။  

အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေသည့် စစ်ကောင်စီကြောင့် နေရပ်စွန့်ခွာသူများစွာ ရှိနေသည်။

မြန်မာပြည်သားများရှိသည့် ထိုင်းမြို့တစ်မြို့တွင် ရောက်နေသော နိုင်ကျဉ်းဟောင်း လူငယ်တစ်ဦးဖြစ်သူ မအိက အန္တရာယ်ကြောင့် အိမ်နှင့် ဝေးရာသို့ ထွက်ပြေးခဲ့ရသော်လည်း မိသားစုနှင့် ပြန်ဆုံနိုင်မည့်နေ့ကို မအိက မျှော်လင့်နေသည်။

“အဖေရောအမေရော ကန်တော့ခဲ့တယ်၊ စိတ်ထဲကတော့ ဒါနောက်ဆုံးအကြိမ် မဖြစ်ပါစေနဲ့ပေါ့နော်၊ အဲ့လို ဆုတောင်းခဲ့တယ်” ဟု မအိက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button