သတင်း

ရန်ကုန်နှင့် မန္တလေးတွင် ၂၄ နာရီအတွင်း ၅ နေရာ၌ ပေါက်ကွဲမှုဖြစ်

စစ်ကောင်စီကို ပြောက်ကျားခုခံမှု အားကောင်းသည့် စီးပွားရေးမြို့တော် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ၂၄ နာရီအတွင်း နေရာ ၅ ခု၌ ပေါက်ကွဲမှု ဖြစ်ပွားသည်။ 

ရန်ကုန်မြို့၌ ၂ နေရာ၊ မန္တလေးမြို့၌ ၃ နေရာ ပေါက်ကွဲမှုများဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိသည်ဟု စုံစမ်းသိရှိရသည်။ 

ယနေ့ (ဇူလိုင် ၂၂) နံနက် ၁၁ နာရီဝန်းကျင်တွင် ရန်ကုန်၊ ကျောက်တံတားမြို့နယ် ၃၉ လမ်းထိပ်ရှိ မြို့နယ်လျှပ်စစ်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရသည်။ 

ပေါက်ကွဲမှုအပြီး ၁၁း၄၅ ခန့်တွင် ထိုနေရာသို့ စစ်သုံးပစ်ကပ်ကား နှစ်စီးနှင့် ဆေးရုံကား ရောက်လာကာ ထိုနေရာတစ်ဝိုက်ကို ပိတ်ဆို့ စစ်ဆေးနေသည်ကို တွေ့ရသည်ဟု ၃၉ လမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။ 

“၁ နာရီထိုးခါနီးလောက်မှာ နောက်တစ်ချက်ပေါက်သံကြားတယ်။  အဲဒါက ပိုပြင်းတယ်ထင်တယ်။ အိမ်ပါ တုန်တယ်။  …. (လက်ပစ်ဗုံး) ၂ လုံး အပစ်ခံရတာ ၁ လုံးပဲပေါက်လို့ ကျန်မပေါက်တဲ့ ၁ လုံးကို ပစ်ခွဲလိုက်တာလို့ သိရတယ်” ဟု သူကပြောသည်။ 

ထို့အပြင် မရမ်းကုန်းမြို့နယ်၊ ၄ ရပ်ကွက်၊ ဆည်မြောင်းရိပ်သာလမ်းရှိ ထိုင်းရေနံကုမ္ပဏီ PTTEP ကားရပ်နားသည့်နေရာတွင် နံနက် ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည်။ 

မန္တလေးပေါက်ကွဲမှု

မန္တလေးမြို့တွင်မူ ယမန်နေ့ (ဇူလိုင် ၂၁) ညနေ ၄ နာရီမှ ၈ နာရီအတွင်း နှစ်ကြိမ်၊ ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် နှစ်ကြိမ် နေရာ ၃ ခု၌ ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။ 

ဇူလိုင် ၂၁ တွင် ချမ်းအေးသာစံမြို့နယ် အောင်တော်မူဘုရားအနီး ထီဆိုင်၊ မဟာအောင်မြေမြို့နယ် ဘုရားကြီးအနောက်ဘက်မုခ် ၈၆x၄၆ လမ်းထောင့်ရှိ အမှတ် ၁၀ ရဲစခန်းတို့ ဗုံးဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 

ထီဆိုင်ပေါက်ကွဲမှုတွင် ဆိုင်ရှင် ဦးဖေအောင်ဆိုသူ ညာဘက်ခြေသလုံး ဒဏ်ရာရခဲ့ပြီး ဆိုင်ရှိ ပစ္စည်းများ ပျက်စီးသွားကြောင်း၊ ရဲစခန်း ဗုံးထုခံရပြီးနောက် ကင်းစောင့်နေသည့် စစ်သားများက ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထိုနေရာအနီး နေထိုင်သူအချို့ထံမှ သိရသည်။ 

ဇူလိုင် ၂၂ နံနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားသည့် ပေါက်ကွဲမှုနှစ်ခုမှာ ပုသိမ်ကြီးမြို့အဝင် ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းသို့သွားသည့် ရန်ကင်းတောင်လမ်းပေါ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ 

စစ်ကောင်စီ လက်နက်ကိုင်များ စီးနင်းလာသည့် ဒိုင်နာကားတစ်စီးကို မိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ကားမှာ မြောက်တက်သွားကြောင်း အဝေးမှ မြင်တွေ့ခဲ့သူက ပြောသည်။ 

ထိခိုက်သူများထဲတွင် လျှပ်စစ်ရုံး ခေါ် EPC မှ စာရေးတစ်ဦး၊ သံဃာတစ်ပါးတို့ ပါဝင်သည်ဟု သိရသည်။

“ပထမတစ်ကြိမ်မှာ လျှပ်စစ်ရုံးစာရေးတစ်ဦး ငယ်ပါ အပြင်းအထန်ထိခိုက်တယ်။ နောက်ထပ်တစ်ကြိမ်မှာ စစ်ကောင်စီတပ်သားတချို့နဲ့ အနီးဖြတ်သွားတဲ့ သံဃာတစ်ပါး ခြေထောက်ထိတယ်။ ဒါပေမဲ့ မစိုးရိမ်ရဘူး။ ငယ်ပါထိတဲ့ EPC စာရေးကတော့ ပြင်းထန်တယ်။ စိုးရိမ်ရတယ် ပြောတယ်” ဟု အထက်ပါ ပုသိမ်ကြီးမြို့ခံက ပြောသည်။ 

ရန်ကုန်၊ မန္တလေးတွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုများအနက် ပုသိမ်ကြီးမြို့အဝင်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှု နှစ်ကြိမ်သာ လက်သည်ပေါ်သေးသည်။ ထိုတိုက်ခိုက်မှုကို သိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု Generation Z Power(GZP) အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။ 

စစ်ဆင်ရေးအနီး ဖြတ်သန်းသွားလာနေသည့် ရဟန်းတစ်ပါး ထိခိုက်မှုအတွက် အနူးအညွတ် တောင်းပန်ကြောင်း၊ စစ်ကောင်စီအဖွဲ့များနှင့် ဝေးရာမှသာ သွားလာ နေထိုင်ကြပါရန် မေတ္တာရပ်ခံကြောင်း GZP က တောင်းပန်ထားသည်။ 

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍မရသေးပါ။ 

ဆန္ဒပြလျှင်ပင် စစ်ကောင်စီက သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်နေသည်။ 

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုတို့မှာ မြို့ပြများ၌ပင် နေ့စဉ်ဆိုသလို ဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button