သတင်း

တရုတ်ကြေးနီစီမံကိန်းအနီး စစ်တပ်က နယ်မြေရှင်းလင်းရေး ဆက်လုပ်နေ

တရုတ်ကုမ္ပဏီနှင့် စစ်တပ်တို့ အကျိုးတူလုပ်ကိုင်နေသော စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းတစ်ဝိုက် ကျေးရွာများကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး ဆက်လုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံပိုင် ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသော ကြေးနီစီမံကိန်းဆက်မလုပ်ရန် ဒေသခံကာကွယ်ရေးအဖွဲ့ ၁၀ ကျော်က မေလဆန်းပိုင်းတွင် ထုတ်ပြန်ပြီးနောက် စစ်တပ်က ကျေးရွာများကို ကြိုးကြားကြိုးကြား စီးနင်းနေခြင်းဖြစ်သည်။

ကြေးနီစီမံကိန်းတစ်ဝိုက် ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်တပ်က ယမန်နေ့ (ဇွန် ၂၃) နံနက်တွင် ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းဘေးရှိ တုံရွာကို အင်အား ၆၀ နီးပါးဖြင့် ဝင်စီးသည်ဟု သိရသည်။

ယမန်နေ့က စစ်တပ်ဝင်စီးသော တုံရွာမှာ ကြေးနီစီမံကိန်းဧရိယာ အရှေ့ဘက်တွင်ရှိပြီး ညောင်ပင်ကြီးရွာမှာ ချင်းတွင်းကမ်းဘေးတွင် ရှိသည်။

စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တိုးသဖြင့် ၎င်းတို့တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ အခြားသုံးဦး အဖမ်းခံထားရပြီး ရွာသားနှစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိထားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော ဆားလင်းကြီးမြို့နယ်မှ ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခု တာဝန်ခံက ပြောသည်။

ဆားလင်းကြီးအခြေစိုက် လှုပ်ရှားသည့် ထိုဒေသခံ ကာကွယ်ရေးအဖွဲ့မှာ Generation Z ခေါ် လူငယ်များဖြင့် စုစည်းထားခြင်းဖြစ်ကာ စစ်ကိုင်းတိုင်းတောင်ပိုင်း မြို့နယ်များတွင် စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့တစ်ခုဖြစ်သည်။

လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်လာသည့် စစ်တပ်နှင့် ထိပ်တိုက်တိုးစဉ် ကာကွယ်ရေးအဖွဲ့နှစ်ဦးအနက် တစ်ဦးသေဆုံးပြီး အခြားသူတစ်ဦး ဒဏ်ရာဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် စစ်တပ်ဝင်ရောက်လာစဉ် ထွက်ပြေးရင်း ဆိုင်ကယ်ဆီပြတ်သဖြင့် တုံရွာအတွင်း ဆီပြန်ယူသည့် အခြားကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးလည်း အဖမ်းခံရသည်ဟု သိရသည်။ 

“ဆီဘူးဝင်ယူတဲ့အချိန် ဟိုကောင်တွေက ဝုန်းဝုန်းဆို ရောက်လာပြီး ဖမ်းလိုက်တာ။ ကျန်တဲ့ ကလေးနှစ်ယောက်ကလည်း ဆိုင်ကယ်စီးပြီးရှောင်မယ်ဆိုပြီးအရှေ့မထွက်ဘဲနဲ့ တောင်ဘက်ကနေ ထွက်တာ။ ထွက်တဲ့အချိန်မှာခွေးတွေနဲ့ ပက်ပင်းတိုးပြီး အပစ်ခံလိုက်ရတာ” ဟု ဆားလင်းကြီး GZ အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်တပ် ဝင်ရောက်စီးနင်းစဉ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် တုံရွာသားနှစ်ဦးအနက် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်ပြီး မုံရွာဆေးရုံကြီးတွင် ကုသမှုခံယူနေရသည်ဟု လက်ပံတောင်းတောင် ဒေသခံအချို့ထံမှ သိရသည်။

စစ်တပ်က တုံရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ယနေ့ နံနက်ပိုင်းတွင် ကြေးနီစီမံကိန်းတွင် လုံခြုံရေးယူထားသည့် စစ်သားများပါ ထပ်မံအင်အားဖြည့်တင်းထားသဖြင့် ဒေသခံများ ရွာမပြန်ဘဲ ဆက်လက်တိမ်းရှောင်နေရသည်။ 

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် သတ်ဖြတ်ခံရသည့် မိုးကြိုးပြင်ရွာသားနှစ်ဦးကို ဇွန် ၂၂ ရက်က မီးသင်္ဂြိုဟ်ပေးနေစဉ်။ (ဓာတ်ပုံ – ပေးပို့)
 

ထို့ပြင် ယမန်နေ့၌ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်သည်အင်အား ၂၀၀ ခန့် ချင်းတွင်းမြစ်ကို ဖြတ်ကူကာ အင်အားဖြည့်ထားသည်ဟုလည်း သိရသည်။

ကြေးနီစီမံကိန်းမြောက်ဘက်ရှိ မိုးကြိုးပြင် (မြောက်ရွာ) ကိုလည်း ဇွန် ၂၁ ရက်တွင် စစ်တပ်က ဝင်စီးကာ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးသည့်အပြင် ဒေသခံနှစ်ဦး လူမဆန်စွာ သတ်ဖြတ်ခံရသည်။

အာဏာသိမ်းပြီးကတည်းက ကြေးနီစီမံကိန်းကို ရပ်တန့်ထားပြီး လက်ရှိအချိန်တွင် စီမံကိန်းနှင့် ပတ်သက်သည့် အမြင်လွဲမှားမှုများ၊ ကောလဟလများ ပျံ့နှံ့နေပြီး ခြိမ်းခြောက်ခံနေရကြောင်း တရုတ်ကုမ္ပဏီက မေလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စီမံကိန်းပိုင်ရှင် တရုတ်ကုမ္ပဏီသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်က လက်ခံထားကြောင်း လက်ပံတောင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လူသတ်မီးရှို့ပြီးလာတဲ့ စစ်ကြောင်းကို လက်ခံတယ်ဆိုမှတော့ ဒါက အတူတူပဲလေ”

စစ်တပ်ရန်ကြောင့် ကြေးနီစီမံကိန်းအနီးတစ်ဝိုက်ရှိ တုံရွာ၊ တောကျောင်း၊ မိုးကြိုးပြင်၊ လယ်တီ၊ ဖောင်းကားအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရသည်။ 

ကြေးနီစီမံကိန်းကို လုပ်ကိုင်နေသော တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီဝမ်ပေါင် လက်အောက်ခံ Myanmar Wanbo နှင့် Myanmar Yangtse ကုမ္ပဏီတို့သည် အာဏာသိမ်းစစ်ကောင်စီကို အကျိုးအမြတ်ရှိစေသည်ဟုဆို ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်က ဒဏ်ခတ်အရေးယူထားသည်။ 

တရုတ်ကုမ္ပဏီနှင့် အကျိုးတူလုပ်ကိုင်နေသော စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီကိုလည်း အမေရိကန်နှင့် ဗြိတိန်တို့က ပိတ်ဆို့အရေးယူထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button