စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသရှိ မြန်မာယန်စီကြေးနီစီမံကိန်းမြောက်ဘက် ကျေးရွာများတွင် စစ်ဆင်ရေးလုပ်နေသည့် စစ်တပ်နှင့် မေ ၈ ရက်မှစ၍ နှစ်ရက်ဆက် တိုက်ပွဲဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ (LDF) များထံမှ သိရသည်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် (MEC) နှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီခွဲ မြန်မာယန်စီကြေးနီစီမံကိန်းဝန်းကျင်ရှိ ရွှေပန်းခိုင်၊ သဲတောကြီးကျေးရွာအနီးတွင် အင်အား ၁၀၀ ခန့်ဖြင့် လှုပ်ရှားနေသည့် စစ်ကြောင်းကို ယမန်နေ့ (မေ ၈) ညနေပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု LDF ဘက်က ပြောသည်။
ထိုစစ်ကြောင်းကို PDF အဖွဲ့များပေါင်းကာ အင်အားအလုံးအရင်းဖြင့် ညနေ ၄ နာရီမှ ၈ နာရီအထိ ပိတ်ဆို့ ခုခံခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်သည့် အဖွဲ့တစ်ခုဖြစ်သည့် မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရ ကိုခန့်ထံမှ သိရသည်။
“(LDF က) ရှေ့ကနေ စစ်ကြောင်းထိုးမဲ့လမ်းကို ပိတ်ဆို့ပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လတ်တလောအခြေအနေ ကျွန်တော်အတည်ပြုနိုင်တာကတော့ မနေ့က တိုက်ပွဲမှာ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေက ထိခိုက်ကျဆုံးတာမရှိဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ (မေ ၉) နံနက်တွင်လည်း အဆိုပါ ဒေသအတွင်း ထိုစစ်ကြောင်းနှင့် ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အသေးစိတ်အခြေအနေကို မသိရသေးကြောင်း စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည့် ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစု မှ ဦးမြတ်ကိုက ပြောသည်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် ဒေသခံများ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်နေသည့် လက်ပံတောင်းဒေသရှိ ကြေးနီစီမံကိန်းများ ပြန်လည်လုပ်ကိုင်ခြင်းမပြုရန် ဆားလင်းကြီး၊ ယင်းမာပင် LDF အဖွဲ့များက ဧပြီလကုန်ပိုင်းတွင် သတိပေးထားသည်။
ထိုသို့ သတိပေးပြီးနောက် အဆိုပါ စစ်ကြောင်းမှာ မြန်မာယန်စီကုမ္ပဏီစီမံကိန်းအနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် မေ ၅ ရက်မှစ၍ ဝင်ရောက်လှုပ်ရှားနေခြင်းဖြစ်သည်ဟု LDF ဘက်က ပြောသည်။
“ကုမ္ပဏီကို ခြိမ်းခြောက်ထားတာဆိုတော့ အချိန်မရွေး ချုံခိုတိုက်ခိုက်နိုင်တဲ့အနေအထားမျိုး စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်မယ်။ ကုမ္ပဏီပတ်ပတ်လည် အပြင်မှာ ပတ်နေတာ” ဟု လက်ပံတောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုအခြေအနေကြောင့် မြန်မာယန်စီကြေးနီစီမံကိန်းလုပ်ကွက်အနီး တစ်မိုင်ပတ်လည်ခန့်အတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာ လုံခြုံရေးစိုးရိမ်နေရကြောင်း ၎င်းက ပြောသည်။
“ကုမ္ပဏီစည်းရိုးနဲ့ အလွန်ဆုံး တစ်မိုင်ဝန်းကျင်ကနေ ပတ်ထိုးနေတာ။…ကုမ္ပဏီအနီးအနားမှာရှိတဲ့ ကျေးရွာတွေက နေ့လည်း ကောင်းကောင်းမအိပ်ရ၊ ညလည်း ကောင်းကောင်းမအိပ်ရနဲ့ ကျီးလန့်စာစားနေရတယ်” ဟု ထိုသူက ဆိုသည်။
“သူတို့က အချိန်မရွေးရောက်လာလိုက်၊ စစ်ကြောင်းထိုးသွားလိုက်၊ လူထုက ရှောင်လိုက်နဲ့၊ ရွာတစ်ရွာကို ဝင်မယ်ဆိုရင် သူတို့က သေနတ် တရစပ်ဖောက်တော့ အထိတ်တလန့်ဖြစ်ကြတယ်။ သက်ကြီးရွယ်အို၊ နှလုံးရောဂါသည်များ ရှိရင်တော့ လန့်ပြီး အသက်ထွက်သွားနိုင်တယ်”
စစ်ရေးလှုပ်ရှားနေသည့် စစ်တပ်ကြောင့် ထိခိုက်သေဆုံး၊ ဖမ်းဆီးခံရသူ ရှိမရှိ၊ PDF တို့နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူရှိမရှိတို့ကို မသိရသေးပေ။
ထိုဒေသအတွင်း လက်ပံတောင်းတောင်၊ ကြေးစင်တောင်နှင့် စံပယ်တောင်တို့တွင် MEC နှင့် ဝမ်ပေါင်တို့ ပူးပေါင်းထုတ်လုပ်သည့် ကြေးနီလုပ်ငန်းများရှိသည်။ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုစီးပွား ပျက်ယွင်းသဖြင့် ဒေသခံတို့၏ ပြင်းထန်စွာ ကန့်ကွက်မှုများရှိနေသည့်ကြားမှ ထိုစီမံကိန်းများ ဆက်လက်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
လက်ပံတောင်းတောင် စီမံကိန်း၏ ထုတ်လုပ်မှုအပေါ် အကျိုးခံစားခွင့်ကို အမှတ် ၁ သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်က ၁၉ ရာခိုင်နှုန်းရရှိနေသည်။
စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းတွင် MEC က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်၏ ကုမ္ပဏီခွဲ မြန်မာယန်စီက ၄၉ ရာခိုင်နှုန်း အကျိုးအမြတ်ရယူနေသည်။
ထိုစီမံကိန်းများအတွက် ဖွဲ့ထားသည့် Myanmar Wanbao နှင့် Myanmar Yangtse ကုမ္ပဏီနှစ်ခုက PDF တို့ ခြိမ်းခြောက်နေသည်ဟု ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လက်ပံတောင်းတောင်စီမံကိန်းမှ ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းမှ ၁၈၇ သန်း စစ်ကောင်စီထံ စီးဝင်နိုင်ကြောင်း Publish What You Pay အဖွဲ့၏ ၂၀၂၁ အောက်တိုဘာလအစီရင်ခံစာတွင် ဖော်ပြသည်။
ထိုလုပ်ငန်းများမှာ အမေရိကန်နှင့် ဗြိတိန်တို့၏ ဒဏ်ခတ်အရေးယူခြင်း ခံထားရသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးနှင့် အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းသည်ပင်လျှင် ရှေ့တန်းမှ ပါဝင်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)