သတင်းထုတ်လုပ်မှုများ ရေရှည်လည်ပတ်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့ နိုင်ပါသည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသတွင်တော်လှန်ရေးတပ်များက သုံးရက်ဆက် တိုက်ခိုက်ပြီးနောက် ထိုစီမံကိန်းအနီးရှိကျေးရွာများသို့ စစ်တပ်ကစစ်ကြောင်းထိုးနေကြောင်း သိရသည်။
စီမံကိန်းအတွင်းစခန်းချထားသည့် စစ်ကောင်စီတပ်ကို စက်တင်ဘာ ၃ ရက်ကစပြီး ၅ ရက်နေ့ထိ သုံးရက်ဆက်တိုက် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုစီမံကိန်းအနီးနေထိုင်သည့် ဒေသခံများက ပြောသည်။
“သုံးရက်ဆက်တိုက် ဒရုန်းတွေနဲ့ဗုံးသီးချတာတွေရှိတယ်။ ပေါက်ကွဲသံတွေကြားရလို့သိရတာ။ တချို့ည တွေမှာဆိုရင် ကုမ္ပဏီထဲက မီးပိတ်ပြီးတော့ အမှောင်ချထားတယ်”ဟု အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ကြေးနီစီမံကိန်းဝင်းအတွင်းနေ စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့ (စက်တင်ဘာ ၅) ရက် နံနက်ပိုင်းတွင် စီမံကိန်းအနောက်ဘက် ဖောင်းကားတောင်ရွာနှင့် မြောက်ရွာဘက်သို့ စစ်ကြောင်းထိုးခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် လည်း စီမံကိန်း မြောက်ဘက်မှ အရှေ့ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည်ဟုဒေသခံများကပြောသည်။
ယနေ့ နေ့လည် ၂ နာရီကျော်ဝန်းကျင်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းလည်း လက်ပံတောင်းတောင်ဝန်းကျင်အနီး နှစ်ပတ်ခန့် လှည့်လည်ပျံသန်းသွားကာ ကင်းထောက်သွားကြောင်း ဒေသခံတို့က ဆိုသည်။
စစ်တပ်က စစ်ကြောင်းထိုးခြင်းကြောင့် အောင်ချမ်းစည်၊ ကျော်ရွာ၊ ထနောင်းကုန်း၊ ညောင်ပင်ကြီး အပါအဝင် အနီးအနား ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
“စစ်ကြောင်းအသံကအမြဲ နားစွင့်နေရတာ။ အထုပ်က အမြဲတမ်းအဆင်သင့်ပြီးသားပါ။ အသံကြားတာနဲ့ ဆိုင်ကယ်ပေါ်ကောက်တင်ပြီးပြေးရတော့တာပေါ့” ဟု နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းအတွင်းရှိ စစ်ကောင်စီတပ်တိုက်ခိုက်ရမှုနှင့် ပတ်သက်၍ စစ်ကောင်စီအပါအဝင် တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် စစ်ကောင်စီအတွက် ဝင်ငွေရသည့်အတွက် ထိုစီမံကိန်းဆက်မလုပ်ရန် ဒေသခံများ၊ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများမှ တောင်းဆိုထားကြသည်။
လက်ပံတောင်းတောင် စီမံကိန်းမှ အကျိုးအမြတ်ခွဲဝေမှုကို အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနက ၅၁ ရာခိုင်နှုန်း၊ စစ်တပ်လက်အောက်ခံ ဦးပိုင် ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီ လက်အောက်ခံ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၃၀ ရာခိုင်နှုန်းရရှိနေသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း အကြီးမားဆုံးစီးပွားရေးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင်း တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်ပေးရန် အာဏာသိမ်းစစ်တပ်ကို တရုတ်နိုင်ငံက တောင်းဆိုထားသည်။
ဩစတြေးလျအခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ဖွဲ့စည်းထားသည့် Publish what you pay အဖွဲ့က ၂၀၂၁ နှစ်ကုန်ပိုင်းတွင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် လက်ပံတောင်းတောင် စီမံကိန်းမှ အမေရိကန် ဒေါ်လာ ၄၁၇ သန်း၊ စပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းမှ ၁၈၇ သန်း အာဏာသိမ်း စစ်ကောင်စီက ရရှိခဲ့သည်ဟု ဆိုသည်။
စီမံကိန်းဝင်းအတွင်း စစ်စခန်းသဖွယ် နေရာယူတပ်စွဲထားသည့် စစ်တပ်သည် ပြီးခဲ့သည့်နှစ်များတွင် အနီးကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး၊ ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့မှုများ လုပ်ခဲ့သည်။ ယခုနှစ်ဆန်းပိုင်းတွင်မူ ဒေသခံလူထုကို စည်းရုံး သိမ်းသွင်းသည့်နည်းလမ်းကို စစ်ကောင်စီတပ်သားများ ပြောင်းလဲအသုံးပြုလာသည်။ ထိုစီမံကိန်းရှိတွင် အလုပ်လုပ်ခဲ့သည့် CDM ဝန်ထမ်းများကိုလည်း လုပ်ငန်းခွင်ပြန်ဝင်ရောက်ရန် မက်လုံးပေး စည်းရုံးမှုများလုပ်ဆောင်ခဲ့ရာ စားဝတ်နေရေးအခက်အခဲကြောင့် CDM ဝန်ထမ်းအချို့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်မှုများရှိကြောင်း ဒေသခံများက ပြောသည်။