သတင်း

ရေစကြိုမြို့ ကျေးလက်ဒေသတွင် နေအိမ်ရာနှင့်ချီ မီးရှို့ခံနေရ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးကာ ရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ပေါင်း ရာနှင့်ချီ ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ ရေလယ်ကျွန်းဒေသကို မေ ၉ ရက်နေ့မှစ၍ စစ်ကောင်စီက အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ 

ရေလယ်ကျွန်းဒေသ၊ မိဖုရားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့ (မေ ၁၇) ရက် နံနက်ပိုင်းမှစ၍ စစ်ကြောင်း ၃ ကြောင်း ဖြန့်ခွဲပြီး ကြွယ်ကုန်းရွာ၊ ကျောက်ဖူးရွာတို့ကို ဝင်ရောက်စီးနင်းကာ မီးရှို့နေသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ပြောသည်။

“ကြွယ်ကုန်းနဲ့ ကျောက်ဖူးမှာ မီးရှို့တယ်၊ ကြွယ်ကုန်းက တော်တော်လေးတော့ ပါသွားတယ်။ အရေအတွက်အတိအကျတော့ မသိရသေးဘူး” ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းမှ ကိုသျှားလူက Myanmar Now ကို ပြောသည်။

အဆိုပါ စစ်ကြောင်းသည် မေ ၁၆ ရက်နေ့ကလည်း ရေလယ်ကျွန်းဒေသ မြောက်ဘက်ခြမ်းရှိ မိုးကွဲရွာ၊ ကံဦးရွာ၊ တောင်ကုန်းရွာနှင့် မဲကုန်းရွာတို့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု အိမ်မီးရှို့ခံခဲ့ရသူ အသက် ၄၃ နှစ်အရွယ် ဒေသခံအမျိုးသမီးက ပြောသည်။

“ရွာကို ၃ နေရာခွဲရှို့သွားတာ အိမ်ကတော့ ဘာမှကိုမကျန်ဘူး၊ ပြာပုံပဲ ကျန်တော့တယ်။ ဆုံးရှုံးမှုတွေတော့ များတာပေါ့။ ဆန်၊ စပါးတွေ မသယ်နိုင်ဘူး။ တစ်ရက်စာလောက်ပဲ သယ်နိုင်တာ။ သူတို့လာတုန်း ပြေးရင်စားဖို့ပေါ့။ ကျန်တာတော့ အကုန်မီးထဲပါသွားတာပေါ့” ဟု ပြောသည်။

“ကျွန်မတို့အိမ်ကို ရှို့တယ်ဆိုရင် ဘေးနားလေးကအိမ်က ရေတွင်းတွေမှာ စက်တွေဆင်ထားတာတွေဆိုရင် ပိုက်တွေကိုဖြတ်၊ ဆီပုံးတွေကိုလွှင့်ပစ်၊ ဂေါက်တွေလည်း အကုန်လွှင့်ပစ်၊ မီးငြှိမ်းရင် အလွယ်တကူငြှိမ်းလို့ မရအောင်လို့ အနားမှာရှိတဲ့  စက်တွေကိုပါ ဖျက်ဆီးတာ”  

ရွာသို့ ရောက်လာသော စစ်သားများက ၎င်းတို့အပေါ် ရန်သူကဲ့သို့ ပြုမူကြသည်ဟု ထိုဒေသခံက ဆက်ပြောသည်။

“နိုင်ထက်စီးနင်းကို တအားကြီးကို ဆိုးဆိုးရွားရွား ပြည်သူတွေအပေါ် ဆက်ဆံနေတယ်။ ယုတ်ယုတ်မာမာ၊ အကြံပက်ပက်စက်စက်နဲ့ကို ရှို့တာ” ဟု သူက ဆိုသည်။

စစ်ကြောင်းသည် မီးရှို့ပြီး ကျေးရွာအတွင်းမှ ထွက်ခွာသွားသော်လည်း သက်ကြီးရွယ်ကြီးနှင့် ကလေးငယ်များ အပါအဝင် မိသားစုဝင် ၁၃ ဦးရှိသည့် အဆိုပါအမျိုးသမီး၏ မိသားစုဝင်များမှာ နီးစပ်ရာတောများတွင် မေလ ၁၇ ရက်ထိ ရှောင်တိမ်းနေရဆဲဖြစ်သည်။

“ခုထိလည်း မလုံခြုံသေးဘူး၊ ရာသီဥတုကလည်း ဆိုးတယ်။ ကြောက်လို့မှ တောထဲမှာ ပြေးနေပါတယ်ဆိုမှ မနေ့ ညက လေကြီးမိုးကြီးလည်းကျတော့ ပိုပြီးတော့ ခံစားရတာပေါ့” ဟု စစ်ဘေးရှောင်တိမ်းနေရသည့် အခြေအနေကို အထက်ပါ အမျိုးသမီးက ပြောပြသည်။

ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေသည့် ၁၀ ရက်အတွင်း စစ်တပ်က မဲကုန်းရွာမှ ၁၇ အိမ်၊ မြေစွန်းရွာ ၁၁ အိမ်၊ ကံဦးရွာ ၂၈ အိမ်၊ မိုးကွဲရွာ ၁၇ အိမ်အပါအဝင် ကျေးရွာပေါင်း ၁၇ ရွာမှ အိမ်ခြေ ၁၄၅ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

မေ ၁၁နှင့် ၁၂ ရက်နေ့တို့တွင်  တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ ဒေသခံကာကွယ်ရေးအဖွဲ့ဘက်မှလည်း ၂ ဦးသေဆုံးခဲ့ကြောင်း ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုထံမှ သိရသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးသလို Myanmar Now အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီအုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ခြင်းမရှိသည့် ကျေးရွာပေါင်း ၄၀ ကျော်ပါဝင်သည့် ရေလယ်ကျွန်းဒေသတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းသည့်နေရာဖြစ်ခြင်းကြောင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ရှင်းလင်းနေခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းသည့် နေရာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ပြည်သူတို့၏ နေအိမ်များကို ယခုနှစ်ဆန်းပိုင်းမှ မီးရှို့ဖျက်ဆီးမှု ဆက်တိုက် ပြုလုပ်လာသည်ဟု ကာယကံရှင်ဒေသခံတို့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ ရွှေသိမ်တော်ရွာနှင့် အင်းပတ်ရွာ၊ သရက်ပင်စုရွာ၊ ကာဆိပ်ကျေးရွာ၊ မန်ကျည်းအုပ်ကျေးရွာများမှ နေအိမ်များကိုလည်း စစ်ကောင်စီတပ်သားများက မေလ ဒုတိယပတ်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် နိုင်ငံအနှံ့အပြားရှိ လူနေအိမ်ပေါင်း ၁၁,၄၁၇ လုံးကို မီးရှို့ခဲ့ကြသည်ဟု အရပ်ဘက်လေ့လာရေးအဖွဲ့ Data For Myanmar က မေ ၁ တွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ လူနေအိမ်ပေါင်း ၉၇၂ လုံးပါဝင်သည်။ စစ်ကိုင်းတိုင်း တစ်တိုင်းလုံးတွင် အိမ်ခြေပေါင်း ၇,၅၀၃ လုံး မီးရှို့ခံခဲ့ရကြောင်းလည်း ထိုအဖွဲ့က ပြောသည်။

ပြည်သူတို့၏နေအိမ် ထောင်ပေါင်းများစွာမီးရှို့ခံရမှုနှင့် ပတ်သက်၍ အာဏာသိမ်းတပ်၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ယင်းတို့လက်အောက်ခံတပ်များ ကျူးလွန်ခြင်းမဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များအား ထောက်ခံအားပေးမှု လျော့ကျစေရန် ရည်ရွယ်ပြီး အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့သည့် စစ်တပ်၏လုပ်ရပ်သည် ဒေသခံများ၏ တော်လှန်လိုစိတ်ကို လျော့ကျသွားစေမည်မဟုတ်ဟု နေအိမ် မီးရှို့ခံခဲ့ရသူ ရေလယ်ကျွန်းဒေသခံ အမျိုးသမီးက ပြောသည်။

“စိတ်မပျက်ဘူး။ တော်လှန်ရေးမှာ လိုအပ်ရင် ကိုယ်တိုင်ကိုပဲ ဆင်နွှဲပစ်တော့မှာ” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button