သတင်း

ရဲတွေကိုပါ စစ်တိုက်ခိုင်းမည့် ဥပဒေ အာဏာသိမ်းခေါင်းဆောင် ထုတ်

အာဏာသိမ်းပြီး ၁ နှစ်ကျော်လာသည့်အချိန်အထိ ဒေသကာကွယ်ရေးတပ် PDF များ၏ တန်ပြန်တိုက်စစ်ကို ပြင်းပြင်းထန်ထန် ခံနေရသည့် စစ်ကောင်စီက ရဲတပ်ဖွဲ့ဥပဒေကို မတ်လ ၂၅ ရက်စွဲဖြင့် ထုတ်ပြန် ပြဋ္ဌာန်းလိုက်ရာ ရဲတပ်ဖွဲ့ဝင်များကို စစ်ရေးတာဝန် တရားဝင်ပေးနိုင်တော့မည်ဖြစ်သည်။ 

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လက်မှတ်ရေးထိုးထုတ်ပြန်သည့် “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ” တွင် ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်အဖြစ် “ လိုအပ်သည့်အချိန်တွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန်” ဟု ပါရှိသည်။ 

ပုဒ်မ ၁၈ ပုဒ်မခွဲ (ဈ) တွင်လည်း ရဲတပ်ဖွဲ့ဝင်များ၏တာဝန်အဖြစ် “နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ပြည်ထဲရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင်မူ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်များမှာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး စသည်တို့ဖြစ်သည်၊။ 

မှုခင်းကြိုတင်ကာကွယ်တားဆီးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။ ကာကွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်း၊ တာဝန်များ မပါရှိပေ။

အာဏာသိမ်းခေါင်းဆောင်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းလျက် ၁၉၅၉ ခုနှစ် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အက်ဥပဒေနှင့် ကယားပြည်နယ်ရဲတပ်ဖွဲ့အက်ဥပဒေများကိုလည်း ဖျက်သိမ်းလိုက်သည်။

အဆိုပါ ဥပဒေများတွင် ရဲတပ်ဖွဲ့၏ တာဝန်များကို ဖော်ပြရာတွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ တာဝန်များကိုသာ ပြဋ္ဌာန်းထားသည်။ ယခု အာဏာသိမ်းခေါင်းဆောင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေကဲ့သို့ ကာကွယ်ရေးတာဝန်များထမ်းဆောင်ရန် ပြဋ္ဌာန်းချက်များ မပါရှိပေ။

အလားတူ စစ်တပ်က စိတ်ကြိုက်ရေးဆွဲခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်သည့် တာဝန်နှင့် အခန်းကဏ္ဍကို သီးခြားပြဋ္ဌာန်းမထားပေ။

၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းပြီးစဉ်ကတည်းက စစ်ကောင်စီကို ဆန့်ကျင်လိုသော သူများအကြား ထင်ရှားသော ဥပဒေများဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ အပါအဝင် ဒါဇင်နှင့်ချီသော ဥပဒေများကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

ယခုနှစ်ဆန်းပိုင်း ထွက်ပေါ်လာသည့် အမျိုးသားဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများကို သဘောထားမှတ်ချက်တောင်းခံထားသည်။

သို့သော် ယခု ရုတ်တရက်ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေအတွက်မူ ထိုသို့ သဘောထားတောင်းခံမှု ရှိမရှိ မသိရပေ။

ရဲတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတာဝန်ပါ ယူခိုင်းမည့် ဥပဒေပြဋ္ဌာန်းချိန်သည် နိုင်ငံတစ်ဝန်း PDF များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း ၃၀၀၀ ကျော် ဖြစ်ခဲ့သည်ဟု မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ISP Myanmar အဖွဲ့က မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုသို့သော အခြေအနေများကို ရည်ညွှန်းလျက် စစ်နည်းဗျူဟာ၊ သာလွန်အင်အားတို့ဖြင့် စစ်ရှိန်မြှင့်တော့မည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင်လည်း ပြောဆိုထားသည်။

တိုက်ပွဲများ ပြင်းထန်နေသော ချင်းနှင့် ကယားပြည်နယ်များအတွင်း စစ်ကောင်စီခန့် ဝန်ကြီးချုပ်များပင် လုံခြုံရေးစိုးရိမ်နေကြကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်က အာဏာသိမ်းခေါင်းဆောင်နှင့် သူ၏ ဝန်ကြီးချုပ်များ အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်တည်ငြိမ်ရေး ကြိုးစားနေရဆဲဖြစ်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ငွန်ဆန်းအောင်ကမူ Sniper ဖြင့် ပစ်သတ်ခံရမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း သူတို့၏ စိုးရိမ်မှုကို စစ်ခေါင်းဆောင်ထံ တိုင်တန်းခဲ့ကြသည်။

ယခု ပြဋ္ဌာန်းလိုက်သည့် “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ” တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်များ အပြည့်အဝထည့်သွင်းထားသည်ကို တွေ့ရသည်။

အစိုးရအဖွဲ့သည် ရဲတပ်ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုပါက တပ်မတော်၏ သဘောထားကို ရယူရမည်၊ ရဲတပ်ဖွဲ့၏ အကြီးဆုံးရာထူးဖြစ်သော ရဲချုပ် ခန့်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ ထုတ်ပယ်ခြင်းတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းပြီးမှသာ လုပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့်များတွင် အများပြည်သူပျော်ရွှင်မှုအတွက် စုဝေးရာနေရာများ၊ နေအိမ်၊ အဆောက်အအုံ၊ ဝင်းခြံ၊ ပရိဝုဏ်နှင့် ယာဉ်တစ်ခုခုတို့ကို ဝင်ရောက်စစ်ဆေးခွင့် ပါဝင်လာသည်။ 

ထို့အတူ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် သံပုံးတီးကန့်ကွက်ခဲ့ကြသည့် အခြေအနေကိုလည်း ထောင်ချ အရေးယူနိုင်သည့် ပုဒ်မတစ်ခုအဖြစ် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ပုဒ်မ ၆၀၊ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၂) တွင် “ဘင်၊ မောင်း စသည်တို့ကို တီးခတ်ခြင်း သို့မဟုတ် ခရုသင်း၊ ခရာ၊ လေမှုတ်ကိရိယာများကို မှုတ်ခြင်း သို့မဟုတ် ကြေး၊ အိုးခွက် စသည်များကို တီးခေါက်ခြင်း” တို့သည် ပြစ်မှုမြောက်ကြောင်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ငွေဒဏ်များအပြင် ထောင်ဒဏ် အနည်းဆုံး ခြောက်လမှ အများဆုံး ၂ နှစ်အထိ ချမှတ်ရမည်ဟုလည်း ပါရှိသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၎င်းအလိုရှိသည့်အတိုင်း ဥပဒေများကို လွှတ်တော်မဲ့ ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းတို့ ထင်တိုင်းကြဲလျက်ရှိနေသည်ကို တွေ့ရသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က “ဘယ်လွှတ်တော်ကမှ အတည်ပြုထားခြင်းမရှိတဲ့ ဥပဒေတွေ၊ အမိန့်ကြော်ငြာချက်တွေဟာ တရားမဝင်” ဟု Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့ဖူးသည်။

ဤဥပဒေ မထုတ်ပြန်ခင်ကပင် စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို နှိပ်ကွပ်ရာတွင် ရဲတပ်ဖွဲ့ကို ကောင်းစွာ အသုံးချပြီးဖြစ်သည်။ ရဲတပ်ဖွဲ့ အလယ်အလတ်နှင့် ထိပ်တန်းရာထူးများတွင် စစ်တပ်မှ ပြောင်းလာသူ အများအပြားကို ခန့်ထားမှုကလည်း ထိုသို့ အသုံးချရာတွင် ပိုမို အဆင်ပြေစေသည်ကို တွေ့ရသည်။

အာဏာသိမ်းဗိုလ်ချုပ်များ၏လုပ်ရပ်ကို သည်းမခံနိုင်သဖြင့် မိသားစုနှင့်အတူ တိမ်းရှောင်နိုင်ခြေရှိသည့် ရဲတပ်ဖွဲ့ဝင် ထောင်နှင့်ချီ အာဏာဖီဆန်ထားသည်ဟု သိရသည်။ 

မကြာသေးမီကလည်း ရဲဌာနခွဲ ၆ ခုကို ဖျက်သိမ်းကာ စစ်တိုက်ခိုင်းရန် စစ်ကောင်စီ စီစဉ်ထားသည်ဟု သိရသည်။

ဖျက်သိမ်းမည့်အထဲတွင် ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ရေနံမြေနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များနှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့ ပါဝင်သည်ဟု ဆိုသည်။

နိုင်ငံအနှံ့ ခုခံဆန့်ကျင်မှုများကို ရင်ဆိုင်ရာတွင် စစ်သားအင်အား လုံလောက်မှုမရှိသဖြင့် အရပ်သားများက ပျူစောထီးအဖွဲ့ဟု ခေါ်ကြသော ပြည်သူ့စစ်အဖွဲ့အများအပြားကို ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးထားသည်။

ထိုအဖွဲ့များထဲတွင် ပါဝင်ရန် လက်နက်ငယ်သင်တန်းပေးမှု၊ အတင်းအကျပ်အင်အားစုဆောင်းမှုများကို မြန်မာပြည်အလယ်ပိုင်းတွင် တွေ့နိုင်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button