ဆောင်းပါး

Facebook သုံးသူတို့ကို နှိပ်ကွပ်နေသော စစ်ကောင်စီ 

စစ်ကောင်စီက ဆန့်ကျင်သူမှန်သမျှကို အတောမသတ် ဖမ်းဆီးအရေးယူနေသည်မှာ အာဏာသိမ်းပြီး ကတည်းက ယနေ့အချိန်ထိဖြစ်သည်။ အရပ်သားပြည်သူ ထောင်သောင်းချီ အဖမ်းခံရပြီးဖြစ်သည်။ လူမှုကွန်ရက်အသုံးပြုသူများကိုပါ အရေးယူပြခြင်းဖြင့် လူထုကို ပါးစပ်ပိတ်ရန် စစ်ကောင်စီ ကြိုးစားနေသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့စိတ်ကြိုက်ပြင်ဆင်ထားသည့် ဥပဒေပုဒ်မများကို လိုသလိုအသုံးချကာ ဆန့်ကျင်သူများကို နည်းမျိုးစုံ နှိပ်ကွပ်နိုင်နေခြင်းဖြစ်သည်။

အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ဝါဒဖြန့်နေသူများ၊ အားပေးကူညီသူများကို ဖော်ထုတ်အရေးယူသည်ဆိုကာ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ဖမ်းဆီးအရေးယူသတင်းများ ထုတ်ပြန်သည်။​

ရက်ပေါင်း ၂၀ ကျော်အတွင်း လူ ၂၀၀ ကျော်အဖမ်းခံရ

အာဏာသိမ်းမှုတစ်နှစ်ပြည့်ဖြစ်သော ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ် ပါဝင်ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများက စတင်ဆော်ဩချိန်တွင် စစ်ကောင်စီက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အသံတိတ်သပိတ်တွင် ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က နှင့် ၅၀၅-က၊ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၃၃ (က) တို့နှင့် အရေးယူမည်ဟု အသံတိတ်သပိတ်မတိုင်မီ ဇန်နဝါရီ ၂၅ တွင် ထုတ်ပြန်ခဲ့သည်။​

ထို့ပြင် ပြစ်မှုနှင့်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်သည်။

စစ်ကောင်စီက ကြီးလေးသောပုဒ်မများဖြင့် အရေးယူမည့်အကြောင်း ကြေညာသည့်ပြင် ဒေသအာဏာပိုင်များကို လူကိုယ်တိုင် လိုက်လံတားဆီးစေခြင်းဖြင့် အသံတိတ်သပိတ်ကို ဟန့်တားခဲ့သော်လည်း ထိုနေ့က အမြို့မြို့အနယ်နယ်တွင် လုံးဝနီးပါး လူသွားလူလာတိတ်ဆိတ်ခဲ့သည်။​

အသံတိတ်သပိတ်ကို ဟန့်တားရေး မအောင်မြင်သော်လည်း စစ်ကောင်စီက Facebook အသုံးပြုသူများကို ဆက်တိုက်ဖမ်းဆီးအရေးယူပြကာ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် လူသိရှင်ကြားထုတ်ပြန်သည်။​

ဖေဖော်ဝါရီ ၂၀ ရက်အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း လူပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီက အမှုဖွင့်အရေးယူခဲ့သည်။ အသံတိတ်သပိတ်ပြီးသွားသော်လည်း Facebook အသုံးပြုသူများကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးနှိပ်ကွပ်သည်။

အမှုဖွင့်အရေးယူခံရသူ အများစုမှာ သာမန်လူမှုကွန်ရက် အသုံးပြုသူများဖြစ်ပြီး လွှတ်တော်အမတ်၊ သံဃာနှင့် စီးပွားရေးလုပ်ငန်းအရ အသုံးပြုနေသည့် Facebook စာမျက်နှာကိုင်တွယ်သူများလည်း ပါဝင်သည်ကို တွေ့ရသည်။

ထိုအဖမ်းခံရသူများသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လက်ဝေခံတို့၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် လိုက်ပါဆောင်ရွက်သူ၊ အားပေးကူညီသူများဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲသည်။

Facebook ကိုပင် ခိုးကြောင်ခိုးဝှက်သုံးနေရ

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတို့မှာ နေ့စဉ်လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်လာရသည်။ မြန်မာနိုင်ငံတွင် အများအပြား သုံးစွဲနေကြသည့် Facebook လူမှုကွန်ရက်သည်ပင် လုံခြုံစိတ်ချရခြင်း မရှိတော့ပေ။​

စစ်ကောင်စီရန်ကြောင့် Facebook အသုံးပြုသူများ အထူးသတိထားလာရသည်။ မိမိအကောင့်၏ လုံခြုံရေးကို အထူးဂရုစိုက်ရသည်။ အမည်နှင့် ပုံပြောင်းခြေရာဖျောက်ခြင်း၊ မရင်းနှီးသူများ အပါအဝင် တချို့ကို အွန်လိုင်းမိတ်ဆွေစာရင်းမှ ဖယ်ထုတ်ခြင်း စသည်တို့ကို မဖြစ်မနေ ပြုလုပ်လာကြသည်။​

သို့သော် စစ်ကောင်စီက လူမှုကွန်ရက်ပေါ်မှ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဖမ်းဆီးအရေးယူမှုများ ပိုမိုစိပ်သည်ထက် စိပ်လာသည်။ ရဲနှင့် စစ်သားများကလည်း တွေ့ရာနေရာ၌ ရှောင်တခင်စစ်ဆေးမှုကလည်း အချိန်နေရာမရွေး ရှိနေတတ်သည်။

ထို့ကြောင့် အပြင်သွားသည့်အခါ မိမိဖုန်းရှိ Facebook ကို လုံခြုံစိတ်ချစေရန် ပြုလုပ်ထားခြင်း သို့မဟုတ် ထိုနာမည်ကျော် လူမှုကွန်ရက်၌ ပြောဆိုရေးသားခြင်းကို အထူးသတိပြု ဆောင်ရွက်နေရသည်။ မိမိရေးသားချက်နှင့် လှုပ်ရှားမှုများကို တစ်ဦးတစ်ယောက်က မှတ်တမ်းတင်ထားကာ သတင်းပေးတိုင်ကြားမည့် အန္တရာယ်လည်း ရှိနေသည်။

ဒစ်ဂျစ်တယ်နည်းပညာကို နားလည်တတ်ကျွမ်းသူများကမူ ဖုန်းတွင် Facebook အက်ပလီကေးရှင်း ရုတ်တရက် ရှာမတွေ့နိုင်စေမည့် နည်းလမ်းကို အသုံးပြုကြသည်။ အထူးအက်ပလီကေးရှင်း၏ လုပ်ဆောင်ချက်ကို အားပြုကာ ဖုန်းမျက်နှာပြင်မှနေ၍ Facebook ကို ဝှက်ထားနိုင်သည်။

အန္တရာယ်အနည်းဆုံးနည်းလမ်းမှာ Facebook လူမှုကွန်ရက်ကို ခိုးကြောင်ခိုးဝှက်သုံးခြင်းပင်ဖြစ်သည်။

အပြင်သွားသည့်အခါ Facebook ထည့်သွင်းမထားသည့် ဖုန်းကိုသာ ယူသွားသည်၊ နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ရေးသားချက်များ (Post နှင့် Comment) များကို စိုးရိမ်စိတ်ဖြင့် ဖျက်ပစ်ကြရသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းမှုကို ကြုံခဲ့ရသူတစ်ဦးက Myanmar Now ကို ပြောသည်။

“မိန်းကလေးဆိုတော့ အရင်တုန်းက အပြင်ထွက်ရင် အဝတ်အစားလဲ၊ ဖီးလိမ်းပြီး ထွက်ရုံပဲ။ ခုက ကိုယ့် Facebook မှာ ဘာတွေတင်မိသေးလဲ၊ Message တွေကနေ ဘာတွေများ ပြောထားမိသေးလဲဆိုပြီး ကိုယ့်ဖုန်းကို ပြန်စစ်ရတဲ့ အလုပ်တစ်လုပ် ပိုလာတယ်” ဟု ရန်ကုန်မြို့နေ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးကမူ လမ်းပေါ်တွင် စစ်ဆေးမေးမြန်းခံရစဉ် ၎င်း၏ဖုန်းမှာ Facebook ကဲ့သို့သော အက်ပလီကေးရှင်းများ ထည့်သွင်းအသုံးမပြုနိုင်သော၊ ထိတွေ့မျက်နှာပြင်မပါသော သာမန်မိုဘိုင်းဖုန်း (Keypad phone) ဖြစ်နေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်းကားကြိမ်းမောင်းခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

“မှားယွင်းတဲ့ အုပ်ချုပ်မှုတွေ ဖြစ်နေတယ်။ တစ်နိုင်ငံလုံးမှာ ဒီလိုဖြစ်နေမယ်ဆိုရင် ဦးဇင်းတို့ တိုင်းပြည် ဘယ်လိုလုပ်မလဲ။ အဖမ်းခံရတာ တော်သေးတယ်။ အသတ်ခံရတာ တော်သေးတယ်။ အုပ်ချုပ်ပြီးတော့ လူဝါးဝနေမယ်ဆိုရင် အုပ်ချုပ်တာနဲ့ မတူဘူး။ ယုတ်မာတာနဲ့ တူလိမ့်မယ်”

စစ်ဆေးမေးမြန်းရာတွင် နိုင်ငံရေးနှင့် ဆက်နွှယ်သည့် အချက်အလက်များ ရှာမတွေ့သော်လည်း ထမင်းဖိုးဆိုကာ ငွေတောင်းခံသည်ကို ကြုံခဲ့ရကြောင်း အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။​

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့ ဆန္ဒပြသူများရှေ့သို့ ရောက်လာသော စစ်ကောင်စီ၏ ခြိမ်းခြောက်မှု

မကွေးမြို့တွင် ရဲများက ရပ်တန့်စစ်ဆေးစဉ် အချေအတင်ဖြစ်ခဲ့သည့် ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မဆိုသူ၏ ရုပ်သံဖိုင်တစ်ခုလည်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။​

“မှားယွင်းတဲ့ အုပ်ချုပ်မှုတွေ ဖြစ်နေတယ်။ တစ်နိုင်ငံလုံးမှာ ဒီလိုဖြစ်နေမယ်ဆိုရင် ဦးဇင်းတို့ တိုင်းပြည် ဘယ်လိုလုပ်မလဲ။ အဖမ်းခံရတာ တော်သေးတယ်။ အသတ်ခံရတာ တော်သေးတယ်။ အုပ်ချုပ်ပြီးတော့ လူဝါးဝနေမယ်ဆိုရင် အုပ်ချုပ်တာနဲ့ မတူဘူး။ ယုတ်မာတာနဲ့ တူလိမ့်မယ်” ဟု အဆိုပါ ရဟန်းက ရုပ်သံတွင် မိန့်ဆိုထားသည်။

စစ်ကောင်စီ၏ မူဝါဒသည် အနိုင်ကျင့်နှိပ်စက်မှုများ ဖြစ်ပေါ်လာစေရန် လမ်းခင်းပေးနေခြင်း ဖြစ်သည်ဟု NUG ၏ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောသည်။​

“ပြည်သူတွေ အလုပ်ပိုတယ်၊ စိုးရိမ်စိတ်နဲ့ နေရတယ်ဆိုကတည်းက လွတ်လပ်မှု မရှိတော့ဘူး။ ပြည်သူနဲ့အတူ ရပ်တည်ရမဲ့ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ပြည်သူ့ဘက်ကို မကြည့်တဲ့အခါမှာ အထက်ကညွှန်ကြားချက်တွေနဲ့ ရောချပြီး ပြည်သူလက်မခံနိုင်တဲ့ လာဘ်စားမှုတွေ အနိုင်ကျင့်မှုတွေ ဖြစ်လာတာ” ဟု ဝန်ကြီးက ပြောသည်။

Facebook အသုံးပြုခြင်းနှင့် ပတ်သက်၍ မိသားစုအတွင်း မဖြစ်မနေ သတိပေးလာရသည်။ နိုင်ငံရေးနှင့် ပတ်သက်သော အကြောင်းအရာများ မတင်ရန်၊ တင်မိပါက ဖျက်ပစ်ရန် ပြောဆိုကြရသည်။

“Facebook မှာ တင်တာ ရေးတာလေးလောက်နဲ့ အလုပ်ပျက်၊ ဘဝပျက်မှာ စိုးရိမ်တယ်” ဟု ဧရာဝတီတိုင်းရှိ မြို့နယ်တစ်ခုတွင် နေထိုင်သူ အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ၎င်း၏ သားသမီးများအပေါ် စိုးရိမ်မှုအကြောင်း ပြောပြသည်။

သာမန်အရပ်သားပြည်သူများသာမက နိုင်ငံ့ဝန်ထမ်းများသည်လည်း Facebook အသုံးပြုမှုနှင့် ပတ်သက် ၍ စောင့်ကြည့်ခံနေရသည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချုပ်၏ စာတစ်စောင်တွင် ဝန်ထမ်းများ၏ facebook အသုံးပြုမှုကို စောင့်ကြည့်နေကြောင်း ဖော်ပြထားသည်။

ထိုစာတွင် Social Media (လူမှုကွန်ရက်) နှင့် ပတ်သက်၍ လိုက်နာရမည့် အချက် ၇ ချက်ဟု ပါရှိပြီး အဓိကအားဖြင့် စစ်ကောင်စီ (စကစ) နှင့် တပ်မတော် မကောင်းကြောင်း အပုပ်ချပြောဆိုခြင်း၊ ရေးသားခြင်း မရှိရန်ဖြစ်သည်။ နိုင်ငံရေးနှင့် ပတ်သက်သည့် Post (ရေးတင်ခြင်း)၊ Share (ပြန်လည်မျှဝေခြင်း)၊ Comment (မှတ်ချက်ပေးခြင်း) များကို စောင့်ကြည့်ကာ ဝန်ထမ်းစည်းကမ်းများနှင့်အညီ အရေးယူရန်လည်း ညွှန်ကြားသည်။​

ဝန်ထမ်းများ၊ မိသားစုဝင်များ၏ လက်ကိုင်ဖုန်းကို ရှောင်တခင်စစ်ဆေးရန်နှင့် Social Media စောင့်ကြည့်ရေးအဖွဲ့ထားရှိကာ တွေ့ရှိချက်ကို ပါမောက္ခချုပ်ထံ အပတ်စဉ် တင်ပြရန်လည်း ညွှန်ကြားထားသည်။​

စစ်ကောင်စီ၏ လုပ်ဆောင်ချက်များသည် လူ့အခွင့်အရေးချိုးဖောက်မှုမြောက်ကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ လူ့အခွင့်အရေးကြေညာစာတမ်းပါ “လူတိုင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်” ဟူသော အချက်ကို ဆန့်ကျင်နေသည်ဟု ဦးထင်လင်းအောင်က ဆိုသည်။​

“ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုပါ။ လူတိုင်းမှာ မနှစ်သက်တာကို ပြောဆိုခွင့် ရေးသားခွင့် ဆန့်ကျင်ခွင့်ရှိပါတယ်။ စကစဟာ ပြည်သူတွေ လွတ်လပ်စွာ ပြောဆိုထုတ်ဖေါ်ခွင့်နဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး ထိခိုက်နစ်နာမှုကို မကြည့်သလို လူ့အခွင့်အရေးကိုလည်း အနိုင်ကျင့် ချိုးဖောက်နေတယ်” ဟု ၎င်းက ပြောသည်။

လိုသလိုအသုံးချရန် ဥပဒေပုဒ်မများပြင်ဆင်

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို စိတ်ကြိုက်ဖမ်းဆီးအရေးယူနိုင်ရန် ဥပဒေပုဒ်မများကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်မှာ အာဏာသိမ်းပြီးစကတည်းက ဖြစ်သည်။ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မတချို့ကို အာဏာသိမ်းပြီး သီတင်းနှစ်ပတ်အကြာတွင် အဆောတလျင် ပြင်ဆင်ခဲ့သည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က မူလပြဋ္ဌာန်းချက်၌ “အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် နှုတ်ဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ ပြုလုပ်လျှင် ပြစ်မှုမြောက်သည်” ဟု ဆိုသော်လည်း “အစိုးရ” ဆိုသော ဝေါဟာရနေရာတွင် “တပ်မတော်နှင့် တပ်မတော်သားများ” ဟု စစ်ကောင်စီက ပြင်ဆင်ခဲ့သည်။​

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေသည့် အဆိုပါပုဒ်မအရ ငွေဒဏ်အပါအဝင် ထောင်ဒဏ် ၇ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်သည်။​

ရာဇသတ်ကြီးဥပဒေပါ ပုဒ်မနောက်တစ်ခုဖြစ်သော ၅၀၅-က တွင်လည်း ပြဋ္ဌာန်းချက်တစ်ပိုဒ်လုံးကို စစ်ကောင်စီက အစားထိုးပြင်ဆင်ခဲ့သည်။ မူလပြဋ္ဌာန်းချက်ပါ “အစိုးရ၏ ကြည်း၊ ရေ၊ လေ အရာရှိ သို့မဟုတ် တပ်သားအား ပုန်ကန်ရန်” ဟူသော နေရာတွင် “တပ်မတော်အပေါ်တွင် မေတ္တာပျက်ရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့ရန်” ဟု အစားထိုးသည်။

ထို့ပြင် ပုဒ်မ ၅၀၅-က နောက်တွင် အများပြည်သူ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းဖြန့်ဝေခြင်းဆိုင်ရာ ပုဒ်မခွဲသုံးခု ဖြည့်စွက်ပြင်ဆင်ခဲ့သည်။ မူလပြဋ္ဌာန်းချက်တွင် ထောင်ဒဏ် ၂ နှစ်ဖြစ်သော်လည်း စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်အထိ တိုးခဲ့သည်။

“ဘယ်လွှတ်တော်ကမှ အတည်ပြုထားခြင်းမရှိတဲ့ ဥပဒေတွေ၊ အမိန့်ကြော်ငြာချက်တွေဟာ တရားမဝင်ပါဘူး။ အစကတည်းက တရားမဝင်ဘဲ အာဏာရယူထားတဲ့ အကြမ်းဖက်အဖွဲ့ဖြစ်ပါတယ်”

အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ဖမ်းဆီးအရေးယူရာတွင် စစ်ကောင်စီက ပုဒ်မ ၅၀၅-က ကို အများဆုံးအသုံးချနေသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပါ ပုဒ်မအချို့ကိုလည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြင်ဆင်ခဲ့သည်။​

ဆက်သွယ်ရေးဥပဒေပါ အချက်များအနက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် သတင်းတု၊ သတင်းမှားဖြန့်ချိခြင်း၊ ကွန်ပျူတာ Malware များဖြန့်ချိခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်သည်ဟု ပြင်ဆင်ပြဋ္ဌာန်းသည်။

သို့သော် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၃၃ (က) ကို မူ မပြင်ဆင်ဘဲ မူလအတိုင်း ပြဋ္ဌာန်းသည်။ ပုဒ်မ ၃၃ (က) တွင် “နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း” ဟု ပြဋ္ဌာန်းထားသည်။

မြဝတီ၊ MRTV စသည့် ယန္တရားများ အသုံးပြုပြီး ဗိုလ်ချုပ်ကြီးတို့ ဝါဒဖြန့်မှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည့် ရန်ကုန်မြို့မှ ဆန္ဒပြသူများ

ဥပဒေပြုလွှတ်တော်၏ အတည်ပြုချက် ရယူလုပ်ဆောင်ခြင်းမရှိသဖြင့် စစ်ကောင်စီ၏ ဥပဒေပြင်ဆင်မှု၊ အမိန့်ထုတ်ပြန်မှုများ တရားမဝင်ဟု NUG ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ဝေဖန်သည်။

“ဘယ်လွှတ်တော်ကမှ အတည်ပြုထားခြင်းမရှိတဲ့ ဥပဒေတွေ၊ အမိန့်ကြော်ငြာချက်တွေဟာ တရားမဝင်ပါဘူး။ အစကတည်းက တရားမဝင်ဘဲ အာဏာရယူထားတဲ့ အကြမ်းဖက်အဖွဲ့ဖြစ်ပါတယ်” ဟု ၎င်းက စစ်ကောင်စီ၏ လုပ်ဆောင်ချက်များအပေါ် ဝေဖန်သည်။​

စစ်ကောင်စီကမူ ဥပဒေပုဒ်မများကို အလိုရှိသည့်အတိုင်း ပြင်ဆင်ခြင်းကို မရပ်မနားလုပ်ဆောင်ခဲ့သည်။ အာဏာသိမ်းပြီး ခြောက်လအကြာ ဩဂုတ် ၁ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ် ၅၂-က ကို ပုဒ်မခွဲတစ်ခု ထပ်တိုးခဲ့သည်။

မူလပြဋ္ဌာန်းချက်အရ ပုဒ်မခွဲတစ်ခုဖြစ်သော ၃ (ခ) တွင် ပုဒ်မခွဲငယ် ၁၆ မှ ၁၈ အထိသာ အကျုံးဝင်သော်လည်း စစ်ကောင်စီက ပုဒ်မခွဲငယ်တစ်ခု ထပ်ပေါင်းကာ ပုဒ်မခွဲငယ် ၁၅ မှ ၁၈ အထိ အကျုံးဝင်သည်ဟု ပြင်ဆင်သည်။

ပြင်ဆင်ချက်အရ အကြမ်းဖက်မှုတွင် ပါဝင်ရန် လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ အကြမ်းဖက်သူများကို ခိုလှုံခွင့်ပေးခြင်း၊ ဝှက်ထားခြင်း၊ အကြမ်းဖက်ရန် လေ့ကျင့်သင်တန်းပေးခြင်းတို့သည် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၅၂-ကနှင့် ငြိစွန်းလာသည်။​

တစ်ဖက်တွင်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကာအကွယ်ပြုရန် ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မအချို့ကို အာဏာသိမ်းပြီးစ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း၌ပင် ပယ်ဖျက်သည်။

ဝရမ်းမပါဘဲ စိတ်တိုင်းကျ ရှာဖွေဖမ်းဆီးနိုင်ရန်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကြားဖြတ်နားထောင်ခြင်း၊ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နိုင်ရန် ‘နိုင်လွတ်လုံ’ ဟု အတိုကောက်ခေါ်ဝေါ်သည့် ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး’ ဥပဒေပါ ပုဒ်မတချို့ကို ပယ်ဖျက်ခြင်းဖြစ်သည်။

နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေရာတွင် အသိသက်သေပါရန်၊ တရားရုံးခွင့်ပြုချက်မရှိဘဲ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရန်၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် ကြားဖြတ်စုံစမ်းစစ်ဆေးခြင်းများမပြုရန် ပြဋ္ဌာန်းထားသည့် နိုင်လွတ်လုံဥပဒေပါ ပုဒ်မ ၅၊ ၇ နှင့် ၉ တို့ကို ပယ်ဖျက်သည်။

အာဏာရှင် စစ်အစိုးရလက်အောက်တွင် နှစ်ပေါင်းများစွာ လူအများ ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည့် ဧည့်စာရင်းဥပဒေကို စစ်ကောင်စီက ပြန်လည်အသက်သွင်းသည်။ ဒီမိုကရေစီစံနှုန်းများနှင့် မည်သို့မျှ ကိုက်ညီခြင်းမရှိသော ထိုဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့သည်။

VPN သုံး ထောင်သုံးနှစ်ချမည့် ဆိုက်ဘာလုံခြုံရေးဥပဒေ

စစ်ကောင်စီသည် ဥပဒေသစ်တစ်ကို အရေးတကြီး အတည်ပြုပြဋ္ဌာန်းလိုလျက်ရှိသည်။ အမျိုးသားဆိုက်ဘာလုံခြုံရေးဥပဒေဖြစ်သည်။ ဆန့်ကျင်သူများကို ပိုမိုနှိပ်ကွပ်နိုင်ရန် အချက်များ ထည့်သွင်းရေးဆွဲထားသည့် ထိုဥပဒေကို အာဏာသိမ်းပြီး ရက်ပိုင်းအကြာကတည်းက အတည်ပြုလိုခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း ပထမအကြိမ်ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ပြီးနောက် စစ်ကောင်စီက ၎င်းတို့စိတ်ကြိုက် အချောသပ်ပြင်ဆင်ထားသည့် ထိုဥပဒေနှင့် ပတ်သက်၍ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ထပ်မံကြိုးစားလာသည်။

ထိုဥပဒေကြမ်းနှင့် ပတ်သက်၍ စစ်ကောင်စီက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို သဘောထားမှတ်ချက်တောင်းခံရာတွင် ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထား အကြောင်းပြန်ရန် အပူတပြင်းတောင်းဆိုထားသည်။​

ပထမအကြိမ်တွင် အခန်းပေါင်း ၁၇ ခန်းနှင့် ပုဒ်မပေါင်း ၈၉ ခုသာ ပါဝင်သော်လည်း ယခုတစ်ကြိမ် သဘောထားမှတ်ချက်တောင်းခံခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် အခန်းပေါင်း ၁၈ ခန်းအထိ တိုးကာ ပုဒ်မသည်လည်း အရေအတွက်အားဖြင့် ၁၁၅ အထိရှိသည်။​

စစ်ကောင်စီစိတ်ကြိုက် ပြင်ဆင်ထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပုဒ်မ ၉၀ မှာ အဆိုးဆုံးဖြစ်သည်ဟု ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်း ဦးနေဘုန်းလတ်က Myanmar Now ကို ပြောသည်။​

“ပုဒ်မ (၉၀) ပါ ပြဋ္ဌာန်းချက်ကတော့ မြန်မာနိုင်ငံအတွင်း အခုလက်ရှိ အင်တာနက်သုံးစွဲနေသူတွေအားလုံးကို အချိန်မရွေး ဖမ်းဆီးထောင်ချနိုင်အောင် ရည်ရွယ်ထားတဲ့ ပြဋ္ဌာန်းချက်ပါပဲ။ ဖုန်းထဲမှာ VPN လေးတွေခံပြီး သုံးနေရတဲ့ အခြေအနေဖြစ်တာကြောင့် ဒီပုဒ်မဟာ တစ်နိုင်ငံလုံးကို ထောင်နံရံခတ်လိုက်တာနဲ့ အလားသဏ္ဌာန်တူပါတယ်” ဟု ၎င်းက ပြောသည်။​

ထိုပုဒ်မတွင် “ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ Virtual Private Network (VPN) နည်းပညာ သို့မဟုတ် အလားတူနည်းပညာအသုံးပြု၍ ကွန်ရက်ထူထောင်ခြင်း၊ ကွန်ရက်ကို ဝင်ရောက်ချိတ်ဆက်ခြင်း၊ အသုံးပြုခြင်း” ပြုလုပ်ပါက ငွေဒဏ်အပါ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည်ဟု ရေးဆွဲထားသည်။

စစ်ကောင်စီက အင်တာနက်စာမျက်နှာများကို ယနေ့အချိန်ထိ ကန့်သတ်ပိတ်ပင်ထားရာ Facebook အသုံးပြုလိုသူများအနေဖြင့် VPN ခေါ် သီးသန့်ကွန်ရက်တစ်မျိုးကို မဖြစ်မနေ ထည့်သွင်းအသုံးပြုနေရသည်။

လွတ်လပ်စွာပြောဆိုရေးသားခွင့်အတွက် စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေမှာ နောက်ထပ်စစ်မျက်နှာတစ်ခုဖြစ်ကြောင်း Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“အတည်ပြုဖြစ်ခဲ့ရင် ဒီတရားမဝင်ဥပဒေက လူ့အသက်တွေကို အန္တရာယ်ကျရောက်စေမှာဖြစ်ပါတယ်။ စစ်တပ်က ဆက်သွယ်ရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေ တိုးမယ်။ စောင့်ကြည့်တာတွေ လုပ်မယ်” ဟု ၎င်းက ပြောလိုက်သည်။​

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button